ရက္ခိုင့် တပ်မတော် (AA) ဘက်သို့ ကူးပြောင်းသွားသည့် တပ်မတော်မှ ဗိုလ်မှူးအဆင့် ရှိသူ ရခိုင် အမျိုးသားတဦးက လူမှုကွန်ရက် တွင် ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသော်လည်း တပ်မတော်ထဲရှိ ရခိုင် တိုင်းရင်းသားများမှာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ် ကြောင်း တပ်မတော် တာဝန်ရှိသူတဦးက ပြောသည်။
မိမိကံကြမ္မာကိုယ် မိမိဖန်တီးနိုင်ရေး AA အဖွဲ့ ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုသူ ဗိုလ်မှူးအောင်မြင့်စိုးသည် ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်တွင် AA ယူနီဖောင်း ဝတ်၍ တပ်မတော်သည် ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ချက်ရှိသည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းက တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် ရခိုင်တိုင်းရင်းသားများ အနေဖြင့် ရက္ခိုင့် တပ်မတော် (AA) နှင့် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့သေးသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အခုချိန်ထိကတော့ စစ်မှုထမ်းဆောင်နေတဲ့ ရခိုင်လူမျိုးတွေဟာ သစ္စာရှိပြီး စည်းစည်းလုံးလုံးနဲ့ပဲ တာဝန်ထမ်းဆောင်လျက်ရှိတယ်။ ဒီအချိန်မှာတော့ ရခိုင်အမျိုးသားတွေထဲမှာ ဗိုလ်ချုပ် အဆင့်နဲ့ အထက် အရာရှိကြီးများအထိ ရှိတယ်။ လက်ရှိလည်း တာဝန်ထမ်း ဆောင်နေဆဲပဲ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ထဲတွင် တိုင်းရင်းသား ပေါင်းစုံရှိရာ ယခုလို ကူးပြောင်းသည့် ဖြစ်စဉ်မျိုးမှာ အလွန်ရှားကြောင်း၊ တပ်ထဲရှိ တိုင်းရင်းသား လူမျိုးများထဲတွင် ရခိုင်လူမျိုး အရေအတွက်သည် ကျန်သည့် တိုင်းရင်းသားတွေထက် ပိုများကြောင်း၊ တပ်မတော်အနေဖြင့် ရခိုင် ပြည်နယ်တွင် သဘာဝ ဘေးအန္တရာယ်ပဲ ဖြစ်စေ၊ ပဋိပက္ခတခုခု ဖြစ်စေ အမြဲကူညီလျက်ရှိကြောင်း ပြောသည်။
“ဒီလိုမျိုး တချို့ EAO (တိုင်းရင်းသားလက်နက်ကိုင်များ) အဖွဲ့ တွေလည်း အဲဒီလိုမျိုး လုပ်ခဲ့ဖူးတာတွေ ရှိတယ်။ တပ်ထဲက အကြောင်း အမျိုးမျိုးနဲ့ ထွက်သွားတဲ့သူတွေကို ဖမ်းပြီးတော့ သူတို့ဆီကိုပဲ ကူးပြောင်းဝင်ရောက်လာသယောင် လုပ်တာလည်း ရှိ တယ်။ အခုလုပ်တာလည်း ဝါဒဖြန့်မှုတခုလို့ပဲ ထင်မြင် သုံးသပ်တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယခု တပ်မတော်မှ ထွက်ခွာ၍ AA ဘက်သို့ ရောက်ရှိသွားသူ ဗိုလ်မှူးအောင်မြင့်စိုးမှာ တပ်မတော်တွင် ၂၀၁၈ ခုနှစ် မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပြီး ယင်းနောက် သာသနာ့ဘောင်သို့ ဝင်ရောက်ချင်သည်ဆိုသော အကြောင်းပြချက်ဖြင့် တပ်မတော်မှ ခွင့်မဲ့ ပျက်ကွက်သွားသူတဦး ဖြစ်ကြောင်း သိရသည်။
၎င်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူဇာတိ ဖြစ်ပြီး အိမ်ထောင်သည် အမျိုးသားတဦး ဖြစ်ကြောင်း၊ တပ်မတော်တွင် ခြေမြန်၊ ခြေ လျင် တပ်ရင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူ မဟုတ်ကြောင်း၊ တပ်မတော်မှ ထွက်ခွာသွားပြီး နောက်ပိုင်း အခြေအနေကို မသိရ တော့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
