မိုးသည်းထန်ခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းစသည့် ရာသီဥတု ဆိုးဝါးမှုများကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာနှင့် ငပုတောမြို့နယ်များသို့ ပြေးဆွဲနေသည့် မော်တော်၊ သင်္ဘောလိုင်းများအားလုံးကို ယနေ့မှစ၍ ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတိုင်းအောင် က “ရာသီဥတု ဆိုးဝါးနေတဲ့အတွက် သင်္ဘောလိုင်းတွေ၊ မော်တော် လိုင်းတွေအားလုံး ပိတ်သိမ်းထားတာဖြစ်ပါတယ်။ အခုက မိုးလည်းတအားသည်းတယ်။ လေလည်း ထန်တော့ ဒုက္ခဖြစ်ကုန်မှာစိုးလို့ ဒီနေ့ကစပြီး ပိတ်ထားတာပါ။ ရာသီဥတု ပြန်ကောင်းတာနဲ့ တိုင်းဒေသကြီးအစိုးရကို တင်ပြပြီး ပြန်လည်ဖွင့်လှစ် သွားပါမယ်”ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့မှ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာ၊ ငပုတောနှင့် ဟိုင်းကြီးကျွန်းမြို့များသို့ ပြေးဆွဲနေသည့် မော်တော်လိုင်းပေါင်း ၁၆ လိုင်းရှိပြီး မော်တော်နှင့် ရှပ်ပြေးသင်္ဘောအစင်းရေပေါင်း ၆၀ ခန့်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးလက်ဒေသတွင်နေထိုင်ကြသည့် ဒေသခံအများစုမှာ ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် ရေလမ်းခရီးကို အဓိအားထား အသုံးပြုကြပြီး လက်ရှိမော်တော်လိုင်းများ ပိတ်ထားသည့်အတွက် ရေလမ်းခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုများ ယာယီရပ်တန့်နေကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတိုင်းထွာချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် မိုးရေချိန် ၄ ဒသမ ၈၀ လက်မ ရွာသွန်းခဲ့ပြီး ပုသိမ်မြို့တွင် မိုးရေချိန် ၄ ဒသမ ၂၅ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာလည်း ၁၀ ပေမှ ၁၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။
လတ်တလောတွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီးအဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ နောက်ထပ် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ဧရာဝတီတိုင်းအတွင်း မိုးကြိုကာလ လေပြင်းကြောင့် အိမ်ခြေ ၂၀၀၀ နီးပါး ပျက်စီးခဲ့ ဟုဆို
မန္တလေးတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်