သမ္မတ ဦးဝင်းမြင့်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ တွေ့ဆုံပွဲအတွင်း မီဒီယာသမားများအား သတင်းရယူခွင့် ကန့်သတ်ခံရကြောင်း သိရသည်။
မန္တလေးမြို့ရှိ ကွန်ဗင်းရှင်းစင်တာ (MCC)၌ သြဂုတ်လ ၂ ရက် နံနက်ပိုင်းက နိုင်ငံတော် သမ္မတနှင့် မန္တလေးတိုင်း ဒေသ ကြီး အစိုးရ၊ လွှတ်တော်၊ တရားရေး ဌာနတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
မန္တလေးမြို့ခံ သတင်းထောက် ကိုလင်းထူးက“အခုပွဲမှာ သမ္မတ မိန့်ခွန်းပြောတာလောက်တော့ သတင်းယူလို့ရမယ် ထင် ထားတာ။ သမ္မတရောက်ပြီး ၂ မိနစ်လောက် အချိန်လေးပဲ ဓာတ်ပုံရိုက်ခွင့်ပြုပြီး ချက်ချင်း မောင်းထုတ်ခံခဲ့ရတာ။ ပြောရ မယ်ဆိုရင် လက်ရှိ တိုင်းအစိုးရက မီဒီယာတွေနဲ့ ပူးပေါင်းလိုစိတ် မရှိဘူးဆိုတာ ပြလိုက်တာပဲလို့ မြင်ပါတယ်” ဟု ပြော သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပုဂ္ဂလိက သတင်းမီဒီယာများကို သတင်းယူခွင့် မပြုဘဲ ဓာတ်ပုံရိုက်ပြီး ပြန်လည် ထွက်ခွာကြရန် အခမ်းနားမှူးက အကြိမ်ကြိမ် သတိပေးပြောကြားခဲ့သလို သမ္မတ ခန်းမအတွင်း ရောက်ရှိပြီး ၂ မိနစ်ခန့် အကြာ၌ သတင်း မီဒီယာသမားများ ပြန်လည် ထွက်ခွာရန် လုံခြုံရေးများက ပြောဆိုခဲ့ကြသည်။
သတင်း မီဒီယာ ကောင်စီမှ ဦးဇေယျာလှိုင်က“အခုလိုကိစ္စမျိုးတွေကို ထိပ်ပိုင်း ခေါင်းဆောင်တွေကတော့ အသေးစိတ် ညွှန်ကြားချင်မှ ညွှန်ကြားလိမ့်မယ်။ အောက်ကလူတွေကပဲ သူတို့သဘောနဲ့ သူတို့ ပိတ်ပင်တားဆီးတာလို့ပဲ ယူဆရပါ တယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတနဲ့ အတိုင်ပင်ခံ ခရီးစဉ်တွေမှာ အတိုင်အတောတွေကလည်း အများကြီးဆိုတော့ လည်း အောက်ခြေမှာရှိတဲ့ ယန္တရားက အများပြည်သူကို တိုက်ရိုက် မသိစေချင်တဲ့ သဘောလို့ပဲ ယူဆရပါတယ်”ဟု ပြော သည်။
သမ္မတနှင့် မန္တလေးတိုင်း ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် သတင်းရယူနိုင်ရန် သက်ဆိုင်ရာ မီဒီယာဌာနများ၏ ထောက် ခံ စာများဖြင့် ဝင်ခွင့်ကတ်များ ပြုလုပ်ခဲ့ရပြီး ယခုကဲ့သို့ သတင်းယူခွင့် မရခြင်း အပေါ် ပွဲစီစဉ်သူများအား မေးခွန်း ထုတ် ရမည်ဟု မြိုခံ သတင်းထောက်များက ပြောဆိုသည်။
မန္တလေးမြို့ခံ သတင်းထောက် ကိုမြတ်(ကလေး)က“သမ္မတ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကတ်သွားလုပ်တော့ ကျနော်တို့ ဌာန တွေရဲ့ ထောက်ခံစာ လိုတယ်ဆိုလို့ လှမ်းတောင်းပြီးမှ ကတ်ထုတ်ခဲ့ရတာပါ။ ဒီနေ့မနက်ကျတော့ ဌာနဆိုင်ရာနဲ့ တွေ့ဆုံပွဲ ဖြစ်လို့ သမ္မတလာတဲ့ အထိပဲ ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခွင့်ပြုမယ်၊ ပြီးရင်ထွက်ပေးကြပါလို့ အခမ်းအနားမှူးက ဆက်တိုက် ကြေညာခဲ့တယ်။ ကျနော်တို့က သမ္မတမိန့်ခွန်းပြောတာလေး အထိတော့ သတင်းယူခွင့်ပြုဖို့ ပြောဆိုခဲ့ပေ မယ့် လက်မခံဘဲ အတင်း မောင်းထုတ်ခဲ့ကြတာပါ”ဟု ပြောသည်။
အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပခဲ့သည့် သမ္မတနှင့် တွေ့ဆုံပွဲများတွင် သတင်းသမားများ သတင်း ရယူခွင့်ရရှိခဲ့ကြပြီး ယခုတွေ့ဆုံပွဲတွင် သတင်းမီဒီယာများ၌ သတင်းထုတ်ပြန်ရေး အတွက် သီးသန့် ထုတ်ပြန်ပေး သွားမည် ဟုသာ ပြောကြားခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက “ဓာတ်ပုံ၊ ဗီဒီယိုပဲ ရိုက်ကူးခွင့်ရမယ် ဆိုပြီး ဝန်ကြီးချုပ် ညွှန်ကြား ချက်မို့ ဘာမှလုပ်လို့မရဘူး” ဟု မီဒီယာများအား ပြောဆိုသည်။
