လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရသော ဗစ်တိုရီးယား အမှုတွင် ဆရာမ နှင်းနုကို နောက်တိုး တရားခံအဖြစ် လျှောက် ထားရာမှုကို လုံလောက်သည့် အချက်များ ပါဝင်ခြင်း မရှိသည့်အတွက် သဘောထား မှတ်ချက်အဖြစ်သာ ရကြောင်း အစိုးရ ရှေ့နေ ဥပဒေအရာရှိ ဦးကျော်မင်းအောင်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။
နေပြည်တော် Wisdom Hill ပုဂ္ဂလိကကျောင်းရှိ အသက် ၃ နှစ် မပြည့်သေးသည့် ကျောင်းသူလေး ဗစ်တိုရီးယား အမှုနှင့် ပတ်သက်ပြီး ဒက္ခိဏခရိုင် တရားရုံး၌ ယနေ့ ပြုလုပ်သော တတိယမြောက် ရုံးချိန်း၌ ဆရာမ နှင်းနုကို နောက်တိုးတရားခံ အဖြစ် တရားစွဲတင်နိုင်ရန် အတွက် လုံလောက်သည့် အချက်များ မရှိသဖြင့် စွဲတင်၍ မရကြောင်း ယနေ့ ရုံးတော်တွင် တရားခွင် စစ်ဆေးမှု မစတင်မီ အများ ပြည်သူသိစေရန် ဖတ်ကြားခဲ့သည်။
ဥပဒေအရာရှိ ဦးကျော်မင်းအောင်က “ရာဇသတ်ကြီး ပုဒ်မ ၂၀၂ နဲ့ ငြိစွန်းတာ ဖြစ်တယ်။ ဥပဒေနဲ့ ငြိစွန်းတယ်လို့ မဆိုနိုင် ကြောင်း၊ တရားလိုရဲ့ လျှောက်ထားချက်ကို တင်ပြအပ်ပါတယ်” ဟု တရားခွင်တွင် ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က “ဒေါ်နှင်းနုနဲ့ ပတ်သက်ပြီး ကျနော်တို့ ဥပဒေရုံးရဲ့သဘောထားကတော့ ဒီပုဒ်မ ၂၀၂ နဲ့ ဆိုရင်တော့ မညီညွတ်ဘူးလို့ ယူဆတယ်။ တကယ်လို့ နှင်းနုကို ဒီအမှုမှာ တရားခံအဖြစ် ပါစေချင်တယ် ဆိုရင်တော့ တရားလိုရဲ့ အဖေဖြစ်ဖြစ်၊ အမေ ဖြစ်ဖြစ် ရဲကဖြစ်ဖြစ် သပ်သပ် တရားရုံး ဦးတိုက်ပြီး လျှောက်လျှောက် ရဲစခန်းကို အမှုဖွင့်ဖွင့်၊ အဲဒီလို ဆောင်ရွက်သင့်တယ်လို့ သူတို့ ဘက်က အယူအဆကို တင်ပြတာသပ်သပ်ပဲ။ ဒါကို လျှောက်ထားတာ မဟုတ်ဘူး။ အဲဒါကြောင့် တရားရုံးက အမိန့်ချမှာ မဟုတ်ဘူး” ဟု ပြောသည်။
ပုဒ်မ၂၀၂ မှာ တာဝန်သိပြည်သူက သတင်းမပေးဘဲ သတင်းထိန်ချန်ခဲ့သည့် အတွက် ပြစ်ဒဏ်ပေးရန် အတွက် တောင်း ဆိုခြင်း ဖြစ်ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ သက်သေ ၂၆ ဦးထဲတွင် ဆရာမ နှင်းနု ပါဝင်သဖြင့် ရုံးတော်က ဆရာမ နှင်းနုကို စစ်ဆေးစဉ် ထင်ရှားသည့် ပြစ်မှု တစုံတရာ ပေါ်ပေါက်လာပါက တရားလိုဘက်မှ တရားစွဲတင်၍ ရကြောင်း တရားခံ အောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ရှင်းပြသည်။
ဦးခင်မောင်ဇော်က “တရားလို (ဗစ်တိုးရီးယား မိခင်) တင်တဲ့ဟာကို ဥပဒေ အရာရှိက သူ့ရဲ့ သဘောထား မှတ်ချက်နဲ့ ရုံးကို တင်ပြပေးတယ်။ နှင်းနုကို လောလောဆယ် နောက်တိုး တရားခံ အဖြစ် ဒီအမှုထဲမှာ မလုံလောက်သေးဘူး။ မဆီလျော် သေးဘူးလို့ ပြောတာပါ” ဟု ယနေ့ရုံးချိန်း အပြီး မီဒီယာများကို ပြောသည်။
