တရုတ် ဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်သော ဟွာဝေးသည် မြောက်ကိုရီးယား၏ စီးပွားရေး ကြိုးမဲ့ ဆက်သွယ်ရေး ကွန်ရက်ကို ကူညီ တည်ဆောက်နေသောကြောင့် ဝေဖန်ခံနေရသည်။ ထိုဖြစ်ရပ်သည် သူလျှို လုပ်သည်ဟု စွပ်စွဲခံနေရသော ဟွာဝေးနှင့် ပတ်သက်သည့် ပြင်းထန်သော နိုင်ငံတကာ အငြင်းပွားမှုတွင် နောက်ဆုံး အလှည့်အပြောင်း ဖြစ်သည်။
ဇူလိုင်လ ၂၂ ရက်နေ့က ဝါရှင်တန်ပို့စ်မှ ဖွင့်ချလိုက်သည့် သတင်းအရ ဟွာဝေးသည် ပန်ဒါနိုင်ငံတကာ သတင်း အချက်အလက် နည်းပညာကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။ ထိုကုမ္ပဏီသည် နိုင်ငံပိုင် လုပ်ငန်းဖြစ်ပြီး အထီးကျန်ပြီး ကုလသမဂ္ဂ ပိတ်ဆို့မှုများ ရင်ဆိုင်နေရသည့် မြောက်ကိုရီးယား နိုင်ငံ၏ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံကို ကူညီတည်ဆောက် ပေးနေသည်မှာ အနည်းဆုံး ၈ နှစ်ရှိပြီဖြစ်သည်။
ယခင် အလုပ်သမားဟောင်းများ၊ ကန်ထရိုက် စာချုပ်များနှင့် ဟွာဝေးကုမ္ပဏီ၏ ကမ္ဘာတဝှမ်း လုပ်ငန်းများ ဆိုင်ရာ အချက်အလက်များကို အခြေခံသော ထိုသတင်းသည် သူလျှိုလုပ်မှု စိုးရိမ်ခြင်းအတွက် ထရမ့်က တရုတ်နှင့် ဟွာဝေးကို အထီးကျန်ထားပြီး နျူကလီးယား ဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားနှင့် ထိတွေ့ ဆက်ဆံနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
၎င်းတို့သည် မြောက်ကိုရီးယား နိုင်ငံတွင် မည်သည့် စီးပွားရေးလုပ်ငန်းမျှ မရှိကြောင်း ဟွာဝေးက ၎င်းတို့၏ ပြောခွင့်ရ ပုဂ္ဂိုလ်မှတဆင့် ပြောသော်လည်း ဟွာဝေး ကိုယ်စားလှယ်သည် ဝါရှင်တန်ပို့စ်က ဖော်ထုတ် လိုက်သည့် စာရွက်စာတမ်းများ၏ စစ်မှန်မှုကို အငြင်းပွားခြင်း မရှိပေ။
ပထမဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှုကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကပင် ထုတ်ပြန်ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံသားများတွင် မိုဘိုင်းဖုန်းများ ပိုင်ဆိုင် အသုံးပြုနေကြသည်မှာ ထူးခြားသော သတင်းမဟုတ်ပေ။ မိုဘိုင်းဖုန်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး အထူးသဖြင့် ပြုံယမ်းတွင် နေထိုင်သူများက ပိုမို အသုံးပြုနေကြောင်း မြောက်ကိုရီးယားသို့ မကြာသေးမီကမှ သွာရောက်ခဲ့သည့် သံတမန် တဦးက ပြောသည်။
