အမေရိကန်သံရုံးမှ ကြီးမှူး ကျင်းပခဲ့သည့် ပန်းချီပြပွဲတွင် ဗုဒ္ဓရုပ်ပုံပါ ပန်းချီကားကြောင့် အမေရိကန် သံအမတ်အပါအဝင် ၃ ဦးကို တရားစွဲရန် အတွက် အမျိုးသားရေး ဆရာတော် ဦးပါမောက္ခက ကမာရွတ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် ထား ခဲ့ရာ တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။
အမေရိကန် သံအမတ်၊ ပန်းချီကား ရေးဆွဲသူ နှင့် လူမှုကွန်ရက် စာမျက်နှာတွင် ဖြန့်ဝေသူ ၃ ဦးကို သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅/က ဖြင့် တရားစွဲရန် အတွက် ယနေ့တွင် ဦးပါမောက္ခက ကမာရွတ်မြို့နယ် တရားရုံးသို့ လျှောက် ထားခြင်းဖြစ် ကာ မြို့နယ် တရားသူကြီးက လျှောက်ထားချက်သည် ခိုင်လုံမှု မရှိသည့်အတွက် ပလပ်လိုက်ကြောင်းကိုသာ ပြောကြား ခဲ့ပြီး မှတ်ချက် တစုံတရာ ပြောဆိုခြင်း မရှိဟု ဦးပါမောက္ခက မိန့်သည်။
ဦးပါမောက္ခက“ဘုန်းဘုန်းက အဲဒီပုံကို ပြလိုက်တယ်။ ပန်းချီကားထဲမှာ ဗုဒ္ဓဘုရားရှင်ရဲ့ ကြည်ညိုဖွယ် မျက်နှာဟာ ကြည့် လိုက်တာနဲ့ မသမာတဲ့ အကြံနဲ့ ပုံဖျက်ထားမှန်းကို သိသာနေတယ်။ အဲဒါက ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို နာကျင်စေ တဲ့အတွက် တရားစွဲဖို့ လုပ်တာ။ လက်ရှိ အစိုးရ လက်ထက်မှာ ဗုဒ္ဓဘာသာကို အခြားဘာသာတွေက စော်ကားချင်သလို စော်ကားခွင့်ပြုနေတာကြောင့် တရားစွဲရတာ။ ဒီလို ပလပ်မယ်ဆိုတာ ကြိုတော့ မြင်ပြီးသား”ဟု ဆိုသည်။
အမေရိကန်သံရုံး၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဇူလိုင် ၂၆ ရက်က Air Pollution by Factories ဆိုပြီး လေထု ညစ်ညမ်းမှု အကြောင်း ပြသထားသည့် ပန်းချီကား၌ ဗုဒ္ဓဘုရား၏ မျက်နှာကို ဓာတ်ငွေ့ကာ မျက်နှာဖုံး စွပ်ထားကာ နောက်ခံတွင် စက်မှုလုပ်ငန်းများဖြင့် ရေးဆွဲ ပြသခဲ့မှုကြောင့် လူအများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။
ထိုဝေဖန်မှုများကြောင့် ဇူလိုင် ၂၇ ရက် တွင် အမေရိကန်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာမှ အဆိုပါပုံအား ဖယ်ရှားခဲ့သည်။
အဆိုပါ ပန်းချီကား ဖယ်ရှားမှုနှင့် ပတ်သက်ပြီး ပန်းချီကား၏ လက်ရာသည် ပရိသတ်များနှင့် ၎င်းတို့ ယုံကြည်မှုအပေါ် တိုက်ခိုက်ပုတ်ခတ်သည့် သဘောထား သက်ရောက်နေသည်ဟု အများက ယူဆနေသည့်အတွက် ဖယ်ရှားရခြင်း ဖြစ် ကြောင်း၊ ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုများ အပေါ် လေးစားကြောင်း အမေရိကန်သံရုံးက ပြန်လည် ထုတ်ပြန် ပြောဆို ထားသည်။
