ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ခေတ္တ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ရာအိမ်မှူး ၁ ဦး ပျောက်ဆုံး သွားခဲ့ရာ သြဂုတ်လ ၅ ရက်နေ့တွင် ၁ ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးမှာ ဆင်အိုးချိုင် ကျေးရွာအုပ်စု ခေတ္တ အုပ်ချုုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးဦးသန်းမောင်နှင့် ယင်းကျေးအုပ်စု သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး အသက် ၃၄ နှစ်အရွယ် ဦးမောင်ဝင်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။
ထိုကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးသည် သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်းက ဆင်အိုး ဘင်္ဂါလီကျေးရွာ အတွင်း အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး အပြန်တွင် ပျောက်ဆုံးသွားရာမှ ရာအိမ်မှူး ဦးမောင်ဝင်းနိုင် ရုပ်အလောင်း ကို ယနေ့ မြစ်ကမ်းစပ်တွင် ကြိုးတုပ်လျက် ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒု ရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။
ဒု ရဲမှူးကြီး မောင်မောင်စိုးက“ပျောက်ဆုံးနေတဲ့ ၂ ဦးနဲ့ ပတ်သက်ပြီး ဒီနေ့ ၁ ဦးအလောင်း တွေ့တယ်၊ နောက်ပြန် ကြိုးတုပ်ပြီး ဓားနဲ့ ထိုးသတ်သွားတဲ့ ဒဏ်ရာတွေနဲ့ မြစ်ကမ်းစပ်မှာ တွေ့တာ၊ နောက်တဦးကတော့ ကျနော်တို့ ရှာဖွေနေ ဆဲပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို တိတိ ကျကျ မပြောနိုင်သေးသော်လည်း အပြန်လမ်းတွင် ရခိုင်စကားပြောသည့် လူ ၇ ဦးက ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို အမျိုးသမီးငယ်တဦး မြင်တွေ့ လိုက်ရကြောင်းလည်း ဒု ရဲမှူးကြီး မောင်မောင်စိုးက ဆက်လက် ပြောကြားသည်။
၎င်းက“သူတို့ကို ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာ လောလောဆယ် တိတိကျကျ ပြောဖို့ ခက်ပေမယ့် လုပ်ရိုးလုပ်စဉ် ရှိတဲ့ အဖွဲ့တွေကပဲ ဖြစ်မယ်။ အဲဒီမှာ ဆင်အိုးရွာက အမျိုးသမီးငယ် ၁ ဦးက မြင်လိုက်တာ ရှိတယ်၊ အရပ်ဝတ်နဲ့ လူ ၇ ဦး၊ ဘေးလွယ်အိတ်တွေ ကိုယ်စီပါတယ်။ သူတို့က ကြိုးတုပ်ပြီး ဖမ်းခေါ် သွားတယ်လို့ ပြောတယ်”ဟု ပြောသည်။
လက်ရှိအချိန်တွင် သေဆုံးသူ ဦးမောင်ဝင်းနိုင်၏ ရုပ်အလောင်းကို ကျောက်တော် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင် ကာ ပျောက်ဆုံးနေသူ ဦးဦးသန်းမောင်နှင့် ပတ်သက်ပြီး စုံစမ်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် တပ်မတော်နှင့် AA တိုက်ပွဲများအတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဖမ်းဆီး တရားစွဲခံရခြင်း၊ အမည်မသိ သေနတ်သမားတို့၏ လုပ်ကြံ သတ်ဖြတ်ခံရခြင်း စသည့်ဖြစ်စဉ်များကြောင့် ၎င်းတို့ ဘဝ မလုံခြုံတော့ဟု ဆိုကာ ပြီးခဲ့သော ဇွန်လ ၄ ရက်နေ့က ကျောက်တော်မြို့နယ် အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်စာ တင်ထားကြသည်။
ပြီးခဲ့သော မေလ ၁၅ ရက်နေ့က ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်သည် နေအိမ်၌ ရှိနေစဉ် တပ်မတော်သား များ၏ လာရောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံလိုက်ရသလို အလားတူ မေလ ၂၉ ရက်နေ့ကလည်း မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်သည်လည်း တပ်မတော်သားများ၏ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရ ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အထက်ပါ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် ၂ ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စစ်တွေ ခရိုင်တရားရုံးတွင် တရား ရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပေါက်တူးတောင် ကျေးရွာတွင် ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီ အချိန်ခန့်က အသက် ၆၀ အရွယ် ဦးမောင်ဘကျန်နှင့် သားမက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဆန်းဝင်းထွန်းတို့ကို အမည်မသိ လက်နက် ကိုင် ၃ ဦးက နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီး ကျေးရွာနေ အလယ်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးဖြစ်သူ ဦးသန်းမောင်ချေသည် နေအိမ်အတွင်း တီဗီ ထိုင်ကြည့်နေစဉ်တွင် အမည်မသိ သေနတ်သမားတဦး၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ကျေးရွာတချို့တွင် ယခုကဲ့သို့သော သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ကြံ သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့် အတူ လုပ်ကြံ သတ်ဖြတ် သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သော မတ်လ ၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးဘစောသည် ရွာအနီး ကားလမ်းမဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်းထဲတွင်ပင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
မင်းပြားမြို့နယ် သာယာကုန်း ကျေးရွာအုပ်စု အတွင်း ရာအိမ်မှူး အဖွဲ့ဝင် တဦး ဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးမောင်ကျော်သည်လည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက အမည်မသိ သေနတ်သမား၏ ပစ်သတ်ခြင်းခံရပြီး သေဆုံးသွားခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက် ည ၉နာရီကျော်အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း ၅၆ နှစ်ကို အမည်မသိ သေနတ်သမားက လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာတွင် နေထိုင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးခင်သန်းမောင် နေအိမ်တွင် တဦးတည်း တီဗီ ထိုင်ကြည့် နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
You May Also Like These Stories:
ကျောက်တော် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး နှင့် ရွာသား ၁ ဦး ဒဏ်ရာရ
ကျောက်တော်တွင် အမျိုးသမီး တဦး မိုင်းထိ