ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်းရွာမှ ရွာသားနှစ်ဦးသည် ယမန်နေ့ည ၁၀နာရီကျော်က ပုဏ္ဏားကျွန်းမြို့နယ်မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မင်းချောင်းတံတား (အမြင့်ကျွန်းတံတား) အရောက် ပစ်ခတ်ခံရ၍ တဦးသေဆုံးကြောင်း သိရသည်။
ပစ်ခတ်ခံရသူများမှာ ကိုချစ်သူအောင်နှင့် ကိုဇော်မြင့်လွင်တို့ဖြစ်ပြီး အမြင့် ကျွန်းတံတား တဘက်ရှိ ဂဏန်းဒိုင်မှ အလုပ်ပြီး၍ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တံတားပေါ်ရှိ တပ်မတော်သားများမှ ပစ်ခတ်ခြင်းကြောင့် ကိုချစ်စုအောင် (၂၆နှစ်)မှာ သေဆုံးသွားပြီး၊ ကိုဇော်မြင့်လွင်မှာ ပုဏ္ဏားကျွန်း ရဲစခန်းတွင် ဖမ်းဆီးခံ ထားရကြောင်း မိသားစုဝင်များက ပြောသည်။
သေဆုံးသူ ကိုချစ်သူအောင်၏ ဖခင် ဦးဝင်းအောင်က “ဒီနေ့ မနက် ၈ နာရီလောက်မှာ ကျနော့်သား အပစ်ခံရတာကို သိတာ။ ရဲက စစ်တွေရုံး လိုက်လာခဲ့ပါ။ ခင်ဗျားသား ဆေးရုံမှာ ရောက်နေတယ် ဆိုပြီး အကြောင်း ကြား လာတယ်။ သားက တံတား ဟိုဘက်ကမ်းက ဂဏန်းဒိုင်မှာ အလုပ်လုပ်ပြီး ည ၁၀နာရီ ကျော်လောက်မှာ အိမ်ပြန်လာတာမှာ အပစ်ခံရတာပါ၊ ကျနော့်သားက ဘာ အပြစ်မှ မရှိဘူး။ ရိုးရိုးသားသား အလုပ်လုပ်နေတဲ့ သူကို ဒီလို ပစ်သတ်လိုက် တာကို လုံးဝ မကျေနပ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မင်းချောင်းတံတားခေါ် အမြင့်ကျွန်းတံတားသည် စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့ကို ပိုင်းခြားထားသည့် နေရာလည်း ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အမြင့်ကျွန်းတံ တားပေါ်တွင် တပ်မတော်သားများ စစ်ဆေးရှာဖွေရေးများ လုပ်နေစဉ် ဆိုင်ကယ်စီးလာသူ ၂ ဦးထဲမှ တဦးက စစ်ဆေးမခံဘဲ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
“မနေ့ ညနေ ၁၀ နာရီကျော်လောက်မှာ ဆိုင်ကယ် မီးထိုးပြီး ဆိုင်ကယ် ၂ စီးလာတယ်။ တစီးနဲ့တစီး နည်းနည်းကွာတယ်။ ပထမ တစီးက ရပ်ပြီး အစစ်ဆေးခံတယ်။ နောက်တစီးက လှမ်းခေါ်တာ မရပ်ဘဲ အရှိန်နဲ့ မောင်းပြေးတယ်၊ အဲဒီမှာ ပစ်ထည့်လိုက်တာ။ ပစ်တာက ဆိုင်ကယ်ကို ပစ်တာပဲ ညဘက်ဆိုတော့ ခြောက် လှန့် ပစ်ခတ်တာ ကနေ ထိသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကတော့ လုံခြုံရေးကို အကြောင်းပြပြီး ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားများကို မပစ်ခတ်သင့်ကြောင်း ပြောသည်။
“လုံခြုံရေး လုံခြုံရေး ဆိုပြီး ဒီလို ပစ်ခတ်တာတော့ မလုပ်ကောင်းဘူး ၊ လုံခြုံရေးအရ လိုအပ်ရင်လည်း ပထမ ဘယ်လို လုပ်ရမယ်။ နောက် ဘယ်လို လုပ်ရမယ်။ အဆင့် သတ်မှတ်ချက်တွေ အများကြီး ရှိပါတယ် ၊ ဒီတံတား ဟိုဘက်ကမ်းမှာ ဂဏန်းဒိုင်တဲတွေ လေးငါးခြောက်လုံးပဲ ရှိတာ ၊ တကယ်လို့ မသင်္ကာဘူးဆိုရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ရင်ပေါ် မှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် သိနိုင်ရန် ဧရာဝတီမှ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအား ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ ဆီကို ဒီနေ့ မနက်ပိုင်းမှာ ပုဒ်မ ၁၄၄ကို ချိုးဖောက်လို့ ဆိုပြီး အမြင့်ကျွန်း ရဲစခန်းက လူတယောက် လာအပ်ထားတာ ရှိတယ်။ ကျန်တာကတော့ ကျနော်တို့နဲ့ သိပ်မဆိုင်ဘူး။ ကျနော်တို့ အပိုင်မှာ ဖြစ်တာ မဟုတ်ဘူး။ စစ်တွေမြို့နယ်ကို မေးမှရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် ကိုချစ်သူအောင်၏ ရုပ်အလောင်းအား ယနေ့ မွန်းလွဲပိုင်းက စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံမှနေ ထုတ်ယူပြီး အမြင့်ကျွန်းကျေးရွာသို့ ပြန်လည်သယ်ဆောင်သွားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးကလည်း သတင်းထုတ်ပြန်ရာ ည ၁၁နာရီခန့်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်တွေမြို့သို့ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို မင်းချောင်း တံတားအနီးရှိ လုံခြုံရေး တပ်ဖွဲ့များက ရပ်တန့် စစ်ဆေးရာ ဇော်မြင့်လွင်ဆိုသူမှာ ကြည်ဖြူစွာ စစ်ဆေးခံသော်လည်း ချစ်သူအောင်မှာ အရှိန်ပြင်းစွာ မောင်းနှင် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းမိကြောင်း၊ ဇော်မြင့်လွင် ကိုမူ ပုဒ်မ ၁၄၄ ချိုးဖောက်မှုဖြင့် အမှုဖွင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါရှိသည်။
တပ်မတော်နှင့် AA တို့ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲကာလအတွင်း အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများမှာ တဖြည်းဖြည်း များပြားလာနေရာ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားကြီး အနီးတွင် တပ်မတော်သားများ ပစ်ခတ်၍ ကိုယ်ဝန်ဆောင်အမျိုသမီး ၁ ဦးနှင့် ရွာသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသာ စစ်ပွဲကာလအတွင်း စစ်ရှောင် ဦးရေ ၅ သောင်းကျော်အထိ ရှိလာသလို စစ်ပွဲကာလ အတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး ၊ မြေမြုပ် မိုင်းကွဲမှုနှင့် လက်နက်ကြီး ကျည်ပေါက် ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၅၃ ဦး ၊ ပျောက် ဆုံးနေသူ ၉ ဦး ၊ ဖမ်းဆီး ခံရသူ ၁၅၆ ဦး ရှိ ကြောင်း ရခိုင်တိုင်ရင်းသား မျိုးနွယ်များ အစည်းအရုံး(REC)မှ ဇူလိုင်လအတွင်း ထုတ်ပြန်သည့် စာရင်းအရ သိရှိရသည်။
You may also like these stories:
ကျောက်တော် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နှင့် ရွာသား ၁ ဦး ဒဏ်ရာရ
မြောက်ဦးတွင် INGO ဝန်ထမ်းတဦး သေနတ်ဖြင့် အပစ်ခံရ
ဘူးသီးတောင်ရှိ ညောင်ချောင်း ရဲစခန်းကို AA တိုက်၊ ရဲ ၄ ဦး ဒဏ်ရာရ
မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး