မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် အစိုးရကြား ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေး ထိုးနိုင်ရေး ဆွေးနွေးရန် တွေ့ဆုံမည့်နေရာ ၃ လကျော် အထိ သဘောတူညီမှု မရသေးကြောင်း သတင်းရသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ လေးဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ကိုယ်စားလှယ်များ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ (မြန်မာ-တရုတ်နယ်စပ်) တွင် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်က တွေ့ဆုံ၍ Bilateral စာချုပ် လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ဘက်က ၎င်းတို့ ရေးဆွဲထားထား Bilateral စာချုပ် မူကြမ်း ကို အစိုးရ ကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့သလို မေလတွင် ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် သဘော တူညီခဲ့သော်လည်း သြဂုတ် ၂ ရက်အထိ တွေ့ဆုံမည့်နေရာ သဘောတူညီမှု မရသေးသည့်အတွက် ဆွေးနွေးမှု မဖြစ်မြောက်သေးပေ။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက“ကြားတာကတော့ တွေ့ဖို့ နေရာ အဆင်မပြေသေးဘူး ပြောတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ တောင်းဆိုထားတဲ့ ဟာကတော့ တရုတ်ပြည် တနေရာမှာလို့ ပြောထားတယ်။ အဲဒါကို သူတို့က လက်မခံတဲ့အခါ နည်းနည်းတော့ အခက်အခဲ ရှိတာပေါ့။ အဲဒီလောက်ပဲ ကြားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
PC ဘက်က ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား၊ လားရှိုး စသည့် မြို့နယ်များတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အဆို ပြုထားရာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ လေးဖွဲ့ဘက်က ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန် နေခြင်းကြောင့် လုံခြုံရေး စိုးရိမ်သည့် အတွက် တရုတ်နိုင်ငံ ကူမင်းမြို့၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်းခမ်း (ပန်ဆန်း) မြို့၊ တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ စသည့် နေရာများတွင်သာ တွေ့ဆုံ ဆွေးနွေး လိုသည်ဟု ပြန်လည် အဆိုပြုခဲ့ကြောင်း သိရသည်။
ရက္ခိုင် စစ်တပ် (AA) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက“ကျနော်တို့ တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ လုံခြုံရေး အရ အာမခံချက် ရှိတဲ့နေရာမှာပဲ တွေ့ဆုံနိုင်မယ်။ အဲဒီကိစ္စက ဘာမှ ဖြစ်ပေါ် တိုးတက်မှုတော့ မရှိသေးဘူးဗျ”ဟု ပြော သည်။
သမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက AA အနေဖြင့် တွေ့ဆုံ ဆွေးနွေးပွဲကို လာပါက မဲှ့တပေါက် မစွန်း စေရဟု သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားထားသည်။
၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်က အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA-မိုင်းလားအဖွဲ့)က မိုင်းလားမြို့တွင် ကျင်းပ ခဲ့သော နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲတော်ကို တက်ရောက်လာကြသော အစိုးရ ကိုယ်စားလှယ်များနှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုအလွတ်သဘော ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ်များက Bilateral မူကြမ်းတစောင်ကို မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ ထိုမူကြမ်းတွင် AA ကို ရခိုင်ပြည်နယ်၌ အခြေစိုက် ခွင့်မပြုနိုင်ဘဲ ၎င်းတို့ စတင် တည်ထောင်ခဲ့သော ကချင်ပြည်နယ် လိုင်ဇာမြို့တွင်သာ အခြေ စိုက်ခွင့်ပြုနိုင်ကြောင်း၊ TNLA အနေဖြင့်လည်း ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံနှင့် နမ့်ဆန်မြို့နယ် များတွင်သာ အခြေစိုက်ခွင့်ပြုနိုင်ပြီး တခြားမြို့နယ်များတွင် အခြေ စိုက်ခွင့် မပြုနိုင်ကြောင်း ပါရှိသည်ဟု သိရသည်။
ဤအဆိုပြုချက်အား သဘောတူ လက်ခံပါက Bilateral စာချုပ်ကို ရေးထိုးမည် ဖြစ်သကဲ့သို့ လှုပ်ရှားတပ်များကို ဆုတ်ခွာ ခိုင်းမည် ဖြစ်ပြီး နယ်မြေခံ တပ်များကိုသာ ထားမည်ဟု အစိုးရဘက်က ဆိုထားသည်။
AA မှ ခိုင်သုခက“ဒီဟာကတော့ ဘယ်လိုမှ လက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ရခိုင်တမျိုးသားလုံးက လက်ခံထားတဲ့ ရခိုင် တပ်ကို လိုင်ဇာမှာပဲ သွားနေဆိုတဲ့ ဥစ္စာက ငြိမ်းချမ်းရေးကို ဖျက်ဆီးတာနဲ့အတူတူပဲ။ တကယ် ငြိမ်းချမ်းရေး ရစေချင် တယ် ဆိုရင်တော့ လက်ရှိဖြစ်နေတဲ့ ပကတိ အနေအထားကို လက်ခံပြီးတော့မှ မျှမျှတတ စဉ်းစားဖို့လိုတယ်။ တိုက်ပွဲတွေ ဖြစ်လာ တာကလည်း အခုလိုမျိုး တရားမျှတမှု မရှိတဲ့အတွက်ကြောင့် ကျနော်တို့တွေက တရားမျှတမှု အတွက် တိုက်ပွဲဝင်နေကြ တာ” ဟု ဆိုသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့တွင် KIA၊ AA၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ နိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)တို့ ပါဝင်ကြသည်။
You may also like these stories:
ABSDF မြောက်ပိုင်း ဒုဥက္ကဌ အပါအဝင် ၃ ဦးကို မိုးညှင်း ရဲတပ်ဖွဲ့က ဖမ်းဆီးထား
တပ်မတော် အပစ်ရပ် ကာလ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံရန် မသတ်မှတ်နိုင်သေး