မြောက်ကိုရီးယား ဆက်သွယ်ရေး ဝန်ဆောင်မှုများ တည်ဆောက်ခြင်းတွင် ပြည်ပကုမ္ပဏီများသည် အရေးပါသော အခန်းတွင် ယခင်က ပါဝင်ခဲ့သော်လည်း လွန်စွာ လျှို့ဝှက်သော ထိုနိုင်ငံတွင် ၎င်းတို့ ပါဝင်ပတ်သက်မှု၏ လက်ရှိအခြေအနေကို ယခု ရှင်းရှင်းလင်းလင်း မသိရပေ။
ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က မြောက်ကိုရီးယား နိုင်ငံအပေါ် ချမှတ်သော နိုင်ငံတကာ အရေးယူပိတ်ဆို့မှု များကြောင့် မြောက်ကိုရီးယားနှင့် စီးပွားရေးအရ ဆက်ဆံခြင်းသည် လွန်စွာ အန္တရာယ် များသောကြောင့် ထိုသို့သော လုပ်ငန်းများကို အရှေ့အာရှနှင့် တခြားနိုင်ငံများမှ ရုပ်ပြ ကုမ္ပဏီများဖြင့် လုပ်ကိုင်ကြသည်။
ထိုကုမ္ပဏီ အများအပြားသည် စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံး ပစ္စည်းများ ရောင်းဝယ်ခြင်းနှင့် အရောင်းအဝယ် အဆင့်များစွာ၊ ကုမ္ပဏီများစွာကို ဖြတ်သန်းပြီး ပစ္စည်းများ နောက်ဆုံး ရောက်ရှိမည့် နေရာကို ဖုံးကွယ်ရာတွင် လွန်စွာ ကျွမ်းကျင်ကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများက တွေ့ရှိကြသည်။
ဟွာဝေးက မြောက်ကိုရီးယား နိုင်ငံတွင် ၎င်းတို့၏ စီးပွားရေး လုပ်ငန်း မရှိကြောင်း ပြောသော်လည်း ဝါရှင်တန်ပို့စ်က ဖော်ထုတ်လိုက်သည့် စာရွက်စာတမ်းများ၏ စစ်မှန်မှုကို မငြင်းဆန်ခြင်းမှာ ထိုအချက်ကြောင့် ဖြစ်နိုင်သည်။ မြောက်ကိုရီးယား နိုင်ငံတွင် ဟွာဝေးနှင့် ပန်ဒါတို့ ပါဝင်ပတ်သက်မှုသည် စာဝှက်စနစ်များ ပံ့ပိုးခြင်းနှင့် ၎င်းတို့ကို အသုံးပြုခြင်းသည် ကျယ်ပြန့်သော မိုဘိုင်းဖုန်းစနစ် တည်ငြိမ်စေရေးကို အဓိက ထားပုံရသည်။
မြောက်ကိုရီးယား နိုင်ငံ၏ ပထမဆုံး မိုဘိုင်းကွန်ရက်ကို Loxley Pacific အမည်ရှိ ထိုင်းကုမ္ပဏီတခုက ၂၀၀၂ နိုဝင်ဘာလက ထူထောင်ပေးခဲ့သည်။ Loxley Pacific သည် အင်တာနက်စနစ် စတင် လုပ်ဆောင်ရာ တွင်လည်း ပါဝင်ခဲ့ပြီး ၂၀၀၃ ခုနှစ်သို့ ရောက်သောအခါ မြောက်ကိုရီးယားတွင် အသုံးပြုနေသော မိုဘိုင်းဖုန်း ၂၀၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
အင်တာနက် ချိတ်ဆက်မှုကို Star အမည်ရှိ ဖက်စပ် လုပ်ငန်းတခုက စီစဉ်ရန် ရည်ရွယ်ခဲ့ပြီး ထိုလုပ်ငန်းသည် Internet Assigned Numbers Authority က ချမှတ်ပေးသည့် မြောက်ကိုရီးယား၏ dot-kp domain ကို ရယူခဲ့သည်။
