၂ဝ၁၉ ခုနှစ် မိုးကြိုကာလ ဧပြီလနှင့် မေလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှု ၁၀၅ ကြိမ် ဖြစ်ပွားခဲ့ ပြီး၊ စုစုပေါင်း အိမ်ခြေ ၂၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။
လေပြင်းကြောင့် အိမ်ခြေ ၁၉၈ဝ လုံး ထိခိုက်ခဲ့သည့် အနက် အိမ်ခြေ ၃၀၀ ကျော် ပြိုကျ ပျက်စီးခဲ့ပြီး အိမ်ခြေ ၁၆၀၀ ကျော်မှာ တစိတ် တပိုင်း ပျက်စီးခဲ့ကြောင်း၊ လေပြင်းဒဏ်ကြောင့် လူပေါင်း ၇၉၁၁ ဦး လေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရ ကြောင်း သိရသည်။
“ဧရာဝတီတိုင်းမှာ ဖြစ်ပွားတဲ့ သဘာဝဘေးတွေထဲမှာ လေဘေးက ထိခိုက်မှု အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ လေပြင်း တိုက် မှုတွေဟာ မိုးကြိုကာလ ဖြစ်တဲ့ ဧပြီလနဲ့ မေလအတွင်းမှာ အများဆုံးဖြစ်ပွားပြီးတော့ လေပြင်း တိုက်ခတ်မှုအများဆုံးနဲ့ ထိခိုက်မှု အများဆုံး ဖြစ်တာက ဟင်္သာတခရိုင် ဖြစ်ပါတယ်”ဟု ယင်း ဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဧရာဝတီကို ပြောသည်။
လေဘေးကြောင့် ဟင်္သာတခရိုင်တွင် အိမ်ခြေအများဆုံး ထိခိုက် ပျက်စီးခဲ့ရပြီး မအူပင်ခရိုင်တွင် ဒုတိယ အများဆုံး ထိခိုက်ပျက်စီးခဲ့ကာ ပုသိမ်ခရိုင်မှာ တတိယ အများဆုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခတ်မှု ၁၂၃ ကြိမ် ဖြစ်ပွားရာ နေအိမ်ပေါင်း ၁၂၀၉ လုံး ပြိုကျ ပျက်စီးခဲ့ကာ နေအိမ် ၈၂၆၀ မှာ တစိတ်တပိုင်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ ထိခိုက်မှုကြောင့် အိမ်ထောင်စုပေါင်း ၉၂၆ဝ မှ လူပေါင်း ၃၇၉၅၃ ဦး လေဘေးဒုက္ခ ခံစားခဲ့ရသည်။
အချက်အလက်များ နှိုင်းယှဉ်ချက်များအရ လက်ရှိ ၂၀၁၉ ခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် နေအိမ် အရေအတွက်နှင့် လေဘေးဒုက္ခခံစားရသူ အရေအတွက်မှာ ၂၀၁၈ ခုနှစ်ကထက် ၈ဝ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ ကြောင်း သိရသည်။
“ဒီနှစ်က လေပြင်းတိုက်တဲ့ အရေအတွက် လျော့ကျခဲ့တာရယ်၊ ကျနော်တို့ဌာနအနေနဲ့ မိုးကြိုကာလ မတိုင်မီမှာ ကျေးရွာတွေက ကြံ့ခိုင်မှု အားနည်းတဲ့အိမ်ပေါင်း ၂၂ဝဝ ကို ဝါး၊ ဓနိတွေ ထောက်ပံ့ပြီးတော့ ပြင်ပေးရင်း ရွာတွေမှာ ပညာပေးမှုတွေ ဆောင်ရွက်ခဲ့တာတွေကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးမှု ကျဆင်းခဲ့တာ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန အနေဖြင့် လဲပြိုသွားသည့် ပျဉ်ထောင်သွပ်မိုးအိမ်များ အတွက် အိမ်ပြင်ခ ငွေကျပ် ၂ သိန်းနှင့် တပတ်စာ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုး၊ ဝါးဓနိအိမ်များအား ငွေကျပ် ၁ သိန်း၊ တပတ်စာ ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး နှင့် အမိုးလန်သွားသည့် အိမ်များအတွက် ငွေကျပ် ၁ သောင်းမှ ၉ သောင်းအထိနှင့် တပတ်စာ ဆန်ရိက္ခာ တို့ကို ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်းတွင် H1N1 ကြောင့် ၅ ဦး သေဆုံး
ပဲခူးတိုင်း ညောင်လေးပင်တွင် လေပြင်းတိုက်၊ အိမ်ခြေ ၈၀ ကျော် ပျက်စီး