ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါးချက်စက်ရုံနှင့် လူနေတဲ ၉၆ လုံးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့် အကွာ ချောင်းဆုံနေရာ ဝန်းကျင်တဝိုက်မှာ ချက်လုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ သွားရောက် ရှာဖွေ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်က မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာ ဦးကျောက်တဲ့ယုန် နေအိမ်နှင့် ဂိုဒေါင်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိပြီးနောက် တရားခံ နှစ်ဦး၏ ဖော်ထုတ်ချက်အရ ယခုကဲ့သို့ ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ တာဝန်ရှိသည့် အဖွဲ့အစည်းများ ဖြစ်သည့် တပ်မတော် သတင်းမှန် ပြန်ကြား ရေးအဖွဲ့နှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဇော်ခင်အောင်ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
တပ်မတော် ထုတ်ပြန်ချက်တွင် လူနေတဲနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် တဲ ၉၆လုံးမှနေ၍ ၅ ဂါလန်ဆံ့ အက်စစ်ပုံး ၂၂၆၂ ပုံး၊ ၁၀ ဂါလန်ဆံ့ အက်စစ်ပုံး ၃၅၆ ပုံး၊ ဂါလန် ၅၀ဆံ့ အက်စစ်ပုံး ၁၉၅ ပုံး၊ အက်စစ် သံပီပါ ၄၇၈ လုံး၊ အက်စစ်ပုလင်း ၅၂၈၀၊ အိတ်(အညို) Washing Soda ၉၀ အိတ်၊ အရိုး မီးသွေးအိတ် ၂၀ အိတ်၊ အဖြူရောင်အမှု့(ဆိုဒီယမ် အိတ်ဇော ဒိုက်) ၁၂၂၀ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ် ဆာလဖိတ်)၅၀ အိတ်၊ ပန်းရောင်ဆေးပြား (WY+88) အရော ၉၀၀၀ ပြား၊ အိုက်စ် ၇၅၀ ကီလို(စုစုပေါင်း ဒေသ တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်) သိမ်းဆည်းရမိကြောင်း ပါရှိသည်။
ထို့ပြင် ဘူဒိုဇာ ၁ စီး၊ တိုယိုတာ ဟိုင်းလတ်ယာဉ် ၁ စီး၊ ဂက်စ်အိုးရှည် ၁၁၄၄ လုံး၊ မီးဖိုဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်း ချောင်/ပေါင်းအို ၉၅ လုံး၊ မီးစက်(အကြီး) ၆ လုံး၊ ရေခဲသေတ္တာ ၃၀ လုံး၊ ဒိဖရီဇာ ၇ လုံး၊ အဝတ် လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီး ပန်း ၄၀ ချပ်၊ စတီးမွှေစက် ၈ လုံး၊ ဆေးပြာမှုန့်(အဖြူ/အနီ) ၁၈ ဖာ၊ ဆေးပြားရိုက်စက် ၅ လုံး၊ ကတ္တား ၆ ခု၊ ဇလားမျိုးစုံ ၄၈၄ လုံး၊ ဇလုံမျိုးစုံ ၂၀၅ လုံး၊ အခြောက်ခံစက် ၆ လုံး၊ လက်ဖက်ခြောက်အိတ်ခွံ ၁၈၀၀ အိတ်နှင့် ဆက်စပ် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ဆိုထားသည်။
အထက်ပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် ပစ္စည်းများအား ကွတ်ခိုင်မြို့မရဲစခန်းသို့ ပို့ဆောင်၍ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ပြောထားသည်။
You may also like these stories:
ဆေးခြောက်လျှော် စိုက်ခင်းအမှုမှ အမေရိကန်နိုင်ငံသား အာမခံရ
တာချီလိတ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိ မူးယစ်ဆေး နှင့် လက်နက်များ တပ်မတော် ဝင်ဖမ်း
ပုလောမြို့နယ် မလိကျွန်းအနီး မျောပါနေသည့် ICE မူးယစ်ဆေးများ ပိုင်ရှင်မဲ့တွေ့ရှိ
ကြက်သွန်ဥဖြင့် ခိုးသွင်းသည့် မူးယစ်ဆေးများ မြောင်းမြထောင်တွင် ဖမ်းမိ