လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တို့၏ ဘဏ်စာရင်းများကို ဗဟိုဘဏ်မှ စစ်ဆေးပြီး၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက ပြောသည်။
ဦးစိုးသိန်းက “ကျနော်တို့ဆီက Data (အချက်အလက်) တောင်းတာ ပေးပြီးပါပြီ” သြဂုတ် ၂ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။ “ငွေကြေးခဝါချမှုတို့ အဂတိတိုက်ဖျက်ရေးတို့ လူကုန်ကူးမှုတို့ သူတို့ကနေပြီးတော့ စာရင်းတွေ တောင်းရင် ကျနော်တို့က ဘဏ်တွေကို ဖြန့်ပြီး တောင်းတယ်။ ရတဲ့ ဥစ္စာတွေကို သူတို့ကို ပြန်ပေးတယ်။ ကျနော်တို့ရဲ့ ဖန်ရှင်က ဒါပဲ” ဟု ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဇနီး၊ ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် ဇနီးတို့၏ ငွေစာရင်းအမှတ်နှင့် အချက်အလက်များကို ဇူလိုင်လ ၉ ရက်နေ့က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဗဟိုဘဏ်သို့ တောင်းခံထားသည့် စာမှာ ဆိုရှယ်မီဒီယာပေါ်သို့ ပေါက်ကြားလာခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင်လ ၁ဝရက်၊ ရက်စွဲဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြား ဘဏ်/ ဘဏ်ခွဲ များကို လိပ်မူကာ အဆိုပါ လေးဦး၏ “ငွေစာရင်းအမှတ်နှင့် အချက်အလက်များ စိစစ်ပြန်ကြားပေးပါရန်” အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ကို အစိုးရက အတည်ပြုပေးခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ် ၂၇ တခုတည်းသို့ ဝင်ရောက် စစ်ဆေးခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ စတက်သည့် ၂၀၁၆ ခုနှစ်မှ စ၍ ယနေ့အချိန်အထိ ၃ နှစ်စာ မှတ်တမ်းများကို သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။
ဗဟိုဘဏ်သို့ တောင်းထားသည့် စာရင်းဇယားများ ရောက်ပြီးဆိုသည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောဆိုသော်လည်း စုံစမ်းစစ်ဆေးမှု အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။
၎င်းက “လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့က စိစစ်နေတာပါ။ မပြီးသေးပါဘူး။ စုံစမ်းစစ်ဆေးနေတဲ့ ကာလမှာ စုံစမ်းစစ်ဆေးချက်တွေကို လျှို့ဝှက်ထားရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးကာလမှာ ကျနော်တို့က ပြောခွင့်မရှိပါဘူး” ဟု ပြောသည်။
လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သည် ကျန်းမာရေး မကောင်းသဖြင့် နိုင်ငံတော် သမ္မတရုံးထံသို့ ဆေးခွင့် တောင်းခံပြီး အနားယူနေရသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဆက်လက် တာဝန်ယူထားပြီး နိုင်ငံတော် အတိုင်ပင် ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စု ဝန်ကြီး ရာထူးကို ပူးတွဲ တာဝန်ယူထားကြောင်း သိရသည်။
NLD အစိုးရ လက်ထက်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အရေးယူ စုံစမ်းစစ်ဆေးမှုများကို ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ် အစိုးရ အဖွဲ့ဝင်များအထိ ပြုလုပ်လာခဲ့သည်။
၂၀၁၈ ခုနှစ်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုဖြင့် ကော်မရှင်က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဦးကျော်ဝင်းက ဝန်ကြီးရာထူးမှ နှုတ်ထွက်သွားခဲ့သည်။ သို့သော် ဦးကျော်ဝင်းတွင် အဂတိလိုက်စားကြောင်း ခိုင်လုံသည့် အထောက်အထား မတွေ့ရသဖြင့် ကော်မရှင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
လတ်တလော စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတွက် Ambulance ယာဉ်များကို စက်မှုဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့ သည့် ပစ္စည်းများ ဝယ်ယူခဲ့ရာတွင် ဈေးနုန်းများကွာဟနေသည့်ကိစ္စနှင့် BPI ဆေးဝါးစက်ရုံ အတွက်ကုန်ကြမ်း ပစ္စည်းများကို တင်ဒါခေါ် ယူခြင်းမရှိဘဲ ဝယ်ယူခဲ့သည့်ကိစ္စ နှစ်ခုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ စစ်ဆေးခြင်း ခံရကြောင်း သိရသည်။
သို့သော် ဦးခင်မောင်ချိုကို ၎င်း၏သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး ၎င်း၏တာဝန်များအား စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို ပူးတွဲထမ်းဆောင်စေကြောင်း ဇူလိုင် ၃၀ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ကိုမူ အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်
စက်မှုဝန်ကြီး ဦးခင်မောင်ချို တာဝန်မှ အနားပေးခံရ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