၂၀၀၃ ခုနှစ်တွင် ဂျပန်ရှိ ရုပ်ပြကုမ္ပဏီတခုက ပြုံယမ်းသို့ ပို့ပေးသည့် လက်နက် ထုတ်လုပ်ရာတွင် သုံးနိုင်သည့် လျှပ်စစ်စွမ်းအား ထိန်းချုပ်သည့် ကိရိယာ သုံးခုအတွက် ကြားခံအဖြစ် ဆောင်ရွက်သောကြောင့် Loxley ၏ မြောက်ကိုရီးယားတွင် ပါဝင်ပတ်သက်ခြင်းသည် အငြင်းပွားဖွယ် ဖြစ်လာသည်။ ထိုပစ္စည်းများ တင်ဆောင် လာသော သင်္ဘောသည် ဘန်ကောက်မရောက်မီ ဟောင်ကောင်တွင် ရပ်နားသောအခါ အကောက်အခွန် အာဏာပိုင်များသည် သတင်းအရ ထိုပစ္စည်းများကို ရှာဖွေသိမ်းယူပြီး ဂျပန်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
ဥပမာဆိုရပါက ထို စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံး ပစ္စည်းကို လျှပ်စစ် စီးဆင်းမှုနှင့် ယူရေနီယမ် သန့်စင်ရေး ဗဟိုခွာ စက်များအတွက် လိုအပ်သော ကြီးမားသည့် လျှပ်စီးများ တည်ငြိမ်အောင် လုပ်ရာတွင် သုံးနိုင်သည်။
ထိုဓာတ်အား တည်ငြိမ်အောင် လုပ်ဆောင်ပေးသော ကိရိယာများသည် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်အတွက် မဟုတ်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အခြေအနေမှာ လွန်စွာ ဆိုးရွား နေသောကြောင့် အိမ်သုံး လျှပ်စစ်ပစ္စည်းများ မပျက်စီးစေရန် ၎င်းတို့ကို လိုသောကြောင့် အာဏာပိုင် များက မှာယူခြင်းဖြစ်ကြောင်း ထိုစဉ်က Loxley ၏ ပြောခွင့်ရသူက ပြောသည်။ သို့သော် ဂျပန်နိုင်ငံက ထိုရှင်းလင်းချက်ကို မယုံကြည်ခဲ့ပေ။
၂၀၀၄ ခုနှစ်တွင် လူ ၃၀၀၀ ခန့်အထိ သေကြေဒဏ်ရာရစေသည့် တရုတ်နယ်စပ်အနီး ဘူတာရုံတခု ပေါက်ကွဲမှုကြီး အပြီးတွင် Loxley ၏ မိုဘိုင်းဖုန်း ကွန်ရက်ကို ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအွန်၏ ဖခင် ထိုစဉ်က ခေါင်းဆောင် ကင်ဂျုံအီကို သယ်ဆောင်လာသော ရထားသည် ထိုဘူတာမှ ဖြတ်သန်းသွားပြီး မကြာမီ ထိုပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုဖောက်ခွဲမှုတွင် မိုဘိုင်းဖုန်း အချက်ပြ စနစ်ကို အသုံးပြုခဲ့သည်ဟု ကောလာဟလ သတင်းများက ဆိုသည်။
ထိုသတင်း မှန်မည်ဟု တထစ်ချ မပြောနိုင်ပါ။ လျှပ်စစ်ဓာတ်ကြိုး တချောင်း ပြတ်တောက်ပြီး အနီးရှိ ဓာတ်မြေသြဇာတင် ယာဉ်ပေါ် ကျသွားသောကြောင့် ဖြစ်သည်ဟု လွတ်လပ်သော သတင်း ရင်းမြစ်များက ဆိုသည်။ သို့သော် ထိုဖြစ်ရပ်ကြောင့် မြောက်ကိုရီးယားရှိ Loxley ၏ လုပ်ငန်း အများအပြား ရပ်ဆိုင်း သွားသည်။
၂၀၀၈ ခုနှစ်တွင် ပြည်ပ လုပ်ငန်းသစ်ဖြစ်သည့် အီဂျစ်နိုင်ငံမှ Orascom Telecom Media သည် မြောက်ကိုရီးယား နိုင်ငံသို့ ရောက်လာသည်။ ၎င်းသည် နိုင်ငံပိုင် Korea Post and Telecommunications Corporation နှင့် Koryolink အမည်ရှိ ဖက်စပ်လုပ်ငန်းကို တည်ထောင်သည်။ ထိုလုပ်ငန်းသည် ၇ နှစ်အတွင်း မိုဘိုင်းဖုန်း အသုံးပြုသူ ၂ သန်း အတွက် ဝန်ဆောင်မှုပေးသော လုပ်ငန်းကို တည်ထောင်ခဲ့သည်။