ဇူလိုင်၂၄ ရက်က ဗစ်တိုးရီးယားအမှု၏ ဒုတိယ ရုံးချိန်းတွင် သတင်းထိန်ချန်ထားသည် ဟုဆိုကာ ဆရာမနှင်းနုအား နောက်တိုး တရားခံအဖြစ် ဆင့်ခေါ်ရန်ကိစ္စနှင့် အချင်းဖြစ်နေရာအား ကွင်းဆင်းစစ်ဆေးရန် ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အခင်းဖြစ်သည့်နေရာကို သွားရောက်ကြည့်ရှုရန် မည်သည့်နေ့နှင့် မည်သည့် အချိန်ကို သွားကြည့်မည်ကို အတိ အကျ မသတ်မှတ်ရသေးကြောင်း တရားလို ကလေးငယ် မိခင်ဖြစ်သူ၏ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။
၎င်းက “တခုကတော့ သူသဘောတူတယ် လက်ခံတယ်။ အချင်းဖြစ်တဲ့နေရာကို သွားကြည့်ဖို့ကိစ္စ။ လုပ်သင့်တယ်လို့ သူ တို့ဘက်ကလည်း ယူဆတယ်။ အဲဒီတော့ တရားရုံးက ကြည့်ဖို့ လိုအပ်ပြီလို့ ယူဆတဲ့အချိန်မှာ ကြည့်ပါ။ ကျနော်တို့ သဘောတူပါတယ်။ လက်ခံပါတယ် ဆိုပြီး အဲဒါကို လျှောက်လွှာအနေနဲ့ လျှောက်တော့ ခွင့်ပြုတယ်ပေါ့။ တရားရုံးက အမိန့် ချဖို့ပဲ ကျန်မယ်” ဟု ပြောသည်။
ဆရာမနှင်းနုကို နောက်တိုး တရားခံအဖြစ် တရားရုံးတော်သို့ မရောက်ရှိသော်လည်း ယင်းအမှုအတွက် အားနည်းချက် မရှိနိုင်သလို ရုံးတော်က ဆုံးဖြတ်လိုက်သည့် အခြေအနေ မဟုတ်သည့် အတွက် အခွင့်အရေး ရှိနေသေးကြောင်း၊ ထပ်ပြီး တင်၍ ရနေသေးကြောင်း ဒေါ်ရွက်နုအောင်က ဆိုသည်။
ယနေ့စစ်ဆေးသည့် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက ကလေးငယ်၏ မိခင်ဖြစ်သူကို မေးခွန်းများ အပြန်အလှန်မေးမြန်း ခဲ့ပြီး တရားလို မိခင်ဖြစ်သူကလည်း ဖြစ်စဉ်နှင့် အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ရာတွင် ရဲစခန်းက ချက်ချင်း အမှု မဖွင့်ပေး လိုက်သည့် အကြောင်းအရာများ၊ ထိုကျောင်းတွင် ကလေးထားရှိခဲ့သည့် အချိန် ၅ လခွဲတွင် ကျောင်းဘက်မှပေးသည့် ဝန် ဆောင်မှုသည် စိတ်တိုင်းမကျကြောင်း အသေးစိတ် အချက်အလက်များကို ရုံးတော်သို့ ထွက်ဆိုခဲ့သည်။
ကလေးငယ်၏ မိခင်က “သမီး၏ မိန်းမကိုယ် ဖူးယောင်နေခြင်း၊ သွေးထွက်နေခြင်း တို့ကို တွေ့၍ ကျမက ဘာဖြစ်တာလဲ လို့မေးတော့ သမီးက ကျောင်းက ကိုကို လုပ်တာ။ လက်နဲ့ လုပ်သည့် ဟန်ပါ လုပ်ပြသည်” ဟု ရုံးတော်သို့ ထွက်ဆိုခဲ့ သည်။
ထိုသို့ ကလေးအား မဖွယ်မရာ ပြုသည့် ကိုကိုမှာ အပြင်ကလား၊ ကျောင်းကလားဟု ကလေးကို ထပ်မေးသည့်အခါ ကျောင်းက ကိုကို လုပ်တာဟု ပြောကြောင်း၊ ဘယ်သူလုပ်သည်ကို သိလားဟု ထပ်မေးရာတွင် နာမည်မသိကြောင်း၊ ကိုကို ၂ ယောက် အခန်းကျယ်ထဲ ခေါ်သွား၍ လက်ဖြင့်လုပ်ကြောင်း၊ ထိုဖြစ်စဉ်ကို တီချယ်နှင်းနုသိ၍ တီချယ်နှင်းနုက ကိုကို့ကို ဆူလိုက်သေးကြောင်း အသေးစိတ် အချက်အလက်များကို ကလေးငယ်၏ မိခင်ဖြစ်သူက ရုံးတော်တွင် ထွက်ဆိုခဲ့သည်။
