ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က) ရပ်ကွက်ရှိ စစ်ကိုင်းစာသင်တိုက်မှ ဘုန်းကြီး ကျောင်းသားအား လည်လှီးသတ်ဖြတ်ခဲ့သည့် သံဃာတပါးကို ဇူလိုင် ၃၁ ရက်နေ့က ဖမ်းဆီး အရေး ယူထားကြောင်း သုဝဏ္ဍမြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းစာသင်တိုက်နေ ဘုန်းကြီးကျောင်းသား ဖြစ်သူ အသက် ၂၅ နှစ် အရွယ်ရှိ ဖိုးအေးဆိုသူမှာ လည်ပင်းယာဘက်တွင် ၈ လက်မခန့်ရှိ ဓားဒဏ်ရာဖြင့် ကျောင်းတွင်း လဲကျနေသဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း၊ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စုံစမ်းစစ်ဆေးရာ သတ်သူမှာ အသက် ၂၄ နှစ် အရွယ်ရှိ ဦးပညာသီရိ (ခ) ကိုဖြိုးဆိုသူဖြစ်ပြီး သားငါးလှီးရာတွင် အသုံးပြုသည့် ဓားဖြင့် လည်ပင်းအား လှီးကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ စစ်ဆေးချက်အရ သိရသည်။
“ကျနော်တို့စစ်ဆေးချက်အရ ဦးပညာသီရိ လုပ်တာပေါ့။ သူ ဓားနဲ့လှီးလိုက်တာလို့ ပြောတယ်။ ဒါကြောင့် အမှုဖွင့် အရေးယူလိုက်တာဖြစ်တယ်”ဟု သုဝဏ္ဍမြို့မ ရဲစခန်းမှူး ရဲအုပ် အုန်းကျော်မင်းက ဧရာဝတီ သို့ ပြောသည်။
သေဆုံးသူ ဖိုးအေးသည် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်၊ ဥသျှစ်ကြီးကျေးရွာအုပ်စုရှိ ရွှေတွင်း ကုန်းရွာတွင် နေထိုင်သူဖြစ်ပြီး မိသားစုဝင်များ မရှိတော့ကြောင်း၊ ဦးသုစိန္ဒဘွဲ့အမည်ဖြင့် ဘုန်းကြီး ဝတ်ခဲ့ကာ လိင်စိတ်ကွဲပြားနေသည့် ဦးပညာသီရိ (ခ) ကိုဖြိုးနှင့် ကျောင်းတိုက် တခုတည်း အတူနေကာ ဓမ္မစရိယတန်းကို အတူဖြေဆိုခဲ့ပြီးနောက် ဖိုအေးသည် လွန်ခဲ့သည့် ၄ နှစ်က လူထွက်ပြီးနောက် ရွာသို့ပြန်ကာ မိန်းမယူခဲ့ကြောင်း သိရသည်။
ထိုကိစ္စအပေါ် ဦးပညာသီရိ က မကျေမနပ်ဖြစ်၍ ထိုနောက် ရန်ကုန်တွင် အလုပ်ရှာပေးမည်ဟု ဖြားယောင်းကာ ဇူလိုင်လအတွင်းက ပြန်လည်ခေါ်သဖြင့် ကျောင်းတိုက်သို့ ဘုန်းကြီးကျောင်းသား အဖြစ် ပြန်လည် ရောက်ရှိလာ ခဲ့ကြောင်း၊ ဇူလိုင် ၃၀ ရက်နေ့ညက ဦးပညာသီရိက ၎င်း၏ အိပ်ယာအတွင်း ဝင်ရောက်ကာ ဓားဖြင့် လှီး၍ သတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သိရသည်။
သေဆုံးသူ ဖိုးအေးမှာ မိဘမရှိတော့သဖြင့် ၎င်းအားသတ်သွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် သုဝဏ္ဍရဲစခန်းမှူး ရဲအုပ် အုန်းကျော်မင်းက တရားလို ပြုလုပ်၍ တိုင်ကြားခဲ့သဖြင့် ဦးပညာသီရိ (ခ) ကိုဖြိုး (ဓမ္မစရိယ) ကို လူဝတ်လဲကာ လူသတ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်- မြန်အောင်တွင် ဘုန်းကြီး အချင်းချင်း ဓားခုတ်မှုကြောင့် တပါး ပျံလွန်