သတင်း

ရခိုင်တောင်ပိုင်း ကျောက်မီးသွေးသုံး ငါးစက်ရုံကြောင့် ဒေသခံများ စိုးရိမ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသမှ ဒေသခံများသည် ယင်းအနီးတွင် မကြာမီ လည်ပတ် တော့မည့် ကျောက်မီးသွေးသုံး ငါးမုန့်စက်ရုံ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြသည်။

ကင်မြောက်ကျေးရွာနှင့် ကပ်လျက် ကျောက်ဖြူမြို့လယ်မှ ၃၅ ကီလိုမီတာ ( ၂၂ မိုင်) အကွာတွင် တည်ရှိသော ထိုစီမံကိန်း သည် ရမ်းဗြဲကျွန်းပေါ်တွင် မကြာသေးမီက အဆိုပြုထားသော တရုတ်ကျောထောက် နောက်ခံပြု ပင်လယ် ရှုခင်း ကမ်းခြေ စီမံကိန်းနှင့်လည်း နီးကပ်သည်။ ကျောက်ဖြူသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်သည့် တရုတ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်နေရာအဖြစ် နိုင်ငံတကာမှ သိကြသည်။

ထိုနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်က စတင်ပြီး ဓာတ်အားထုတ်လုပ်မှု စတင်ရန် အဆင်သင့် ဖြစ်နေကြောင်းလည်း ကင်မြောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကျော်ဌေး ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ၎င်းနှင့် အစိုးရ၏ မြို့နယ် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရာရှိများ ပါဝင်သော အဖွဲ့ ၁ ဖွဲ့သည် ရမ်းဗြဲကျွန်းနှင့် ကျောက်ဖြူမြို့နယ်ကို ဆက်သွယ်သည့် ကင်ချောင်းတံတား တည်ဆောက်ရေး လုပ်ငန်း တိုးတက်မှုကို စစ်ဆေးစဉ် ထိုစက်ရုံကို ပြီးခဲ့သည့် အင်္ဂါနေ့က မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ထိုနေရာတွင် တန်နှင့်ချီသော ကျောက်မီးသွေးများ၊ ဗို့အား အလွန်မြင့်မားသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်နှင့် တရုတ်အလုပ်သမားအများအပြားကို ၎င်းတို့ အဖွဲ့ တွေ့ခဲ့ကြောင်း၊ စစ်ဆေးသူများ တွေ့ရှိသော အရာများတွင် စက်ရုံ လုပ်သားများအတွက် နေအိမ်များ ဖြစ်ပုံရသည့် အဆောက်အအုံများ၊ ပိုက်လိုင်းစနစ်များနှင့် ဆိပ်ခံဗောတံတားငယ် တခုတို့လည်း ပါဝင်ကြောင်း ဦးဖိုးစံက ပြောသည်။

ထိုတရုတ်အလုပ်သမားများက စက်ရုံပိုင်ရှင်သည် ဒေသထွက်ငါးနှင့် ပင်လယ်ထွက်ကုန်များကို ဝယ်ယူပြီး ငါးမုန့်ပြုလုပ်ရန် စီစဉ်ထားကြောင်း ဦးဖိုးစံနှင့် အဖွဲ့ကိုပြောသည် ဟု သိရသည်။

“ဒီစက်ရုံက ကျောက်မီးသွေးနဲ့လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ကျနော်တို့ သိရတယ်။ ကျောက်မီးသွေးသုံးစက်ရုံရဲ့ ဆိုးကျိုးတွေကို ဘယ်သူ တာဝန်ယူမလဲ” ဦးဖိုးစံက သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပိုက်များသည် ရေဆိုးများ ထုတ်ရန်အတွက် ဖြစ်သည်ဟု ယုံကြည်ကြောင်းနှင့် ထိုပိုက်များသည် အနီးရှိ မြစ်ကမ်းသို့ ဦးတည်နေကြောင်းလည်း သူက ရေးသားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ခန့်အပ်သော အစိုးရသည် ထိုစက်ရုံနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးတိုင်ပင်ခြင်း မရှိခဲ့ကြောင်းလည်း သူက ဖော်ပြသည်။

ကျောက်ဖြူမြို့နယ်ရှိ ကျောက်မီးသွေးသုံး ငါးမုန့်စက်ရုံ/U Phoe San/Facebook

“ဒီရွာက ကျနော့် မဲဆန္ဒနယ်ထဲမှာ ရှိပေမယ့် ဒီစီမံကိန်းအကြောင်း ကျနော့်ကို မပြောဘူး။ ဆောက်ပြီးသွားမှပဲ ကျနော်တို့ သိရတော့တယ်” ဟုလည်း ဦးဖိုးစံက ပြောသည်။