ထို့ပြင် သတင်းယူခွင့်ရရန် ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက်တင်ပြရန်လည်း ၎င်းက ပြောသည်။
ဦးဇေယျာလှိုင်က“သတင်းစာဆရာတွေကတော့ အများပြည်သူတွေ အတွက် သတင်းအချက်အလက် ရယူတင်ပြတာ ပေါ့ လေ။ အဲဒီအခမ်းအနားမှာ ပြည်သူတွေ အကုန်လုံး လာနိုင်တာ မဟုတ်ဘူး။ ဒီတော့ မီဒီယာသမားတွေက ကိုယ်ပိုင် မီဒီယာ အသီးသီးကနေ ပြည်သူကို အစီရင်ခံမှာ၊ လူထုကလည်း သိချင်တဲ့ကိစ္စဖြစ်တော့ မီဒီယာကနေ ထုတ်ပြန်ပေးရ မှာပဲ လေ။ ဒါကို ပိတ်ဆို့တားဆီးတယ် ဆိုတာက လူထုရဲ့သတင်း သိပိုင်ခွင့်ကို ပိတ်ဆို့တားဆီးတာနဲ့ အတူတူပါပဲ”ဟု ပြောဆိုသည်။
အဆိုပါ အခမ်းအနားတွင် MRTV News ၊ Skynet ၊ မြန်မာ့အလင်း သတင်းစာ၊ ကြေးမုံသတင်းစာနှင့် သတင်းစဉ် အဖွဲ့ များ ကိုသာ သတင်း ရယူခွင့်ပြုခဲ့ပြီး ကျန်ရှိသော သတင်းဌာနများအား တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ဦးဇေယျာလှိုင်က လက်ရှိအစိုးရတွင် မီဒီယာ ပေါ်လစီမရှိကြောင်းနှင့် နိုင်ငံပိုင် မီဒီယာများနှင့် ပုဂ္ဂလိက မီဒီယာများကို တန်းတူညီမျှ အခွင့်အရေး မပေးကြောင်း ပြောဆိုသည်။
“ပွဲတိုင်းမှာ လက်ရှိအစိုးရရဲ့ မီဒီယာ အပေါ် စီစဉ်မှု ညံ့ဖျင်းတာ ပွဲတိုင်းလိုလို တွေ့နေရတာပဲလေ။ တကယ်တမ်းက သမ္မတ ပြောတဲ့ အသံတွေ၊ အရုပ်တွေကို လူထုက သိချင်မှာပဲလေ။ အဆင်ပြေပြေစီစဉ်ပေးရမယ် ဆိုတဲ့ စိတ်ကူးမျိုး မရှိတာ။ ပြော ရမယ်ဆိုရင် မီဒီယာတွေအပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ပုံစံပေါ့လေ။ သူတို့ရဲ့ ဝါဒဖြန့်ချိရေး မီဒီယာ တွေပဲ ခွင့်ပြုမယ်။ ကျန်တဲ့မီဒီယာတွေကို ခွင့်မပြုဆိုတဲ့သဘောက သိသာ ထင်ရှားလွန်းနေပါတယ်”ဟု လည်း ဦးဇေယျာလှိုင် က ပြောသည်။
သမ္မတ ဦးဝင်းမြင့် သက်တမ်း ၁ နှစ်ကျော် အတွင်း မန္တလေးမြို့သို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ပြီး တွေ့ဆုံပွဲ ကျင်းပသည့် ကွန်ဗင်းရှင်း စင်တာ (MCC)တွင် တိုင်စာ လက်ခံဌာနကိုလည်း ဖွင့်လှစ်ခဲ့ရာ သမ္မတထံတိုင်ကြားစာ ၁၀ စောင် လက်ခံရရှိခဲ့ကြောင်း အဆိုပါ ဌာနက ပြောသည်။
တိုင်ကြားမှုများ အနက် သိမ်းဆည်းခံ မြေယာ ပြဿနာများ၊ စီမံကိန်းမြေယာ ပြဿနာများ၊ မြေယာ အငြင်းပွားမှုများ၊ တရားစီရင်ရေး ဆိုင်ရာများ အများဆုံး တိုင်ကြားခဲ့ကြပြီး မန္တလေးမြို့၊ မတ္တရာမြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့များမှ တိုင်ကြား ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
အလားတူ မေလ ၁၇ ရက်က စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာရှိ သဘာဝဓာတ်ငွေ့သုံး ဘယ်လင်း ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်တွင်လည်း တိုင်ကြားစာ လက်ခံဌာန ဖွင့်လှစ်ခဲ့ရာ တိုင်ကြားစာ ၄၄ စောင် လက်ခံ ရရှိခဲ့သည်ဟု ဆိုသည်။
You may also like these stories:
တပ်မတော်၏ပြောဆိုချက်များသည် မီဒီယာများ လုပ်စားရန် မဟုတ်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော
သတင်းများ ခိုးယူဖော်ပြနေသည့် မီဒီယာ အတုအယောင်များ စာရင်း MPC ထုတ်ပြန်
သတင်း လွတ်လပ်ခွင့် အပေါ် သတင်းစာဆရာများရဲ့ အမြင်