ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မိုးပျံရထားဘူတာရုံ တခုအနီးနှင့် အခြားနေရာ ၃ ခုတို့တွင် ပေါက်ကွဲသံများ သောကြာနေ့ နံနက်ပိုင်းက ကြားရကြောင်း၊ အလားတူ ရာမ ၉ လမ်းမပေါ်တွင် လူ ၂ ဦးဒဏ်ရခဲ့သည်ဟု အတည်ပြုချက် ရရှိကြောင်း သတင်းရရှိကြောင်း Bangkok Post သတင်းက ဆိုသည်။
ယနေ့နံနက် ၈နာရီ ၅၀ မိနစ်ခန့်က ဗုံးသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကို ကြားခဲ့ရပြီးနောက် Chong Nonsi မိုးပျံရထားဘူတာရုံ၏ ထွက်ပေါက် အမှတ် ၃နှင့် ၄တို့ကို ပိတ်လိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းပြန်ပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
Bangkok Post သတင်းစာ၏ Twitter တွင် BTS မိုးပျံရထား Chong Nonsi ဘူတာရုံအနီးရှိ King Power မဟာနခွန် အဆောက်အဦ အပြင်ဘက်တွင် ကျယ်လောင်သည့်အသံထွက်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး၊ ဘူတာ ပလက်ဖောင်းပေါ်တွင် မှန်ကွဲစများ ကြဲပြန့်နေပုံကိုပါ လွှင်တင်ထားသည်။
အလားတူ ရာမ ၉ လမ်းပေါ်ရှိ ဆွိုင် ၅၇/၁ တွင် ကျယ်လောင်သည့်အသံများ ထွက်ပေါ်ခဲ့ပြီးနောက် လမ်းသန့်ရှင်းရေး လုပ်သားနှစ်ဦး နံနက် ၈:၅၀ နာရီက ဒဏ်ရာရရှိသွားသကဲ့သို့ ချောင်ဝပ်တနာ လမ်းပေါ်ရှိ အစိုးရ အဆောက်အဦ အနီးတွင်လည်း ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အခင်းဖြစ်ပွားရာတွင် ပေါက်ကွဲစေနိုင်သောပစ္စည်းများကို ရဲတပ်ဖွဲ့က ရှာဖွေရှင်းလင်းလျက်ရှိသည်။