မြောက်ကိုရီးယား အကြောင်း အထူးရေးသားသည့် 38 North သတင်း စာမျက်နှာ၏ အဆို ယခုအခါ မြောက်ကိုရီးယားတွင် မိုဘိုင်းဖုန်း အသုံးပြုသူ ၅ သန်းရှိပြီး Koryolink နှင့် တခြား နိုင်ငံပိုင် လုပ်ငန်းတခု ဖြစ်သော Kang Sing NET တို့က ထိုသူများကို ဝန်ဆောင်မှုပေးနေသည်ဟု သိရသည်။
သို့သော် ဝန်ဆောင်မှုများကို အထူး ကန့်သတ်ထားသည်။ အထက်လွှာ တချို့မှအပ မည်သည့် မိုဘိုင်းဖုန်း သုံးသူမှ ပြည်ပသို့ ဖုန်းခေါ်ယူနိုင်ခြင်း မရှိသလို ပြည်ပမှ မည်သူမျှလည်း မြောက်ကိုရီးယား ဖုန်းများသို့ ခေါ်ယူနိုင်ခြင်း မရှိပေ။ ပိုမိုထူးခြားသည်မှာ မိုဘိုင်းဖုန်းမှ အသုံးပြုနိုင်သည့် အင်တာနက် ဝန်ဆောင်မှု မရှိခြင်းပင် ဖြစ်သည်။ အဆင့်မြင့် အရာရှိများနှင့် အချို့ နိုင်ငံခြားသားများကိုသာ အင်တာနက် အသုံးပြုခွင့် ပေးသည်။
ထိုသို့ အကန့်အသတ်ရှိသော အင်တာနက် ဝန်ဆောင်မှုကို ရုရှား TransTeleCom နှင့် တရုတ် Unicom တို့က ပေးနေသော်လည်း လူသုံးများသည့် ကွန်ရက်များဖြစ်သော Facebook၊ တွစ်တာနှင့် တောင်ကိုရီးယား ဝက်ဘ်ဆိုက် အများစုကို ပိတ်ပင်ထားသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ရိုက်တာသတင်းအရ TransTeleCom သည် မြောက်ကိုရီးယား အင်တာနက်၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ပြီး Unicom က ကျန် ၄၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ မြောက်ကိုရီးယား၏ အင်တာနက်သည် အကန့်အသတ် ရှိပြီး ချိတ်ဆက်မှု ရာဂဏန်း အနည်းငယ်မှ တထောင်ကျော်သာ ရှိသည်ဟု ယုံကြည်ရကြောင်း အခြေအနေကို စောင့်ကြည့် လေ့လာနေသည့် ကျွမ်းကျင်သူ များနှင့် သုတေသီများ၏ အဆိုအရ သိရသည်။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် Orascom ကို မြောက်ကိုရီးယားတွင် Orabank အမည်ရှိ ဘဏ်တခု ထူထောင်ခွင့် ပြုခဲ့သော်လည်း အမေရိကန် အရေးယူပိတ်ဆို့မှု ခြိမ်းခြောက်မှု များကြောင့် ထိုဘဏ်ကို ၂၀၁၆ ခုနှစ်တွင် ပိတ်လိုက်ရသည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလကမူ ၎င်းတို့သည် မြောက်ကိုရီးယား နိုင်ငံသားများ အတွက် သာမန် ဆက်သွယ်ရေး ဝန်ဆောင်မှုများသာ ပေးပါက မြောက်ကိုရီးယားသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ခြင်းမှ ကင်းလွတ်ခွင့်ရသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ခွင်ပြုချက် ရရှိကြောင်း Orascom က ကြေညာသည်။