ထို့ပြင် သမီးဖြစ်သူမှာ ကိန်းဂဏန်းခွဲသည်ကို မသိသေးသဖြင့် ၁ ၊ ၂ ၊ ၃ ထိကို သိသော်လည်း ထိုထက်များပါက အများကြီး ဟု ပြောကြောင်း၊ ၁ မှ ၁၀ ထိကိုလည်း ကောင်းစွာ ရွတ်ဖတ်တတ်ကြောင်း ရှေ့နေ၏ မေးမြန်းချက်ကို ထွက်ဆိုခဲ့သည်။
တရားလိုဖြစ်သူ ဗစ်တိုးရီးယား မိခင်ကို သုံးနာရီကြာ စစ်ဆေးမှုကို စွပ်စွဲခံရသူ တရားခံ အောင်ကြီး၏ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က အသေးစိတ် မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ဦးခင်မောင်ဇော်က “ကလေးနှင့် ကလေးမိခင်ရဲ့ ရိုးသားမှု အပေါ်ကို သံသယ မရှိခဲ့ဘူး။ ဒီအမှုမှာ အစတည်းက ကျနော် ကိုအောင်ကြီးဘက်က လိုက်တယ်။ ကလေးနဲ့ ကလေးမိခင် တကယ်ဖြစ်တယ်လို့ ယူဆတယ်။ လိမ်တာမဟုတ်ဘူး။ ကလေးအမေက သူ့သမီး အကြောင်းပြောတဲ့ အခါမှာ တိုက်ခိုက်စရာ မရှိဘူး။ သိချင်တာနဲ့ ကျနော်တို့အတွက် ပိုအား ကောင်းစေမယ့် အချက်ကိုသာ ဖြည့်မေးတာပါ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ဘာကို ဦးတည်နေလဲ။ ဘာကို ဖွင့်ချဖို့ လုပ်နေလဲ ဆိုတာ တရားသူကြီးကလည်း သိတယ်။ အောင်ကြီးလွတ်ရေးတင် မဟုတ်ပါဘူး။ အောင်ကြီးလွတ်ရေးက ငုပ်တုတ် ထိုင်နေရင်ကို လွတ်တယ်။ ဒါပေမယ့် ကျနော် မေးသမျှဟာ အောင်ကြီးလွတ်ရေးချည်းမဟုတ်ဘူး” ဟု ဆက်ပြောသည်။
ယင်းအမှုကို ဗုဒ္ဓဟူးနေ့တိုင်း နှစ်ပတ်ကို တကြိမ် စစ်ဆေးသွားမည် ဖြစ်ပြီး တရားလိုပြ သက်သေ ၂၆ ဦးကို ဒီဇင်ဘာ ၁၈ ရက် အတွင်း အပြီးသတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ တကြိမ်စစ်ဆေးရာတွင် တရားလိုပြသက်သေ ၁ ဦးမှ ၃ ဦးထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ယနေ့ တရားခွင် စစ်ဆေးမှု အပြီးတွင် ပြုလုပ်ခဲ့သည့် မှုခင်း စီမံခန့်ခွဲမှုဆိုင်ရာ အစည်း အဝေးတွင် တရားရုံးနှင့် နှစ်ဖက်ရှေ့နေများမှ ဆုံးဖြတ်ခဲ့ကြသည်ဟု ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
လာမည့် ရုံးချိန်းကို သြဂုတ် ၁၄ ရက် ၄ ကြိမ်မြောက် ရုံးချိန်းတွင် ဗစ်တိုးရီးယားလေး၏ ဖခင်နှင့် အဖွားဖြစ်သူကို စစ်ဆေး သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ဗစ်တိုးရီးယားအား စက်တင်ဘာ ၁၁ ရက်တွင် Video ကွန်ဖရင့်ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
You may also like these stories:
ဆရာမ နှင်းနုကို သံသယ တရားခံအဖြစ် ထပ်တိုးပေးရန် ဦးတိုက်လျှောက်
ဗစ်တိုရီးယား ဓာတ်ပုံများ ဖြန့်မည်ဟု ခြိမ်းခြောက်သူကို တရားစွဲရန်ပြင်
ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ရေး ပူးပေါင်းမည်ဟု Wisdom Hill ကျောင်းကတိပြု