ပြစ်မှုကျူးလွန်သူများကို နှိမ်နင်းမှု ဆက်လက်ရှိနေသော်လည်း အရှေ့တောင်အာရှသည် တရားမဝင် တောရိုင်း တိရစ္ဆာန်နှင့် သစ်ကုန်ကူးမှုတို့၏ အချက်အချာကျသည့် ဆုံချက်အဖြစ် ပိုမိုထင်ရှားလာကြောင်း ယခုလ အစော ပိုင်းက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတစောင်က ဆိုသည်။
ဒေသတွင်း တရားမဝင် ကုန်ကူးမှုမှာ ကွင်းဆက်မှာ အာဖရိကတိုက်နှင့် အရှေ့အာရှ ဈေးကွက်များသို့ ချိတ် ဆက်ထားကြောင်း အဆိုပါ အစီရင်ခံစာအရ သိရသည်။
ယင်း အစီရင်ခံစာကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံးမှ ထုတ်ပြန်ခြင်းဖြစ်ပြီး “အရှေ့တောင်အာရှ နိုင်ငံဖြတ်ကျော် မှုခင်း ဆင့်ကဲဖြစ်ပေါ်ခြင်း၊ ကြီးထွားခြင်းနှင့် သက်ရောက်မှု” ဟု အမည်ပေးထားသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့၌ တရားမဝင် တောရိုင်းတိရစ္ဆာန် ခိုးထုတ်မှုဖြင့် အဓိက ဖမ်းဆီး အရေးယူများမှာ စင်ကာပူနိုင်ငံတွင် ဖမ်းဆီးရမိသော ဗီယက်နမ်မှ သင်းခွေချပ် (Pangolin) အကြေးခွံ ၁၂ ဒသမ ၇ တန်နှင့် ဆင်စွယ် ၁၈၀ ကီလိုဂရမ်၊ ဗီယက်နမ်တွင် ဖမ်းဆီးရမိသော အာဖရိကမှ ဆင်စွယ် ၉ ဒသမ ၁ တန်၊ ဟောင်ကောင်တွင် ဖမ်းဆီးရမိသော ဒေါ်လာတသန်း တန်ဖိုးရှိ ကြံ့ချို ၁၄ ခု (အလေးချိန် ၄၀ ဂရမ်)၊ မလေးရှားနိုင်ငံတွင် သင်းခွေချပ် တန် ၃၀ တို့ ဖြစ်ကြသည်။
အာရှတွင် တရားမဝင် တောရိုင်းတိရစ္ဆာန် ဈေးကွက် ပိုမိုကြီးထွားလာစေရန် တွန်းအားပေးသော အခြား အချက် နှစ်ချက်မှာ ဝင်ငွေတက်လာခြင်းကြောင့် ရှားပါး တောရိုင်းထွက်ကုန်များကို အမြတ်တနိုး အလှပြရန်နှင့် ဆေးဝါး ဖော်စပ်ရန်တို့ဖြစ်သည်။
နိုင်ငံတကာ ကုန်ကူးမှု အနေဖြင့် ပြီးခဲ့သည့်ဆယ်စုနှစ် အတွင်း သင်းခွေချပ် တသန်းကျော် သတ်ဖြတ် ခံခဲ့ရ ကြောင်း နမူနာအားဖြင့် အဆိုပါ အစီရင်ခံစာတွင် ပြထားသည်။
“တရုတ်နဲ့ ဗီယက်နမ်တို့က ထွက်တဲ့ သင်းခွေချပ်များကို နိုင်ငံတကာတွင် ကုန်ကူးမှု ပိုများလာအောင် တွန်းအား ပေးသည့် အချက်တွေထဲမှာ သူတို့အကြေးခွံတွေကို တိုင်းရင်းဆေးဝါးဖော်စပ်ရန်နှင့် သူတို့အသားကို ဇိမ်ခံစား ရန် အတွက် ဖြစကြောင်” အစီရင်ခံစာတွင် ရေးသားထားသည်။
တရားမဝင် သစ်ကုန်ကူးမှုအနေဖြင့် အဆိုပါအစီရင်ခံစာတွင် “အရှေ့တောင်အာရှတွင် တရားမဝင် သစ်ခိုး ကုန်ကူးမှု အများဆုံးဖြစ်ကြောင်း တွေ့ရသည်” ဟု ဖော်ပြထားသည်။ ယင်းသို့ ဥပဒေမဲ့ ထုတ်ကုန်များ၏ ဇစ်မြစ်ကို ဖုံးကွယ်ရန်အတွက် တရားဝင် ရပ်တည်နေသော စီးပွားရေးလုပ်ငန်းများက လိမ်လည်ခြင်း (သို့မဟုတ်) အကျင့်ပျက်ခြင်း စသည့် နည်းလမ်းများသုံး၍ လုပ်ကိုင်နေကြကြောင်း သိရသည်။
“အကျင့်ပျက် ခြစားမှုကတော့ ဥပဒေမဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သစ်ကုန်ကူးမှုတို့ရဲ့ အဓိက အကြောင်းတရားပါပဲ။ လာဘ်ပေးလာဘ်ယူမှုနဲ့ စာရွက်စာတမ်း အတုအယောင်တွေ သုံးပြီးတော့ အချက်အလက်တွေနဲ့ ထွက်ကုန် တွေရဲ့ မူလဇစ်မြစ်တွေကို အများအားဖြင့် ဖုံးကွယ် ထားလေ့ရှိပါတယ်။ အဲဒီ နည်းလမ်းတွေနဲ့ တောရိုင်း တိရစ္ဆာန်နဲ့သစ်တွေကို အဆင်ပြေ ချောမွေ့စွာ တင်ပို့နေကြတာပါ” ဟု အစီရင်ခံစာက ဆိုသည်။
အရှေ့တောင်အာရှနှင့် ထိစပ်နေသည့် တရုတ်နိုင်ငံအတွက်လည်း ရှားပါး၍ အနံ့သင်းသည့် သစ်နက်တမျိုး Rosewood မှာ အစာစားချင်စိတ် ဖြစ်ပေါ်စေသည့် အာနိသင်ရှိ၍ ကမ္ဘာပေါ်တွင် ကုန်ကူးအခံရဆုံး သစ်မျိုးစိတ် ဖြစ်လာခဲ့သည်။ ထိုင်းမျိုးစိတ် ဖြစ်သည့် Rosewood (Dalbergia cochinchinensis) or Payung သည် ကမ္ဘောဒီးယားနိုင်ငံ၊ လာအို၊ ထိုင်းနိုင်ငံတို့မှ ထွက်ရှိပြီး တရုတ်နိုင်ငံတွင် ဇိမ်ခံ ပရိဘောဂပြုလုပ်ရန် ဈေးကောင်း ရနေသည်။ ထိုင်းနိုင်ငံရောက် မြန်မာ့ Rosewood များမှာလည်း ဝယ်လိုအား တက်လာနေသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် သစ်ထုတ်သူများနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့သည့် တောခေါင်း ၅၀ နှင့်အထက်မှာ သတ်ဖြတ်ခံရပြီး အခြားတောခေါင်း ၅၀ မှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း အကြမ်းဖျဉ်း ခန့်မှန်းထားသည်ဟု အဆိုပါ အစီရင်ခံစာတွင် တွေ့ရသည်။