သို့သော် ဟွာဝေးနှင့် ပန်ဒါတို့ မြောက်ကိုရီးယားတွင် မည်သည်တို့ လုပ်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
“ပန်ဒါသည် ၂၀၀၂ ခုနှစ်ကပင် တဦးချင်းသုံး ကွန်ပျူတာ ထုတ်လုပ်ရေး ဖက်စပ်လုပ်ငန်း ဖြစ်သည် Achim Panda JV Co ကို စီမံနေပြီး ထိုစနစ်အတွက် ဆော့ဖ်ဝဲ ရေးသားပေးပြီး မြောက်ကိုရီးယားနှင့် အချိတ်အဆက် ရှိပြီး ဖြစ်သည်” ဟု မြောက်ကိုရီးယား မီဒီယာနှင့် နည်းပညာ ကျွမ်းကျင်သူ မာတင်ဝီလျံက 38 North သတင်း စာမျက်နှာတွင် ရေးသားသည်။
“ကင်ဂျုံအွန်၏ အဖိုး ကင်အီဆွန်းနှင့် ဖခင် ကင်ဂျုံအီတို့သည် တရုတ်နိုင်ငံသို့ သွားရောက်စဉ်က ပန်ဒါသို့ သွားရောက်ခဲ့ဖူးသောကြောင့် ထိုလုပ်ငန်းကို မြောက်ကိုရီးယား အစိုးရက ယုံကြည် လေးစားမှုရှိသည်” ဟုလည်း သူက ဆက်လက် ရေးသားသည်။
ဟွာဝေးသည်လည်း အလားတူပင် ဖြစ်သည်။ တရုတ် သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သောနှစ် ဇွန်လက မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက် လည်ပတ်သောအခါ ဟွာဝေး အမှုဆောင်များလည်း လိုက်ပါ သွားခဲ့ကြသည်။
ဝီလျံ၏ အဆိုအရ တရားဥပဒေ စိုးမိုးရေး အရာရှိများက သတ်မှတ်ထားသော ဖုန်းများ၏ ဆက်သွယ်မှုများကို စောင့်ကြည့်စေနိုင်မည့် ကြားဖြတ်စနစ် (LIG) တည်ဆောက်ရာတွင် ဟွာဝေးသည် ၂၀၀၈ ခုနှစ်မှ စတင် ပါဝင် ပတ်သက်နေသည်ဟု သိရသည်။ အချုပ်အားဖြင့် ဆိုရလျှင် စောင့်ကြည့်ခြင်း အစီအစဉ်များတွင် Koryolink ကွန်ရက်တွင် မြောက်ကိုရီးယား နိုင်ငံသားတဦး လုပ်ဆောင်သမျှ အရာရာ အကျုံးဝင်သည်။
အမေရိကန် ပြည်ထောင်စုအတွက် ပြဿနာမှာ တရုတ်ကုမ္ပဏီများက အမေရိကန် နည်းပညာများကို မည်သည့် အတိုင်းအတာအထိ မြောက်ကိုရီးယားသို့ ပြန်လည် တင်ပို့ထားသနည်း ဟူသည့် ပြဿနာဖြစ်သည်။ အမေရိကန် နိုင်ငံ၏ မူဝါဒများအရ မြောက်ကိုရီးယားသို့ ကိရိယာ တင်ပို့သော ပြည်ပကုမ္ပဏီများနှင့် စီးပွားရေး ဆက်ဆံခြင်းကို ဝါရှင်တန်က ပိတ်ပင်ရမည် ဖြစ်သည်။
မြောက်ကိုရီးယားနှင့် အီရန်သို့ အမေရိကန်မှ ပစ္စည်းများ တင်ပို့နေစဉ် ဖမ်းမိသည့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ZTE အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်မည့် ဥပဒေကြမ်းကို အမေရိကန် လွှတ်တော် အမတ်များက ဖေဖော်ဝါရီလတွင် တင်သွင်းသည်။ ၂၀၁၈ ခုနှစ်က ထရမ့်သည် ZTE ကို ခေတ္တ အရေးယူခဲ့ဖူး သော်လည်း ထိုနှစ်နှောင်းပိုင်းတွင်ပင် ထိုပိတ်ပင်မှုကို ပြန်လည် ရုတ်သိမ်းခဲ့ပြီး အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခွင့် ပေးခဲ့သည်။
