သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို ဖိတ်ကြားသည့် ညစာ စားပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမှာ ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။
ဆိုရှယ်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပြီး ဝေဖန်နေကြသည့် ဗီဒီယိုတခု၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဝန်ကြီး သူရ ဦးအောင်ကို နှင့် သူ၏ မိသားစုဝင်များနှင့်အတူတကွ ညစာသုံးဆောင်နေခဲ့သည်။ ထိုဗီဒီယိုသည် သာသနာရေးလောကအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံတော် မဟာသံဃနာယကအဖွဲ့နှင့် မဘသ နာမည်ပြောင်း ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းတို့ကြား အငြင်းပွားဖွယ်ကိစ္စများနှင့် တိုက်ဆိုင်စွာ ပေါ်ထွက်လာပြီး ယင်းညစာစားပွဲသည် ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကို၏ ကိုင်တွယ်ပုံအပေါ် ထောက်ခံသည့်သဘော ပြသမှုဟု ကောက်ယူနေကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ ဝေဖန်ခံနေရချိန် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထမင်းခေါ်ကျွေးသည့် ကိစ္စ ပေါ်ပေါက်လာရခြင်း မည်သည့် သဘော သက်ရောက်သနည်း ဟု ယမန်နေ့ ဩဂုတ်လ ၂ ရက် နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တဦးက မေးမြန်းရာ “ဝေဖန်ပြောကြားနေတဲ့ ထောက်ခံမှုပြတဲ့ အနေနဲ့ လုံးဝ လုံးဝမဟုတ်ပါဘူး”ဟု ဦးဇော်ဌေးက ပြောသည်။
လက်ရှိတွင် ဝန်ကြီး သူရ ဦးအောင်ကိုသည် မိမိကိုယ်မိမိ မျိုးချစ်ဟု ဆိုသူများ၏ တိုက်ခိုက်မှုကို ခံနေရပြီး ယင်းအဖွဲ့ဝင် လူ ၃၀၀၀ ခန့်သည် ၂၀၁၇ ခုနှစ်က နေပြည်တော်အထိ လာရောက်၍ ၎င်းနုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများပင် ရှိခဲ့ဖူးသည်။
ထိုစဉ်ကလည်း ၎င်း၏ ရာထူးသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခန့်အပ်ထားခြင်း ဖြစ်၍ မနုတ်ထွက်နိုင်ကြောင်း သူရဦးအောင်ကိုက တုန့်ပြန်ခဲ့သည်။
ဝန်ကြီး သူရဦးအောင်ကို၏ နေအိမ်တွင် ပြုလုပ်သည့် ညစာစားပွဲသည် ချက်ချင်း စီစဉ်သည့် ကိစ္စ မဟုတ်ဘဲ နေပြည်တော်တွင် နှစ်စဉ် ပြုလုပ်နေကြဖြစ်သည့် သံဃာတော်နှင့် လူပုဂ္ဂိုလ်များ ဘွဲ့ တံဆိပ် ဆက်ကပ်ပွဲတခုတွင် အချိန်မကိုက်သည်ကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်း ဟု ဦးဇော်ဌေးက ဆိုသည်။
ဘွဲ့တံဆိပ် ဆက်ကပ်ပွဲနှင့် ဆွမ်းလောင်းပွဲသည် အချိန်မည်မျှ ကြာမည်နည်းဟု အတိုင်ပင်ခံ၏ အမေးကို ဝန်ကြီး သူရ ဦးအောင် ကိုက ၂ နာရီခန့် ကြာနိုင်ကြောင်း ဖြေကြားခဲ့သော်လည်း လက်တွေ့ တွင် ၃ နာရီကျော် သွားသဖြင့် ဒဏ်ရိုက်ခံရခြင်း ဖြစ်ကြောင်း အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
“ဝန်ကြီးကို ဒဏ်ရိုက်ရမယ်ဆိုပြီး ပြောတယ်။ အဲ့တော့ ဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒဏ်ကြေးလာပေးတယ်။ အဲဒီဒဏ်ကြေးကို အတိုင်ပင်ခံ ပုဂ္ဂိုလ်က မသုံးဘူး။ မသုံးဘဲနဲ့ ဒီလိုမျိုး ပြောထားတဲ့ အချိန်ထက် နောက်ကျတဲ့အတွက် သူ့ကို ဒဏ်တပ်တဲ့အနေနဲ့ ထမင်းကျွေးရမယ်။ ညစာကျွေးရမယ်။ ကျွေးတဲ့အခါမှာ အတိုင်ပင်ခံရုံး၊ သမ္မတရုံး၊ နောက် လုံခြုံရေးတွေ လည်း ရှိတယ်။ လူတွေ အားလုံးပေါင်း ၈၀ ကျော် လောက် ရှိတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။
