လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီကြီးတခုက ဦးဆောင်ပြီး သောင်ပြိုကမ်းပြို အနိုင်ရ၍ အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် မလွယ် ကူကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဌ သူရဦးရွှေမန်းက သုံးသပ်ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက “၂၀၂၀မှာ ပါတီတခုထဲက Landslide နိုင်ပြီးတော့ အစိုးရ ဖွဲ့စည်းဖို့က တော်တော်ခက်ခဲတဲ့ သ ဘောရှိပါတယ်။ အဲအတိုင်းပဲ တိုင်းရင်းသား တွေကလည်း တိုင်းရင်းသားပါတီတွေက ဦးဆောင်ပြီးတော့ အစိုးရ ဖွဲ့နိုင်မှာတော့ မဟုတ် ဘူးဆိုတာလည်း ဒါလည်း အမှန်ပါဘဲ” ဟုပြောသည်။
သြဂုတ် ၄ ရက်နေ့က နေပြည်တော်ရှိ သူရဦးရွှေမန်း နေသည့် ရာဇသင်္ဂဟ လမ်း၊ အမှတ် A 3 အိမ်ဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မီဒီယာများကို အထက်ပါအတိုင်း ပြောကြားခဲ့သည်။
တပါတီအာဏာရရှိခြင်းသည် ပါတီခေါင်းဆောင် တဦးတစ်ယောက်တည်း၏ အဆုံးအဖြတ်ပေါ်မူ တည်ဆောင်ရွက်ရသဖြင့် ဆုံးဖြတ်ချက် မှန်ကန်ပါက နိုင်ငံအတွက်ကောင်းမွန်ပြီး ဆုံးဖြတ်ချက်လွဲမှားပါက နိုင်ငံအတွက် မကောင်းမွန်ကြောင်း၊ အာဏာရရှိသည့် ပါတီက အခြားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိပါကလည်း အခြားပါတီငယ်တို့က ကြိုက်မည် မဟုတ်ကြောင်း ဦးရွှေမန်းက ဆက်ပြောသည်။
၎င်းက “အဲ့လိုပြန့်ကွဲသွားတဲ့ အခါမှာ ဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံကောင်းအောင် ဘယ်လို လုပ်ရမလဲဆိုတာ တွက်ဆဖို့ လိုပါတယ်။ အရင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေဟာ တပါတီပေါ်မှာ မူတည်ပြီးတော့ ဒီပါတီရဲ့ လုပ်ပိုင်ခွင့်တွေ များလာတဲ့အခါ တချို့က ပြောကြတယ်။ တပါတီ အာဏာရှင် ဒီလိုတွေလည်း ပြောဆိုတာ ရှိတယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင်းတွင် တိုင်းရင်းသား အရေးမှာ အင်မတန်မှ အရေးကြီးသည့်အတွက် ပြည်ထောင်စုဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ်ဆိုပါက တိုင်းရင်းသားများကို ပိုပြီးနားလည်ရန်နှင့် ပိုပြီး နေရာပေးရန် မဖြစ်မနေ လိုအပ်ကြောင်းလည်း သူရ ဦးရွှေမန်း က ဆက်ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် UBP ပါတီသို့ တိုင်းရင်းသားပါတီများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပါတီအတွင်း မူဝါဒ သတ်မှတ်ချက်များ ချမှတ်ထားပြီး ဖြစ်ကြောင်း သတင်းစားရှင်းလင်းပွဲတွင် ဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။
ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မြန်မာနိုင်ငံမှ ပြည်သူများမှာ မဲပေးရာတွင် ပုဂ္ဂိုလ်ရေးကို မစဉ်းစားဘဲ၊ ပါတီကိုသာ မဲပေးခဲ့ကြသည့်အတွက်ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်လည်း NLD ကသာအနိုင်ရရှိခဲ့ကြောင်း၊ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း NLD ပါတီကို အခြားပါတီများက ကျော်ပြီး အနိုင်ရရှိရန်အတွက် မဖြစ်နိုင်သေးကြောင်း၊ ပါတီ အဟောင်းများမှာ နောက်ကြောင်းမကောင်းမှုများနှင့် ပါတီအသစ်များမှာ လှုပ်ရှားနိုင်မှု နည်းပါးသည့် အတွက် ပြည်မမှာ NLD သာ ဆက်ပြီး အနိုင်ရရှိနိုင်ကြောင်း သုံးသပ်ပြောကြားသည်။
၎င်းက “ဆိုလိုတာက NLD ပါတီကို အစားထိုးဖို့ အခြားပါတီ မပေါ်သေးဘူး။ ဘာလဲ ဆိုတော့ ပြည်ခိုင်ဖြိုးဆိုလည်းနောက်ကြောင်းက မကောင်း တာနဲ့ အသစ်ပါတီတွေကလည်း သိပ်မလှုပ်ရှားနိုင်တာနဲ့ ကျော်ပြီးတော့ NLD ကို မနိုင်လောက်ဘူး။ တိုင်းရင်းသား ပါတီ တွေ ကလည်း သူ့ဟာနဲ့ သူ ဝင်ကြမှာပါ” ဟု ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ရွေးကောက်ပွဲတွင် အနိုင်/အရှုံးဆိုသည်မှာ ပြည်သူများ၏ ဆုံးဖြတ်ချက်သာ ဖြစ်သဖြင့် ပြည်သူများက အမှန်ကို အမှန်တိုင်းသိပြီး၊ စဉ်းစားချင့်ချိန်ရန်နှင့် ရွေးချယ်မှု မှန်ကန်ရန်အတွက်သာ လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ပြည်သူ့ အဆုံးအဖြတ်က အဓိက ကျတယ်လို့ပဲ ပြောချင်ပါတယ်။ အခြားပါတီက ပြောတဲ့ အပေါ်မှာတော့ သီးခြား မှတ်ချက် မပေးလိုပါဘူး” ဟု ဆက်ပြောသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၌ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ခုရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စာရင်းများအရ သိရသည်။
UBP ပါတီအနေဖြင့် ပါတီ တည်ထောင်ခွင့် ကျပြီး ၄ လအချိန်အတွင်း မြို့နယ်ရုံးခွဲပေါင်း ၂၀၀ ခန့်နှင့် ပါတီဝင် အင်အားပေါင်း ၂ သိန်း ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း၊ ရပ်ကျေးရုံးများ ထပ်မံ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်းနှင့် ပါတီအတွင်း လူငယ် ပါဝင် မှု အလွန်နည်းပါးနေသဖြင့် လူငယ်များ ပိုမိုပါဝင်လာစေရေးအတွက် ဦးဆောင်အဖွဲ့များကို မှာကြားထားကြောင်း ဦးရွှေမန်းက ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်နှင့်မညှိနှိုင်းဘဲ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားမှု ခက်ခဲမည်ဟု သူရ ဦးရွှေမန်း သုံးသပ်
“ခြံခုန်သော သစ္စာဖောက်”ဟု ဝေဖန်မှုများ ရှိသော်လည်း ပြည်သူ့ အကျိုးကိုသာ ကြည့်မည်ဟု ဦးရွှေမန်း ပြော
နေပြည်တော် တပ်မတော် အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြီးတွေ မစုံတာ ဘာကြောင့်လဲ