“မိမိတို့သည် ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ ပို့ကုန် ထိန်းချုပ်မှုများနှင့် ပိတ်ပင်မှု ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အပါအဝင် မိမိတို့ လုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံများနှင့် ဒေသများရှိ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အားလုံးကို လိုက်နာရန် အပြည့်အ၀ ကတိပြုသည်” ဟု ဟွာဝေးက ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာချက်တွင် ဖော်ပြသည်။
ထိုအချက်ကို သီးခြား သက်သေပြနိုင်ခြင်း မရှိသေးပေ။ မြောက်ကိုရီးယားသည် ကမ္ဘာနှင့် အဆက်အပြတ် ဆုံးသော နိုင်ငံများအနက်တခု ဖြစ်သော်လည်း တာဝေးပစ် ဒုံးကျည်များနှင့် ပြည်တွင်းဖြစ် နျူကလီးယား လက်နက်တိုက်ကို တည်ထောင်ထားသည်မှာ ကာလအတန်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီးယားတွင် အတန်အသင့် အဆင့်မြင့်သော မိုဘိုင်းနှင့် ဒီဂျစ်တယ် နည်းပညာများ ရှိနေသည်ဆိုလျှင် အံ့သြဖွယ် မဟုတ်ပေ။
၎င်းတို့၏ လက်နက်စနစ်များက ပြသနေသည့် အတိုင်းပင် မြောက်ကိုရီးယားသည် ပြည်ပ နည်းပညာများကို ပြန်လည်ပြင်ဆင်ပြီး ၎င်းတို့ ကိုယ်ပိုင်နည်းပညာ ပြန်လည် ထုတ်လုပ်ရာတွင် ကျွမ်းကျင်ကြသည်။ အတိတ်က မြောက်ကိုရီးယားတွင် ဟွာဝေး ပါဝင်ပတ်သက်ခဲ့သည်ကို သံသယဖြစ်ရန် မလိုသော်လည်း ယခု မည်သည်တို့တွင် ပါဝင်ပတ်သက်နေသည်ကို အတိအကျ ခန့်မှန်းရန် ခက်ခဲသည်။
မည်သည့် လုပ်ငန်းမဆို အမှန်တကယ် ပိုင်ရှင် သို့မဟုတ် ပံ့ပိုးသူ ရင်းမြစ်ကို အတိအကျ ဖော်ထုတ်ရန် ခက်ခဲအောင် လုပ်ဆောင်ပြီး ကြားခံမှု များနှင့် ရုပ်ပြကုမ္ပဏီများဖြင့် မြောက်ကိုရီးယားမှ ဟွာဝေး၏ အမှန်တကယ် လုပ်ဆောင်မှုများကို ဖုံးကွယ် ထားနိုင်၍ ဖြစ်သည်။
( Asia Times ပါ Bertil Lintner ၏ Huawei hung up in North Korea telecom controversy ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ဟွာဝေးနှင့် ဆောင်ရွက်မည့် စီမံကိန်း အတွက် အမှားမခံနိုင်ဟု မန္တလေး ဝန်ကြီးချုပ်ပြော
မေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီ
အရှိန်တန့် သွားတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