AA အဖွဲ့က လူမျိုးရေး အခြေခံ ဝါဒဖြန့် လုပ်ငန်းများ လုပ်ဆောင်လာသလို မြေမြင်တွင်လည်း နယ်မြေခံ လူထုအပေါ် တပ်မတော်၏ ကိုင်တွယ်ပုံများကြောင့် ထိခိုက် နစ်နာမှုများ ရှိနေရာ ယခုကဲ့သို့ တပ်မတော်တွင်းမှ ရခိုင် အရာရှိတဦး ဘက်ပြောင်းမှုသည် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အတွင်းရှိ ရခိုင် တိုင်းရင်းသားများအပေါ် သက်ရောက်မှု ကြီးလိမ့်မည်ဟု ထင်ကြောင်း ရခိုင်အရေး စောင့်ကြည်သူ သုတေသီ ဦးမောင်မောင်စိုးက သုံးသပ်သည်။
“အရင်တုန်းကလည်း ကရင်တို့ ကချင်တို့နဲ့ ဖြစ်လာတဲ့အခါမှာ တပ်ထဲမှာ ရှိထားတဲ့ ကချင်တို့ ကရင်တို့ကို ယုံကြည်ဖို့ ခက်လာတဲ့ အနေအထားမျိုးတွေ ဖြစ်လာပြီးတော့ တပ်ထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါမျိုးလည်းပဲ ရခိုင်မှာ ဖြစ်မလာနိုင်ဘူးလို့ ပြောဖို့ ခက်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
၎င်းက ဆက်၍ “အခုလို စစ်ရေး ပဋိပက္ခတွေ ကြီးနေတဲ့ အချိန်မှာတော့ စည်းလုံးမှု ရှိအောင်လို့ လုပ်ပေးနိုင်ဖို့က ခက်လိမ့်မယ်။ စစ်ရေး ပဋိပက္ခကို လျော့ချပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်ဆိုရင်တော့ ဒီပဋိပက္ခကို လျော့ချဖို့ ကြိုးစားနိုင်လိမ့်မယ်။ မဟုတ်ရင်တော့ ဒီပဋိပက္ခက တဖြည်းဖြည်း ထိပ်ရောက်လာပြီး ပိုကြီးလာလိမ့်မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုလုံးကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားသောကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အင်တာနက်လိုင်းများ ရုတ်တရက်ဖြတ်တောက်လိုက်ခြင်းသည် လူမျိုးရေး အခြေခံ ပဋိပက္ခ အရှိန်မြင့်မားလာခြင်းအပေါ် အစိုးရနှင့် တပ်မတော်၏ စိုးရိမ်ပူပန်မှုကို ဖေါ်ပြနေသည်။
ရခိုင်တိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားအသိုင်းအဝန်းကို ပိုမိုသွေးကွဲစေသည့် အွန်လိုင်း လူမျိုးရေး အမုန်းစကားကို ထိန်းချုပ်ရန်ဖြစ်ကြောင်း နေပြည်တော်က အကြောင်းပြထားသည်။
မည်သို့ဆိုစေ ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၅ သောင်းအထိ များလာပြီ ဖြစ်သည်။
လတ်တလော AA အဖွဲ့ ခေါင်းဆောင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်၊ ဗိုလ်မှူးကြီး ကျော်ဟန်နှင့် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အစိုးရက အမှုဖွင့်ထားသည်။
AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံညှိနှိုင်းနိုင်ရေးမှာ တွေ့ဆုံမည့် နေရာ ညှိ နှိုင်း၍ မရသေးသဖြင့် ယနေ့အချိန်ထိ တရားဝင် တွေ့ဆုံနိုင်ခြင်း မရှိသေးသလို တိုက်ပွဲများမှာလည်း ရခိုင်မြောက်ပိုင်းတွင် ဆက် တိုက် ဖြစ်နေဆဲ ဖြစ်သည်။ နောက်ဆုံး သတင်းများအရ မိုင်းလားတွင် တွေ့ ဆုံရန် အစိုးရက အဆိုပြုခဲ့သော်လည်း အဆင်မပြေ သေးပေ။
တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေ စိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ
သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