ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိ ဘုရားကြီး အနီးတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ဒေသခံ ရွာသား ၁ ဦး ပစ်ခတ်ခံရ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဇူလိုင်လ ၃၁ ရက်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး မဟာမုနိ ကျေးရွာတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန် ဆောင် အမျိုးသမီးဖြစ်သူ မအေးအေးမြင့်နှင့် သရက်တပင်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ် အရွယ် ကိုကျော်သက်ထွန်းတို့ ဖြစ်ကြောင်း သိရသည်။
ကိုကျော်သက်ထွန်းသည် ဆိုင်ကယ်ဖြင့် သွားရောက်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး မအေးအေးမြင့်က နေအိမ်တွင် ထမင်း စားရန် ပြင်ဆင်နေစဉ် ကျည်ဆန် ထိမှန်ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။
ကိုကျော်သက်ထွန်း၏ ဖခင်ဖြစ်သူ ဦးမောင်ဖြူက“ကျနော့်သားက မဟာမြတ်မုနိဘုရားမှာ ဂေါပက ဥက္ကဋ္ဌ လုပ်တဲ့ သူ့ အဘိုး ဦးညိုသာလှကို အဝတ်အစားနဲ့ ဆေးဝါးတွေ သွားပို့ပြီး ဆိုင်ကယ်နဲ့ ပြန်လာတာ။ ဘုရား အနောက်ဘက် မုခ်ဝ က နေ စစ်သားတွက လှမ်းပစ်တယ်လို့ ပြောတယ်။ ဘာကြောင့် ပစ်တာလဲ ဆိုတာ ကျနော်တို့လည်း မသိဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
မအေးအေးမြင့်၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဇော်ကလည်း“မနေ့က ညနေ ၅ နာရီလောက်မှာ ရွာအရှေ့မြောက်ဘက်က တောင်တန်း တွေမှာ သေနတ် ပစ်ခတ်သံတွေ ကြားရတယ်။ ညနေ ၆ နာရီခွဲလောက် သေနတ်သံတွေ ငြိမ်သွားတော့ ကျနော်တို့က တိုက်ပွဲဖြစ်ကြတာ ဒီလောက်ဆို ပြီးသွားပြီ ဆိုပြီး မိသားစုတွေ ထမင်းစားဖို့ ဝိုင်းပြီး ထိုင်ကြတဲ့အခါ ဘုရား ဝင်းထဲမှာ ရောက်နေကြတဲ့ စစ်သားတွေက အိမ်တွေကို လှမ်းပစ်ပါတယ်။ ကျနော်တို့က ပြားပြားဝပ်ကြတယ်။ ကျနော့်အမျိုးသမီးက ကိုယ်ဝန်နဲ့ဆိုတော့ သူက ဝပ်မရလို့ ထသွားတဲ့အခါ အဲဒီမှာ ကျည်ဆန်လာမှန်တာ”ဟု ဧရာဝတီ သို့ ပြောသည်။
ထိုသို့ ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားသဖြင့် ၎င်းတို့ ၂ ဦးကို ယမန်နေ့ ည ၈ နာရီကျော် အချိန်တွင် ကျောက်တော် ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုများ ခံယူခဲ့ကြရသည်။
ထို့နောက် မအေးအေးမြင့်၏ ညာဘက် လက်မောင်း ဒဏ်ရာ ပြင်းထန်သဖြင့် ယနေ့ နေ့လယ်ပိုင်းက ကျောက်တော် ပြည် သူ့ ဆေးရုံမှ တဆင့် စစ်တွေ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ အတွင်းလူနာ အဖြစ် ကုသနေရကြောင်း သိရသည်။
မဟာမြတ်မုနိ ကျေးရွာနှင့် သရက်တပင်ကျေးရွာတို့မှာ ရွာနီးနားချင်း ကျေးရွာများဖြစ်ပြီး ရန်ကုန်- စစ်တွေ ကားလမ်းမ ပေါ် တွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီက ကျောက်တော် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်၊ ကျောက်တော် မြို့မစခန်းမှူး ဒုရဲမှူး စိုးလွင်တို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ယမန့်နေ့ ညနေပိုင်းက မဟာမြတ်မုနိ ဘုရား ကြီး၏ အရှေ့မြောက်ဘက်၊ သစ်တပုံ ဆည်အနီးတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ် ရှိခဲ့သော်လည်း မဟာ မြတ်မုနိ ဘုရား အနီးတွင် မည်သည့် တိုက်ပွဲ ဖြစ်ပွားမှုမှ မရှိကြောင်း ပြောဆိုသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“မနေ့က ဖြစ်တာ မဟာမုနိနဲ့ အဝေးကြီးပဲ။ ပလက်ဝကို သွားတဲ့လမ်း၊ သစ်တပုံဆည် အနီး မှာ ခဏလေးပဲ ဖြစ်တာ ရှိတယ်။ ဘယ်ရွာသားမှလည်း ထိခိုက်တာ မရှိဘူး။ ဘယ်သူမှလည်း ထိခိုက်တာ မရှိဘူး။ မဟာမုနိ ဘုရားအနီးမှာ တိုက်ပွဲဖြစ်တာလည်း ဘာတခုမှ မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံ ကျေးရွာသားများကမူ ယမန့်နေ့ ညနေ ၅ နာရီခန့်က မဟာမြတ်မိုနိ ဘုရား၏ အရှေ့မြောက်ဘက် တောင်တန်း များတွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများကို ကြားရသည့် နောက်ပိုင်း ဘုရားကြီးထဲတွင် ရောက်ရှိ နေသော တပ်မတော်သားများက တစုံတရာ ဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာဘက်သို့ လှမ်းပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆို ကြ သည်။
ရခိုင်ပြည်နယ် အတွင်း လက်ရှိ ဖြစ်ပွားနေသော စစ်ပွဲကာလ အတွင်း စစ်ရှောင်ဦးရေ ၅ သောင်းကျော် အထိ ရှိလာ သလို စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြှုပ်မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှု တို့ ကြောင့် ထိခိုက် ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးနေသူ ၉ ဦး၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး (REC)၏ စာရင်းများတွင် ဖော်ပြထားပြီး ဘင်္ဂါလီ ကျေးရွာသား ၈ ဦး သေဆုံးမှု ရှိကြောင်း လည်း သိရသည်။
You may also like these stories:
ကျောက်တော်တွင် အမျိုးသမီး တဦး မိုင်းထိ
ကျောက်တော်တွင် မျှစ်ချိုးသွားသည့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ တဦး မိုင်းထိ