သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လက်ခံရေး မြန်မာ ကတိကဝတ်ကို အာဆီယံ ထောက်ခံ

ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းအားလုံး ထိရောက်စွာ စိတ်ချလုံခြုံမှု ရရှိစေရေးနှင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ၎င်းတို့ဆန္ဒအလျောက် နေရပ်သို့ ဘေးကင်းလုံခြုံ သိက္ခာရှိစွာဖြင့် ပြန်လာရန် စေ့စပ်ညှိနှိုင်းနေသည့် မြန်မာအစိုးရ၏ ကတိကဝတ်ကို ဆက်လက် ထောက်ခံကြကြောင်း အာဆီယံ နိုင်ငံခြားဝန်ကြီးများက ထပ်လောင်း အတည်ပြုခဲ့သည်။

ပြီးခဲ့သော ရက်များအတွင်းဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ၅၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးက ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် “ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် လူများ နေရပ်ပြန်ရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ထိရောက်စွာ ဆက်လက် ဆွေးနွေးရန် ယခု တက်ရောက်လာသည့် ဝန်ကြီးများက မျှော်လင့်သည်” ဟု ဖော်ပြထားသည်။

“ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ နောက်ဆုံးအစီရင်ခံစာ၏ ကျန်ရှိနေသေးသော အကြံပြုချက်များကို မြန်မာက ဆက်လက် အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့ အားပေးတိုက်တွန်းသည်” ဟုလည်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

အစည်းအဝေးအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ရခိုင်ပြည်နယ်ရှိ လူသားချင်း စာနာထောက်ထားမှု အခြေအနေများအကြောင်း မြန်မာဘက်က ရှင်းလင်းချက်ကို ကြားသိခဲ့ကြသည်။

အကျပ်အတည်း ဖြစ်ပေါ်စေသည့် အရင်းအမြစ် ဖော်ထုတ်ရန် ပြည့်စုံပြီး ရေရှည်တည်တံ့မည့် ဖြေရှင်းချက် ထွက်ပေါ်ရေး၊ ထိခိုက်ခဲ့သော အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ဘဝနေထိုင်မှု ပြန်လည် တည်ဆောက်နိုင်အောင် အထောက်အကူပြုမည့် ပတ်ဝန်းကျင် ဖန်တီးပေးရေး တို့အတွက်လည်း အဆိုပါ ဝန်ကြီးများက တိုက်တွန်းခဲ့ကြသည်။

မြန်မာအစိုးရ ဖွဲ့စည်းပေးသည့် လွတ်လပ်သော စုံစမ်းရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တခြားဆက်စပ် ကိစ္စရပ်များကို လွတ်လပ်၍ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးခြင်းဖြင့် တာဝန်ခံမှုကိုလည်း အာဆီယံ ဝန်ကြီးများက မျှော်လင့်ကြသည်။

ရခိုင်ပြည်နယ်တွင် မတူညီသည့် အသိုင်းအဝိုင်းများ အကြား ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အပြင် ရေရှည်တည်တံ့ပြီး သာတူညီမျှ ဖွံ့ဖြိုးစေရန် မြန်မာအစိုးရ၏ အားထုတ်မှုကို အာဆီယံက ဆက်လက် ထောက်ခံကြောင်း အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများက ထပ်လောင်း အတည်ပြုခဲ့ကြသည်။

“လူသားချင်း စာနာသည့် အကူအညီပေးရေး၊ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် ညှိနှိုင်းရေးနှင့် ရေရှည် ဖွံ့ဖြိုးမှု မြှင့်တင်ရေးတို့အတွက် မြန်မာကို အထောက်အကူ ပြုသည့် အာဆီယံကဏ္ဍ တိုးတက်စေရန်နှင့် ပိုမို မြင်သာစေရန် ကျွန်ုပ်တို့ အားပေးထောက်ခံကြောင်း ထပ်လောင်း ပြောကြားလိုသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။

အာဆီယံ အတွင်းရေးမှူးရုံးနှင့် အာဆီယံ သဘာဝဘေးဆိုင်ရာ လူသားချင်း စာနာမှု အထောက်အပံ့ ပေးရေး ဌာနတို့မှ ကိုယ်စားလှယ်များနှင့် အတူ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် အဆင့်မြင့် မစ်ရှင်အဖွဲ့၏ ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်အထိ ကော့ဘဇား ခရီးစဉ်နှင့် နေရပ်ပြန်လာသူများ၏ အလားအလာအပေါ် မြန်မာဘက်က စီစဉ်ထားရှိသည့် သတင်း အချက်အလက်များ ဝေငှခြင်းတို့အတွက် ယခု နိုင်ငံခြားရေး ဝန်ကြီးများက ကြိုဆိုပါကြောင်း ၎င်းတို့ကြေညာချက်တွင် ဖော်ပြထားသည်။

“သင့်လျော်သည့် ကြားကာလများတွင် လိုအပ်သည့် အကဲဖြတ်ချက်များ စုံလင်စွာ ဆောင်ရွက်ထားရှိမှုကို ကျွန်ုပ်တို့ မျှော်လင့်ပါသည်” ဟု ကြေညာချက်က ဆိုသည်။

“အထောက်အပံ့ရရှိမည့် အခြေခံ ဝန်ဆောင်မှုများ အရေးတကြီး ဦးစားပေးရခြင်းနှင့် အာဆီယံ ဆွေးနွေးဖက်များနှင့်အတူ လက်တွဲအဖြေရှာခြင်း၏ အသုံးဝင်မှုတို့ကို ကျွန်ုပ်တို့ အလေးထားပါသည်” ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန်

မလေးရှားဝန်ကြီးချုပ် စွပ်စွဲချက် မြန်မာအစိုးရ ကန့်ကွက်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ မြန်မာနိုင်ငံ ပြန်ရေး အာဆီယံ ကူညီမည်

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

Loading