တိုင်းပြည်တွင် ပြည်သူများ ကြပ်တည်း ဆင်းရဲနေသည့် ကာလတွင် ယခုလို ပွဲလမ်းသဘင်မျိုး၊ စားပွဲသောက်ပွဲမျိုးကို အများ ပြည်သူသိအောင် ထုတ်လွှင့်ခြင်းမျိုးသည် အစိုးရပုံရိပ်၊ လူပုဂ္ဂိုလ်ပုံရိပ်၊ အာဏာရပါတီ၏ ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“သူ(ဒေါ်အောင်ဆန်းစုကြည်) ဒီအချိန်မှာ တကယ်တန်း တွေ့ ပြီးတော့ ညစာစားသင့်တဲ့သူတွေက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင် တွေနဲ့ အလွတ်သဘောပဲ ဖြစ်ဖြစ် တွေ့ ဆုံ ဆွေးနွေးပြီးတော့ လက်ရှိ နိုင်ငံမှာ တွေ့ ကြုံနေတဲ့ အကြပ် အတည်း အတွက်ကို အဖြေရှာဖို့ အတွက်ကို အချိန်ပိုပေးသင့်တာပေါ့”ဟု ၎င်းက အကြံပြုသည်။
ယင်းညစာစားပွဲ ဗီဒီယိုဖိုင်မှာ ဝန်ကြီး သူရ ဦးအောင်ကို၏ သမီးဖြစ်သူ နှင်းစံပယ်အောင်ကို၏ လူမှုကွန်ရက်အကောင့်မှ စတင် ပျံ့နှံ့လာခြင်း ဖြစ်ပြီး ဝေဖန်သူ၊ ထောက်ခံသူများ၏ မှတ်ချက်များစွာ ထွက်ပေါ်ခဲ့ရသည်။
ယခုလို နိုင်ငံအဆင့် အကြီးအကဲများ၏ ပုဂ္ဂလိက ညစာစားပွဲတခုကို အများပြည်သူသိအောင် ထုတ်ပြန်ရန် သင့်၊ မသင့် ဆိုသည်မှာ စဉ်းစားရန် လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး တာဝန်ရှိသူများက ပြောသည်။
စစ်အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ်၊ ဒုတိယ ဝန်ကြီး ရာထူးများ ထမ်းဆောင်ခဲ့ဖူးသူတဦး ဖြစ်သူ လက်ရှိ သာသနာရေးနှင့် ယဉ် ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဟောင်း သူရ ဦးရွှေမန်းနှင့်လည်း နီးစပ်မှု ရှိသူ တဦး ဖြစ်သည်။
“သူ(ဦးအောင်ကို)က ဦးရွှေမန်းနဲ့ တပတ်စဉ်တည်း။ DSA အပတ်စဉ် ၁၁ က။ စစ်ဘက်မှာ ဗိုလ်မှူးချုပ်အထိ တာဝန်ယူခဲ့တယ်။ သာသ နာရေး ဒုဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီး လုပ်ခဲ့တယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး ကောင်းအောင် ကြိုးစားပေးခဲ့တဲ့သူတယောက်လို့ ပြောရင်လည်း ရတယ်”ဟု ဦးအောင်ကိုနှင့် နီးစပ်သူတဦးက ပြောပြခဲ့သည်။
ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည့် ၎င်း၏ ကိုယ်ရေး အကျဉ်းတွင်မူ ၎င်း၏ နေရပ်လိပ်စာကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ဥယျဉ်မြို့တော်ဟု ဖော်ပြထားပြီး သားသမီး ၃ ဦး ရှိကြောင်း၊ မွေးဖွားရာ ဇာတိမှာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း ဇာတိဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် ၎င်းသည် ယနေ့ အချိန်အထိ ကိုယ်ပိုင်ကား မရှိကြောင်း၊ နိုင်ငံတော်မှ ပေးသည့် ကားကိုသာ စီးကြောင်း ၂၀၁၈ ခုနှစ် ဇွန်လက မီဒီယာများသို့ ဖွင့်ဟခဲ့ဖူးသည်။
ဆက်စပ်ဖတ်ရှုရန်
မဘသ အပေါ် ဓမ္မစက်ဖြင့် ဆောင်ရွက်မှု ပြီးဆုံးကြောင်း သာသနာရေး ကြေညာ
သြဝါဒပေးရန် “မဟန” ပင့်လျှောက်မှု “မဘသ” ဥက္ကဋ္ဌ စာဖြင့်သာ တုံ့ပြန်
ဦးဝီရသူအား ပြစ်မှုကြောင်း အရ အရင် ဖြေရှင်းရန် မဟန ဆုံးဖြတ်