ယင်းသို့ မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့မှုကို ပလပ်လိုက်သော်လည်း ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ ဆက်လက် ဦးတိုက် လျှောက်ထားနိုင်သည့် အခြေအနေမျိုးကို ကမာရွတ်မြို့နယ် တရားသူကြီးက ပြောကြားခဲ့သည်ဟု ဦးပါမောက္ခက မိန့်သည်။
ဦးပါမောက္ခက“ဒီကိစ္စနဲ့ ဘာမှတော့ ဆက်လုပ်ဖို့ မရှိပါဘူး။ သံရုံးရှေ့ ဆန္ဒသွားပြဖို့လည်း မရှိပါဘူး။ အခုလို ဦးတိုက် လျှောက်ထားမှုကို ပလပ်တာမှာ တရားသူကြီးက သူ့သဘောနဲ့သူ ဆုံးဖြတ်တာတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ သက် ဆိုင်ရာတွေက နောက်ကွယ်ကနေ ဖိအားပေးထားတယ်လို့ ယူဆတယ်။ သံအမတ် တယောက် ကို သံတမန်နည်းအရ တရားရုံးကို လာရောက်အောင် လက်ရှိအစိုးရက လက်ခံမယ်လို့ မယူဆဘူး”ဟုလည်း မိန့်ဆိုသည်။
ပန်းချီဆွဲသူကိုရော အဆိုပါ ပန်းချီကားဓာတ်ပုံကို လူမှုကွန်ရက်တွင် တင်ခဲ့သူကိုရော တရားစွဲသင့်ကြောင်း၊ အဆိုပါ ပန်း ချီကား ဓာတ်ပုံကို သံရုံး၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် တင်ခဲ့ပြီးနောက်တနေ့ မိမိတို့ အမျိုးသားရေး လှုပ်ရှား သူများက ရန်ကုန်တိုင်း၊ သာသနာရေး ဝန်ကြီးဌာနသို့ တိုင်ကြားရန် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့ဖူးကြောင်း အမျိုး သားရေး လှုပ်ရှားသူ ကိုဝင်းကိုကိုလတ်က ပြောသည်။
ကိုဝင်းကိုကိုလတ်က“ကျနော်တို့ သေချာ စုံစမ်းလိုက်တော့ အဲ့ဒီပန်းချီကားကို ဆွဲတဲ့သူက မုံရွာမြို့က သမိုင်း ဘာသာရပ် ကို တက်နေတဲ့ တက္ကသိုလ် ကျောင်းသူလေး။ အဲဒီကလေးမလေးကလည်း သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အဲဒီ ပုံကို မတင်ခဲ့ဘူး။ အဲဒီအတွက် ပထမ တရားစွဲမလား ဆိုတာကို ဖယ်လိုက်ပြီး တိုင်းသာသနာရေးကိုပဲ တိုင်ဖို့ ပြင်လိုက် ကြ တယ်။ ဒါပေမယ့် ဦးပါမောက္ခက တရားစွဲမယ် ဆိုတဲ့အတွက် ကျနော်တို့ တိုင်မယ့်ကိစ္စကို ရပ်ထားလိုက်တယ်”ဟု ဆို သည်။
ယခုလို ဦးပါမောက္ခ၏ ဦးတိုက်လျှောက်ထားမှုကို ပယ်ချလိုက်သည့် အတွက် မိမိတို့ အမျိုးသားရေး လှုပ်ရှားသူများ ပြန် လည် တိုင်ပင်ပြီး မည်ကဲ့သို့ တုံ့ပြန်မည်ကို ဆုံးဖြတ်သွားမည်ဟု သူက ဆက်လက် ပြောဆိုသည်။
ဆက်စပ် ဖတ်ရှုရန်
ဦးပါမောက္ခအား နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင် ၃ လချ