ထိုကုမ္ပဏီသည် မြေ ၂ ဧကခန့်တွင် အဆောက်အအုံများစွာ တည်ဆောက်ခဲ့ကြောင်း ဦးဖိုးစံ၏ အဆိုအရသိရသည်။ စက်ရုံပိုင်ရှင်သည် လေးတောင် စံပြကျေးရွာတွင်လည်း အခြားစီးပွားရေး စီမံကိန်းများအတွက် မြေများဝယ်ယူထားသည်ဟု ဒေသခံများက သူ့ထံ တိုင်ကြားကြောင်းလည်း သူက ပြောသည်။

NLD က ခန့်အပ်သော ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ထိုစီမံကိန်းနေရာသို့ လွန်ခဲ့သောလက သွားရောက်ခဲ့သည် ဟုလည်း သိရသည်။

ဧရာဝတီက ထိုစက်ရုံသည် ပြည်ထောင်စုအဆင့် သို့မဟုတ် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်ရ၊ မရ မေးမြန်းရာ ရခိုင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်း က “အဲဒီကိစ္စ ကျနော်မသိဘူး” ဟု ဖြေသည်။

ထိုစက်ရုံကို ရတီ အမည်ရှိ ကုမ္ပဏီက ပိုင်ဆိုင်ကြောင်းနှင့် တရုတ်ပညာရှင် ၃ ဦးတို့သည် ပိုက်လိုင်းနှင့် လျှပ်စစ်စနစ်များ တပ်ဆင်ရန် ထိုနေရာတွင် နေထိုင်နေကြောင်း စက်ရုံမန်နေဂျာ ကိုစည်သူဖြိုးက ပြောသည်။

ထိုကျောက်မီးသွေးများအနက် အချို့ကို နိုင်ငံအနှံ့အပြားမှ ဝယ်ယူထားကြောင်း၊ ကင်မြောက်ကျေးရွာသည် မဟာဓာတ် အားလိုင်းနှင့် ချိတ်ဆက်မှု မရှိသောကြောင့် စက်ရုံကို ကျောက်မီးသွေးနှင့် လည်ပတ်ရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သူပြောသည်။

ဒေသခံများ၏ ဆန့်ကျင်မှုကြောင့် စီမံကိန်းကို လတ်တလော ရပ်ဆိုင်းထားသည်ဟု အထက်ပါကုမ္ပဏီက ပြောသော်လည်း စက်ရုံကို တည်ဆောက်ပြီး လည်ပတ်ရန် နီးကပ်နေပြီ ဖြစ်နေသောကြောင့် သံသယ ရှိနေသေးသည်။ ဓာတ်အားပေးစက်၏ မြင်းကောင်ရေနှင့် ဗို့အား၊ စက်ရုံသို့ရောက်နေသော ကျောက်မီးသွေးများ၏ အဆင့်နှင့် အလားအလာ ရှိသော အခြား စွမ်းအင်ရင်းမြစ်တို့ကို ပြောပြရန်ကိုမူ ကိုစည်သူဖြိုးက ငြင်းဆန်သည်။

ကျောက်ဖြူသည် စွမ်းအင်ရင်းမြစ် ပေါကြွယ်သော ဒေသဖြစ်ပြီး ဓာတ်ငွေ့နှင့် ရေနံစိမ်း တန်ချိန်သန်းပေါင်းများစွာကို တရုတ်နိုင်ငံကူမင်းသို့ တင်ပို့နေသည်။ လက်ရှိအစီအစဉ် အတိုင်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်ပါက ထိုစက်ရုံသည် ရခိုင်ပြည်နယ်တွင် ပထမဆုံး ကျောက်မီးသွေး ဓာတ်အားသုံး စက်ရုံဖြစ်လာမည် ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် Moe Myint ၏ Locals Fear Coal-Powered Fish Factory in Southern Rakhine ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

အရပ်ဘက်အဖွဲ့အစည်းများ၏ စွမ်းအင်မူဝါဒဆိုင်ရာ အိတ်ဖွင့်ပေးစာ အစိုးရထံ ပေးပို့မည် 

ရေက ရွှေထက် ရှားလာရာ

အရှေ့တောင်အာရှသည် တရားမဝင် တောရိုင်းတိရစ္ဆာန်နှင့် သစ်ကုန်ကူးမှုတို့ ဆုံချက်ဖြစ်နေ 

Did you find apk for android? You can find new Free Android Games and apps.
Loading