သတင်း

ပြန်လာလိုသူ ၂ သောင်းခွဲ၏ အချက်အလက်များ ဘင်္ဂလားဒေ့ရှ် ထပ်မံ ပေးပို့

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအနက် ရခိုင်ပြည်နယ်သို့ ပြန်လာလိုသူ ၂ သောင်းကျော်၏ အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်က မြန်မာဘက်သို့ ထပ်မံပေးပို့ထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

သြဂုတ်လ ၂ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်ဝန်းအတွင်း လစဉ် ပြုလုပ်သော နိုင်ငံ့ရေးရာများအကြောင်း သတင်းစာရှင်းလင်းသည့် ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု စင်တာတို့မှ ကိုယ်စားလှယ်များနှင့်အတူ သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ယင်းအချက်အလက်များကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဲဒီခရီးစဉ်မှာ ဦးမြင့်သူကို ပေးလိုက်တာက၂၅၀၄၇ ယောက်ရဲ့ အချက်အလက်တွေ ပေးပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါစာရင်း အချက်အလက်များအား မြန်မာဘက်မှ စစ်ဆေးခဲ့ရာတွင် သတ်မှတ်ထားသည့် ပုံစံအတိုင်း မဟုတ်၍ ပြန်လည်ပြင်ဆင်ပေးပို့ရန် မြန်မာဘက်က ပြောဆိုထားသည်ဟု သိရသည်။

“ အဲစာရင်းမှာ ပြန်ကြည့်လိုက်တော့ အထူးသဖြင့် ဓာတ်ပုံတွေက ကာလာနဲ့ မဟုတ်ဘူး အဖြူအမည်းတွေ ဖြစ်နေတဲ့အတွက် သတ်မှတ်ထားတဲ့ ပုံစံမဟုတ်တဲ့အတွက် ဦးမြင့်သူက soft copy ပြန်လည်ပို့ပေးဖို့ သူတို့ကို ပြောခဲ့ပါတယ်”ဟု ဦးဇော်ဌေးက ဆက်လက်ပြောသည်။

နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပထမဆုံးအကြိမ် စာရင်းပေးထားသူ ရှစ်ထောင်ကျော်၊ ဒုတိယအကြိမ် နှစ်သောင်းကျော် စာရင်းပေးထားသည့်အတွက် ယခု ၂၅၀၀၀ ကျော်စာရင်းနှင့် ဆိုပါက စုစုပေါင်း စာရင်းပေးထားသူ ၅၅၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသွားသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာဘက်မှ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်သင့်ဖြစ်သည်နှင့် လုပ်ငန်းစတင်နိုင်မည်ဟု လည်း ဦးဇော်ဌေးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသာ နေရပ်စွန့်ခွာသူ မွတ်ဆလင်များက မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားခြင်း များရှိနေသော်လည်း မြန်မာဘက်က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရသာ စိစစ်ဆောင်ရွက်ပေးမည်ဟု ၎င်းက ဆိုသည်။

“ ပြန်လာတဲ့အချိန်ကျရင် သူတို့ကို စိစစ်မှာက ကျနော်တို့ဆီမှာ အထောက်အထားတွေ ရှိပါတယ်။ ငယ်စာရင်းတွေ ရှိတယ်။ ပြောရရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စွဲတင်စစ်လုပ်ထားတဲ့ မိသားစုဝင်လိုက်ပုံတွေ တဦးချင်းအချက်အလက်တွေ လဝကမှာ ရှိတယ်။ ဒါတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဥပဒေနဲ့အညီ ပေးမှာဖြစ်ပါတယ်”ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

လက်ရှိတွင် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် ၅၀၀ ခန့်ကို ပြန်လည်လက်ခံရေးအစီအစဉ် ချောမွေ့စေရေးအတွက် ပထမဆုံးအသုတ်တွင် ထည့်သွင်းပေးရန် ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာဘက်က တောင်းဆိုထားသည်ဟု သိရသည်။

လက်ရှိတွင် ပြန်လည်လက်ခံရေး စခန်းများဖြစ်သည့် ငါးခူရ နှင့် တောင်ပြိုလက်ဝဲ စခန်းတို့တွင် ပြန်လည် လက်ခံနိုင်ရေး ဌာနပေါင်းစုံမှ လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ၊ UNHCR၊ UNDP စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ပြောဆိုထားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က နေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အစိုးရလုပ်ဆောင်နေသော ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် လက်ရှိအခြေအနေအရ တိုးတက်သည့် လက္ခဏာမတွေ့ရဘဲ တပ်နှင့် AA လက်နက်ကိုင်အဖွဲ့၏ထိတွေ့မှုများ၊ နယ်မြေမငြိမ်မသက်ဖြစ်မှုများကြောင့် ပြန်လာလိုသူများ အနေဖြင့် စိုးရိမ်မှုရှိနိုင်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို တနည်းတဖုံ နှောင့်နှေးစေနိုင်သည်ဟု သုံးသပ်ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ အနေဖြင့် ၎င်းတို့အား တိုင်းရင်းသား အဖြစ် လက်ခံရေး တောင်းဆိုမှုများရှိနေ၍ မြန်မာနိုင်ငံသို့ ပြန်လာရေးမှာ အခြားအရာများထက် ၎င်းတို့၏ သဘောထားနှင့် အဓိက သက်ဆိုင်နေသည်ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဧရာဝတီသို့ ပြောဆိုထားသည်။

ပြီးခဲသည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများကို အကြမ်းဖက် တိုက်ခိုက် ခံရသည့် ဖြစ်စဉ်ကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဦးရေ သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြောင်းရွေ့သွားခဲ့သည်။

ယင်းအတွက် ဒုက္ခသည်များပြန်လည် လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ၁၉၉၃ သဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လက်ခံရေး မြန်မာ ကတိကဝတ်ကို အာဆီယံ ထောက်ခံ

မလေးရှားဝန်ကြီးချုပ် စွပ်စွဲချက် မြန်မာအစိုးရ ကန့်ကွက်

Did you find apk for android? You can find new Free Android Games and apps.
Loading