တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တစုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့၏ လုပ်ငန်းစဉ်အချို့ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
ထိုဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့ အထိ ပြုလုပ်ခဲ့သော UNFC အရေးပေါ်ကောင်စီဝင် အစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း UNFC ဥက္ကဋ္ဌ နိုင်ဟံသာက အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။
နိုင်ဟံသာ က “လူထုကို အသိပေးချင်တဲ့ အပိုင်းကတော့ ကျနော်တို့ UNFC မှာ လက်ရှိ အနေ အထားအရ အဖွဲ့ဝင်တွေက တဖွဲ့နဲ့ တဖွဲ့မတူကြဘူး။ တချို့ကလည်း NCA ထိုးထားတယ်။ တချို့က မထိုးရသေးဘူး။ တချို့က မြောက်ပိုင်း မဟာမိတ်နဲ့ လက်တွဲနေတယ်။ အဲသလို မတူညီတဲ့ အခြေအနေကြောင့်လည်း အပါအဝင်ပေါ့” ဟု ပြောသည်။
UNFC လက်ကျန် အဖွဲ့ ၅ ဖွဲ့တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) တို့ဖြစ်သည်။ ထိုအထဲမှ SSPP အဖွဲ့သည် အရေးပေါ် ကောင်စီ အစည်းအဝေးကို လာတက်နိုင်ခြင်း မရှိဟု သိရသည်။
UNFC တပ်ပေါင်းစု ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖွဲ့စည်းခဲ့သည်။
ထို တပ်ပေါင်းစု ၁၂ ဖွဲ့ထဲတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ “ဝ”အမျိုးသားအဖွဲ့ချုပ် (WNO)နှင့် ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။
သို့သော်လည်း ထိုအထဲမှ NMSP၊ SSPP၊ KNPP နှင့် ANC တို့မှလွဲ၍ ကျန်အဖွဲ့များသည် အကြောင်းပြချက် အမျိုးမျိုး ပြ၍ တပ်ပေါင်းစုမှ နုတ်ထွက်သွားခဲ့ကြသည်။
ထိုတပ်ပေါင်းစု အဖွဲ့ဝင်များထဲမှ KNU၊ NMSP၊ CNF၊ PNLO နှင့် LDU တို့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုခဲ့ကြပြီး KIO၊ SSPP၊ KNPP၊ TNLA၊ MNDAA၊ WNO နှင့် ANC တို့က လက်မှတ် မထိုးရသေးပေ။
၂၀၁၇ နှစ်ဆန်း၌ တရုတ်ပြည်နယ်စပ်ကို မှီခိုနေရသော မထိုးရသေးသော အဖွဲ့များ စုပြီး FPNCC ခေါ် မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ စတင်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုဖြင့် ဖွဲ့စည်းခဲ့သောUNFC ၏ အနေအထားမှာ တဖြည်းဖြည်း အားပျော့သွားခဲ့သည်။
နိုင်ငံရေး အခြေနှင့် တဖွဲ့ချင်းစီ၏ မတူညီသော လိုအပ်ချက် အခြေအနေများကြောင့် တပ်ပေါင်းစု အဖွဲ့ဝင်များ ယင်းသို့ နုတ်ထွက်သွားကြသော်လည်း ဘုံရည်မှန်းချက်တူသဖြင့် ပူးပေါင်းဆောင်ရွက် မှုများလည်း ရှိကြောင်း နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာ က “ဘယ်လောက်ပဲ အမြင်မတူညီတဲ့အပိုင်းတွေ ရှိပေမယ့် အားလုံးကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေး အမြင်တူကြတယ်။ အဲ့ဒီမှာ ကျနော်တို့ အချင်းချင်း လက်မတွဲဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင် ရောက်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ဟာက အားလုံး အမြင်တူကြတယ်။ ဒါပေမယ့် ယာယီ အနေအထားအရ တချို့နေရာမှာ မတူညီပေမယ့် ဆက်စပ်ပြီးတော့ လုပ်နေပါတယ်” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
မညီညွတ်သော တိုင်းရင်းသား လူမျိုးများ နှင့် ဖက်ဒရယ် အရေး