မဲခေါင်မြစ်ပေါ်တွင် တရုတ်က ဆည်တမံ တည်ဆောက်နေမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ဝေဖန်လိုက်ပြီး အရှေ့တောင်အာရှ နိုင်ငံများ၏ မြစ်အောက်ပိုင်းတွင် အရေးပါသော ရေလမ်းခရီး သွားလာမှုကို ဆယ်စုနှစ်တခု ကြာအောင် အနိမ့်ဆုံး ဖြစ်စေခဲ့ကြောင်း ထောက်ပြခဲ့သည်။
ယမန်နေ့က မဲခေါင်မြစ် အောက်ပိုင်း အစပျိုးမှု နိုင်ငံများမှ ဝန်ကြီးများနှင့် ဘန်ကောက်မြို့၌ တွေ့ဆုံစဉ် မစ္စတာပွန်ပီယိုက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါဝန်ကြီးများသည် မဲခေါင်မြစ်ညာပိုင်း ဆက်စပ်၍ မိုးခေါင်လာခြင်း အပေါ် စောဒက တက်လာကြသည်။
“ဒီမြစ်က ဆယ်စုနှစ် တခုအတွင်း ရေပမာဏ အနိမ့်ဆုံး ကျသွားတယ်။ ပြဿနာကတော့ မြစ်ညာပိုင်းမှာ ရေပိတ်ဖို့ တရုတ် ဆုံးဖြတ်လိုက်တာနဲ့ ဆက်စပ်နေပါတယ်” ဟု မစ္စတာပွန်ပီယိုက ပြောသည်။
ယခုရက်သတ္တပတ်အတွင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ထိုင်းနိုင်ငံတွင် မိုးခေါင်မှု အခြေအနေများ ဖြစ်ပေါ်နေသည်။ အာဆီယံ ဝန်ကြီးများ အစည်းအဝေးသို့ တရုတ်နှင့် အမေရိကန်တို့လည်း တက်ရောက် ခဲ့ကြသည်။
မိုးခေါင်မှုကြောင့် ထိုင်း လယ်သမား အများအပြား ထိခိုက်နစ်နာ နေရပြီး ထိုင်းအစိုးရက ၎င်းတို့ကို ကောက်ပဲသီးနှံ စိုက်ပျိုးရေး ဆိုင်းငံ့ထားရန် တိုက်တွန်းထားရသည်။
အမေရိကန် အနေဖြင့် အင်ဒို-ပစိဖိတ် နိုင်ငံများကို ဘက်လိုက်ရန် မည်သည့်အခါမှ တိုက်တွန်းခဲ့ခြင်း မရှိကြောင်းလည်း ၎င်း၏ အရှေ့တောင်အာရှ ဆွေးနွေးဖက်များအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အင်အား ကြီးထွားလာသော တရုတ်တို့အကြား ဒေသတွင်း ပြိုင်ဆိုင်မှုမှာ ယခု ရက်သတ္တပတ် လုံခြုံရေး အစည်းအဝေးတွင် လွှမ်းမိုးနေခဲ့သည်။
“ကျနော်တို့က အင်ဒို-ပစိဖိတ် ဒေသက ဘယ်နိုင်ငံကိုမှ နိုင်ငံတွေကြား ရွေးချယ်ကြဖို့ တခါမှ မတိုက်တွန်းခဲ့ ပါဘူး။ ကြည့်လိုက်ပါ” ဟု ပွန်ပီယိုက အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“အာဆီယံအပေါ် အမေရိကန် သံခင်းတမန်ခင်းဟာ ကျနော်တို့ မိတ်ဖက်လိုလားမှု အထိန်းအကွပ်နဲ့ တသမတ်တည်း ထားရှိခဲ့တာ ဆယ်စုနှစ်များစွာ ကြာပါပြီ။ တနိုင်ငံချင်းစီရဲ့ အချုပ်အခြာ အာဏာကို ကျနော်တို့ လေးစားပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ စဉ်ဆက်မပြတ် စီးပွားတိုးတက်ရေး အခြေခံတွေ အပေါ်မှာ ကျနော်တို့ ကတိကဝတ်တွေ ဝေမျှပေးခဲ့ပါတယ်” ဟု ၎င်းက အကျဉ်းချုပ် မှတ်ချက်ပေးခဲ့သည်။
You may also like these stories:
ရခိုင် သိမ်းပိုက်ရေး အကြံပြုသည့် အမေရိကန် အမတ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
မလေးရှား ရထားလမ်း စရိတ် တဝက်နီးပါး လျှော့ပေးမည်ဟု တရုတ် ကမ်းလှမ်း
နိုင်သူမရှိသည့် ကုန်သွယ်ရေးစစ်ပွဲ အမေရိကန်နှင့် ဆွေးနွေးရန် အသင့်ဟု တရုတ်ပြော