ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် တာမိုးညဲမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ပလောင် ( တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သတင်းရသည်။
ကွတ်ခိုင်မြို့နယ်၊ နောင်ချိုရွာဟောင်း အနီးတွင် သြဂုတ် ၄ ရက်နေ့က နှစ်ဘက်တပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သလို တရက်တည်းမှာဘဲ တာမိုးညဲမြို့နယ် ထဲတွင်လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “ဒီနေ့ မနက်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ကြုံကျေးရွာအနီးမှာ ဖြစ်တယ်၊ တာမိုးညဲမြို့ အနီးနားမှာလည်း မနက် ၇ နာရီကျော်လောက်ကဖြစ်တယ်။ အခုထိလည်း ဖြစ်နေတုန်း တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ”ဟု ဧရာဝတီသို့ ပြောသည်။
ကွတ်ခိုင်မြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ ခမရ-၄၁၉ နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တာမိုးညဲ မြို့နယ် ထဲတွင်လည်း တပ်မ ၉၉ လက်အောက်ခံ ခမရ-၄၁၉ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန်ထားသည်။
တာမိုးညဲမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ယနေ့ညနေ ၃ နာရီချိန်ထိ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း TNLA ဘက်က ပြောသည်။
တပ်မတော်နှင့် TNLA ကြား ၂၀၁၉ ခုနှစ်၊ ဇွန်လက တိုက်ပွဲ ၂၀ ကြိမ်၊ ဇူလိုင်လတွင် ၁၂ ကြိမ်နှင့် ယနေ့ သြဂုတ်လ ၅ ရက်နေ့ထိ ၅ ကြိမ် စသဖြင့် တိုက်ပွဲ ဖြစ်ပွားထားသည်ဟုလည်းဆိုသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ် မေးမြန်း သော်လည်း ဖုန်းကိုင် ဖြေခြင်းမရှိသည့်အတွက် သီးချက်မှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။
တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စစ်တိုင်း ၅ တိုင်းတွင် အပစ်အခတ်ရပ်စဲကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ထိ (၃ ကြိမ်တိုင်တိုင်) ကြေညာ ထားသည်။
အဆိုပါ ကြေညာချက်ထဲတွင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် လူသစ်စုဆောင်းခြင်း၊ အင်အားတည်ဆောက် ခြင်း၊ နယ်မြေတည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသည့် အခြေအနေများ မပြုလုပ်ရန်နှင့် ပြည်သူ လူထု ဝန်ထုပ် ဝန်ပိုးမဖြစ်စေရန် သတိထား ရှောင်ကြဉ်ရန်လည်း ဖော်ပြထားသည်။
ဧရာဝတီက ကွင်းဆင်းစုံစမ်း ရရှိသော သတင်းအချက်အလတ်များအရ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ အနီး ပတ်ဝန်ကျင်းတွင် TNLA မြေမြှုပ်မိုင်းများ ထောင်ထားသည့်အတွက် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေး အတွက် အခက်အခဲများ ကြုံတွေ့နေကြရသလို တချို့မှာ မိုင်းထိ၍ အသက်အန္တရာယ် ထိပါးခံရမှုများ ရှိနေ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာအုပ်စု၊ နောင်ဆန်ရွာတွင် ဦးလွမ်းဇေဆိုသော ဒေသခံ တဦး မိုင်းထိသွားခဲ့သည့် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ထို့နောက် မော်ဟန်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများသည် မိုင်းအန္တရာယ်စိုးရိမ်သည့်အတွက် နမ့်ဟွေတောင် ကြော အနီးတဝိုက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ သွားရောက် မလုပ်ရဲဘဲ ဖြစ် နေကြ ကြောင်း ဒေသခံများ ဧရာဝတီသို့ ပြောသည်။
TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့ မြေမြှုပ်မိုင်းမသုံးပါဘူး၊ ကျနော်တို့ ရှေ့တန်းနဲ့ နယ်မြေစခန်းအတွင်းမှာပဲ ဆွဲမိုင်းနဲ့ တိုက်မိုင်းကို သုံးတယ်။ကျနော်တို့ခေါ်တာ ကွန်ထိုးမိုင်းပေါ့။ ဒါကလည်း နင်းမိရင်တောင် မကွဲဘူး လူလည်းမသေဘူး၊ တယောက်ယောက်က ခလုတ်နှိပ်လိုက်မှာ ကွဲတာပါ။ မြေမြှုပ်မိုင်းကတော့ မသုံးပါဘူး”ဟု ပြောသည်။
ထိုဒေသသို့ ကိုယ်တိုင်ကွင်းဆင်း သတင်းယူခဲ့သော ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က ” မော်ဟန်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ နမ်ဟွေတောင်ကြောပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေက လာရောက် လှုပ်ရှားတော့ တိုက်ပွဲတွေဖြစ်မှာစိုးရိမ်ရတယ်။ မြေမြှုပ်မိုင်း အန္တရာယ်လည်း စိုးရိမ်လို့ အနီးအနားမှာ စိုက်ပျိုးရေးလုပ်ငန်းတွေမလုပ်နိုင်ပဲဖြစ်နေတယ်။ ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၉ ရက်ကဆိုရင် ဦးလွမ်းဇေဆိုတဲ့ တယောက် မိုင်းထိပြီး အခုဆေးကုနေရတယ်လိုပြောကြတယ်”ဟု ပြောသည်။
You may also like these stories:
ကွတ်ခိုင်က ကချင်အမျိုးသမီး သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားမည်
တပ်မတော် တဖက်သတ် အပစ်ရပ်ကာလ TNLA နှင့် တိုက်ပွဲ ၆၀ နီးပါး ဖြစ်ပွား
တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှု ကွတ်ခိုင် ဒေသခံ ၂၀၀ကျော် ထွက်ပြေးရ