အိန္ဒိယ - မြန်မာ စစ်ဘက်ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်နေ
အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းအပါအဝင် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MOU) တစောင်ကို တနင်္လာနေ့က လက်မှတ် ရေးထိုးခြင်း အားဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုက်သည်ဟု အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တစောင်အရ သိရသည်။
ထို နားလည်မှု စာချွန်လွှာကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယသို့ သွားရောက်စဉ် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရှရီပက်ဒ် ယက်ဆိုနိုက်ခ်နှင့် နယူးဒေလီတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးနောက် ထိုသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ထိုအစည်းအဝေးသည် နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပူးတွဲစစ်ရေး လေ့ကျင့်မှုများနှင့် မြန်မာ့တပ်မတော်သို့ ပို့ချနေသည့် သင်တန်းများကို ပြန်လည် သုံးသပ်ရေး၊ ပူးတွဲ ထောက်လှမ်းခြင်းဖြင့် ရေကြောင်း လုံခြုံမှု တောင့်တင်းကြံ့ခိုင်ရေးနှင့် စွမ်းရည် တည်ဆောက်ရေး၊ ဆေးဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု တုန့်ပြန်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အခြေခံ အဆောက်အအုံများ ပူးတွဲ တည်ဆောက်ရေးတို့ ပါဝင်သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လတ်တလောတွင် အိန္ဒိယလေတပ် အကြီးအကဲ ဘာရင်ဒါ ဆင်း ဒါနိုအာ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ၉ ရက်ကြာ သွားရောက်နေသည်။ မြန်မာ လက်နက်ကိုင်တပ်များ စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ထပ်မံကူညီရန် သူ၏ရုံးက မြန်မာ့တပ်မတော် အကြီးအကဲကို အာမခံကြောင်း အွန်လိုင်း ကြေညာချက်တခုတွင် သူ၏ရုံးက ဖော်ပြသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့် နယ်စပ်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် မြန်မာတပ်များ စွမ်းဆောင်ရည် မြင့်မားအောင် နည်းပညာ အကူအညီပေးခြင်း အတွက် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်ဟု ထိုကြေညာချက်က ဆိုသည်။
နှစ်ဖက်တို့သည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
မကြာသေးမီ လများအတွင်း အိန္ဒိယနှင့် မြန်မာတို့သည် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံစလုံးကို ထိခိုက်သော လက်နက်ကိုင် အုပ်စုများကို ပစ်မှတ်ထားသော အရုဏ်တက် (Sunrise) အမည်ရှိ ပူးတွဲစစ်ဆင်ရေး အဆင့်နှစ်ခု ပြုလုပ်ခဲ့သည်ဟု အိန္ဒိယ သတင်းစာများက ဖော်ပြသည်။
ထိုစစ်ဆင်ရေး၏ ပထမအဆင့်ကို ဖေဖော်ဝါရီလက စတင်ခဲ့ပြီး မြန်မာနှင့် အိန္ဒိယ မီဇိုရမ်ပြည်နယ် နယ်စပ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စခန်းအများအပြားကို ဖျက်ဆီးခဲ့သည်။ နှစ်နိုင်ငံ ချိန်ကိုက် တိုက်ခိုက်သည့် ပြင်းထန်သော စစ်ဆင်ရေးများကြောင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၏ ခက်ပလန် နာဂ လက်နက်ကိုင် အုပ်စုသည် အကျအဆုံးများပြီး ၎င်းတို့၏ စစ်ကိုင်းတိုင်း တာဂါမှ စခန်းများကို ပိတ်လိုက်ရသည်။
“မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အရှေ့အာရှ နိုင်ငံများနှင့် ဆက်ဆံရေးကို ဦးစားပေးသည့် အရှေ့ဘက်သို့ မျက်နှာမူသော မူဝါဒတွင် အဓိက မဏ္ဍိုင်ဖြစ်သည်။ အိန္ဒိယသည် မကြာသေးမီ နှစ်များအတွင်း မြန်မာနိုင်ငံနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မှန်မှန်မြှင့်တင်နေသည်” ဟု ထိုကြေညာချက်က ဆိုသည်။
