ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဆေးရွက်ပါသည့် ကွမ်းယာသုံးစွဲမှု ထိန်းချုပ် လျှော့ချရန် ထိရောက်သည့် မူဝါဒချမှတ် အကောင်အထည်ဖော်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဇူလိုင်လ ၃၁ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
ယင်းသို့ အတည်ပြုလိုက်ခြင်းကြောင့် အဓိက တာဝန်ရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မူဝါဒ ရေးဆွဲ ကာ အကောင်အထည်ဖော်ရတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက တင်သွင်းခဲ့ခြင်းပြီး ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အတည်ပြုရန် ထောက်ခံ ခဲ့သည်။
ဒေါက်တာ မြင့်ထွေးက“ကျနော် အဘက်ဘက်က သုံးသပ်ပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိတ် ကျန်းမာ ရေး လူ့ကျင့်ဝတ် ရှုထောင့်၊ ပြည်သူ့ ကျန်းမာရေး ကျင့်ဝတ်ရှုထောင့်၊ ကျန်းမာရေး ဆိုင်ရာ အသုံးစရိတ် ရှုထောင့်တွေက ကြည့် မယ်ဆိုရင် ဒီမူဝါဒထွက်မယ် ဆိုရင် တိုင်းပြည်အတွက် အကျိုးရှိပြီး ပြည်သူများဟာ ကျန်းမာသော ပြည်သူများ ဖြစ်လာမယ် ဆိုတာကို သုံးသပ်ရတဲ့အတွက် အဆိုကို ထောက်ခံပါတယ်”ဟု ဆိုသည်။
အဆိုတင်သွင်းသူ ဦးခင်ချိုက ပြည်သူများကြား ဆေးလိပ်၊ ကွမ်းယာ စားသုံးမှု အလွန်မြင့်တက်နေခြင်းနှင့် ယင်းသို့ သုံးစွဲ ခြင်းကြောင့် ရောဂါအန္တရာယ်များ ရရှိလာခြင်းမှ ပြည်သူလူထုကို ကာကွယ်လို၍ တင်သွင်းရဖြစ်ကြောင်း ပြောကြား သည်။
ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိခြင်း၊ ဝင်ငွေကို ထိခိုက်စေခြင်းအပြင် လျှာကင်ဆာ၊ သွားဖုံးကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် သွေးကြောပိတ် ရောဂါများ ရရှိနိုင်ကြောင်း၊ ရောဂါကို ဆေးကုသရခြင်းကြောင့် မိသားစုနှင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း ဦးခင်ချိုက ပြောဆိုခဲ့သည်။
၎င်းက“ကွမ်းယာနဲ့ ဆေးလိပ် ကုန်စည်ဟာ လူသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်အမျိုးအစား မဟုတ်ဘဲ တကယ့်ကို အန္တရာယ်ကြီးမားတဲ့ တရားဝင် ရောင်းချခွင့်ရနေတဲ့ ကုန်စည်ဖြစ်နေတာတွေ့ရပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် အထိ ၁၅ နှစ်အတွင်း စီးကရက် သုံးစွဲမှု ၅ ဆကျော် မြင့်တက်လာပြီး ယင်းသို့ တိုးလာမှုသည် အာဆီယံရှိ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် စင်္ကာပူနိုင်ငံများထက် မြင့်မားကြောင်းလည်း အဆိုရှင်က ပြောဆိုထားသည်။
အဆိုအား ထောက်ခံဆွေးနွေးသူ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ စိန်မြအေးကလည်း ကွမ်းယာစားသုံးမှုသည် သိသာ စွာ မြင့်တက်လာ၍ စိုးရိမ်ဖွယ်ဖြစ်လာကြောင်း ပြောသည်။
“၂၀၁၄ ခုနှစ်မှာ ကွမ်းယာ စားသုံးမှုအတွက် မြန်မာနိုင်ငံသားများက အာဆီယံနိုင်ငံတွေထဲ နံပါတ် ၁ ဗိုလ်စွဲခဲ့ပါတယ်။ စာရင်းများအရ အမျိုးသား ၃ ယောက်မှာ၂ ယောက်၊ အမျိုးသမီး ၄ ယောက်မှာ ၁ ယောက် ကွမ်းယာ စားသုံးခဲ့ပြီး ၂၀၀၉ ခုနှစ်ကထက် ငါးနှစ်အတွင်း သိသာစွာ တိုးမြင့်လာခဲ့ပါတယ်။ အားကစားမှာ ဂုဏ်မယူနိုင်ပေမယ့် ကွမ်းယာ စားရာမှာ တော့ မြန်မာက ထိပ်တန်းဖြစ်လာတာဟာ နိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်”ဟု ဒေါက်တာ စိန်မြအေးက ဆိုသည်။
ထို့အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာ သုံးစွဲမှု လျှော့ချရန် မူဝါဒချမှတ်ရာတွင် ထိန်းချုပ်ရေး မူဝါဒများကို လေ့လာစောင့်ကြည့်ခြင်း၊ အများပြည်သူများအား ကွမ်းယာနှင့် ဆေးလိပ်ငွေ့ အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုမှ စွန့်လွှတ်နိုင်ရန် ကူညီပေးခြင်း၊ ကွမ်းယာ ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှု အန္တရာယ် ကို သတိပေးခြင်း၊ အသိပညာပေးခြင်း၊ အသိပညာပေးရာ၌ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက် စေခြင်း၊ ဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ ကွမ်းယာနှင့် ဆေးလိပ် ဆေးရွက်ကြီးများ အပေါ် အခွန် တိုးမြှင့်ကောက်ခံခြင်း တို့ကို တာဝန်ရှိသူများက ပြုလုပ်ပေးသင့်ကြောင်းလည်း ၎င်းက အကြံပြုတင်ပြခဲ့ သည်။
ဒေါက်တာ မြင့်ထွေးက အဆိုပါ ထိန်းချုပ်ရေး မူဝါဒ ရေးဆွဲရာတွင် ကျွမ်းကျင်သည့် ပါရဂူများ၊ ပြည်သူ့ ကျန်းမာရေး ပါရဂူ၊ ကပ်ရောဂါ ဗေဒ ပါရဂူ၊ လူမှုရေးရာ ကျွမ်းကျင်သူများ၊ ဆေးပညာရှင်များနှင့် သုတေသန ပညာရှင်များဖြင့် ပူးပေါင်း ရေးဆွဲ သွားမည်ဟု ဆိုသည်။
ယင်းမူဝါဒကို ရေးဆွဲပြီးပါက မူဝါဒနှင့် ကိုက်ညီမှုရှိစေရန် ၂၀၀၆ ခုနှစ်က ရေးဆွဲထားသော ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို လိုအပ်သလို ပြင်ဆင် သွားမည်ဟုလည်း ပြောကြားသွားသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီး ပစ္စည်း စားသုံးမှုကြောင့် ကမ္ဘာတွင် နှစ်စဉ် လူ ၇ သန်းခန့် သေဆုံးနေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ အချက်များကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
You may also like these stories:
လူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းယာ ပိုမိုသုံးစွဲလာမှု အဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် ပြော
ဆေးလိပ်သောက်ခြင်းကို ဥပဒေထုတ်ပြီး တားမြစ်ထားတဲ့ နိုင်ငံများ
မြန်မာ့လူငယ် ၉၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေး ပြဿနာ စိုးရိမ်ပူပန်မှု ရှိဟု ဆို