အိန္ဒိယသည် ၎င်း၏ဒေသတွင်း အင်အားကြီးနိုင်ငံ အခန်းကဏ္ဍကို တောင့်တင်းစေရန်နှင့် တရုတ်နိုင်ငံ၏ ဒေသတွင်း သြဇာ ကြီးထွားလာခြင်းကို ချိန်ခွင်လျှာ ညှိရန် အရှေ့ဘက်သို့ မျက်နှာမူသော မူဝါဒကို ၁၉၉၁ ခုနှစ်က ချမှတ်ခဲ့သည်။ ဝန်ကြီးချုပ် မိုဒီသည် ထိုမူဝါဒကို တဆင့်မြှင့်တင်လိုက်ပြီး အရှေ့ဘက်သို့ ဦးတည် ဆောင်ရွက်ရေး မူဝါဒအဖြစ် အမည် ပြန်လည် ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယအကြား အရေးပါသော ကြားခံနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားသော ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) တွင်လည်း အရေးပါသော အခန်းမှ ပါဝင်သည်။ တရုတ် နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရေနက် ဆိပ်ကမ်း တည်ဆောက်နေသောကြောင့် အိန္ဒိယနှင့် မြန်မာအကြား ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံအတွက် အဓိက ကျသည်။ ထို ရေနက် ဆိပ်ကမ်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ လမ်းကြောင်း ပေါက်စေပြီး ရေနံသွင်းကုန်များ မလက္ကာ ရေလက်ကြားကို မဖြတ်သန်းဘဲ သယ်ဆောင်နိုင် စေသည်။
နယူးဒေလီသည် ၎င်း၏ ကုန်းတွင်းပိတ် ပြည်နယ်မျာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တဆင့် ကြားခံ စခန်းရရှိစေရန် ကြိုးစားလျှက် ရှိသည်။ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အိန္ဒိယ အရှေ့ပိုင်း ပင်လယ်ဆိပ်ကမ်း ကာလ်ကတ္တားနှင့် ကုန်းတွင်းပိတ် မီဇိုရမ် အရှေ့မြောက် ပြည်နယ်ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များမှ တဆင့် ဆက်သွယ်မည့် အဝေးပြေး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနှင့် ပင်လယ်လမ်းကြောင်းများ ဖွင့်ပေးမည်ဟု မျှော်လင့်ရသည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် အရှေ့ဘက်သို့ ဦးတည် လုပ်ဆောင်ရေး မူဝါဒ၏ အဓိက အစိတ်အပိုင်းဖြစ်ပြီး သဘောတူညီချက် တစောင်ကို ၂၀၀၈ ခုနှစ်က လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံတွင် ထိုအချိတ်အဆက်သည် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနှင့် ချင်းပြည်နယ် ပလက်ဝကို ကုလားတန်မြစ်မှ ဆက်သွယ်ပေးပြီး ပလက်ဝမှ မီဇိုရမ်သို့ ကားလမ်းဖြင့် ဆက်သွယ်သည်။
ထိုစီမံကိန်းတွင် မြန်မာနိုင်ငံ ကုလားတန်မြစ်တွင် စစ်တွေမှ ပလက်ဝအထိ ရေလမ်း ၁၅၈ ကီလိုမီတာ (၉၈ မိုင်) နှင့် ပလက်ဝမှ အိန္ဒိယ မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပူရီအထိ အိန္ဒိယ – မြန်မာနယ်စပ် ကုန်းလမ်း ၁၀၉ ကီလိုမီတာ ပါဝင်သည်။
ထိုစီမံကိန်းသည် ကာလ်ကတ္တားမှ စစ်တွေအထိ ခရီးအကွာအဝေးကိုလည်း ရေလမ်းကြောင်းသုံးပြီး ၁၃၂၈ ကီလိုမီတာ လျှောချရန် ရည်ရွယ်ပြီး Chicken’s Neck ခေါ် ကျဉ်းမြောင်းသော စီလီဂူရီ စြင်္ကန်မှ ကုန်စည် သယ်ဆောင်ခြင်းထက် ၃ ရက်မှ ၄ ရက်အထိ အချိန်ကုန် သက်သာစေမည် ဖြစ်သည်။
လူမှုအခြေပြု အဖွဲ့အစည်းများ အဖွဲ့ဖြစ်သော ကုလားတန် လှုပ်ရှားမှုအဖွဲ့၏ အဆိုအရ ကုလားတန် စီမံကိန်းသည် အိန္ဒိယ၊ မြန်မာနှင့် အရှေ့တောင်အာရှသို့ စီးပွားရေး အချိတ်အဆက် တိုးမြှင့်နိုင်မည်ဟု အိန္ဒိယ အစိုးရက မျှော်လင့်နေကြောင်း သိရသည်။
သူ၏ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်များ လိုက်ပါသွားပြီး အိန္ဒိယ စစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ၊ လေတပ်အကြီးအကဲ၊ လေတပ်ဗိုလ်ချုပ် ဘီအက်စ် ဒါနိုအာ၊ ကြည်းတပ်ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ်နှင့် ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ကရာဘာ ဆင်း တို့နှင့်လည်း တွေ့သည်။
(Nan Lwin ၏ India, Myanmar Strengthen Military Ties ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ
အိန္ဒိယက မြန်မာသို့ ရေငုပ်သင်္ဘော လွှဲအပ်ရန် အသင့်ဖြစ်နေ
အိန္ဒိယ- မြန်မာ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး