ရာသီတုပ်ကွေး ဖြစ်ပွားသေဆုံးမှု အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် တပတ်အတွင်းမှ စတင်ပြီး ရောဂါ ဖြစ်ပွား လူနာ လျော့ကျ လာပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
“ဒီ Case တွေကတော့ ထပ်တက်လာတာ မရှိဘူး။ ကြာသပတေးနေ့ ကတည်းက ၆၅ ယောက်ပဲ။ ကြားထဲမှာ Case ထပ် မတက်ဘူး။ Positive ဖြစ်တဲ့လူနာ လျော့သွားတာပေါ့။ စနေနေ့မှာဆို Positive ၁ ယောက်လောက်ပဲ တွေ့တယ်။ တနင်္လာ မှာလည်း တယောက်ပဲတွေ့တယ်”ဟု ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အဖွဲ့ခေါင်းဆောင် ဆရာဝန် (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာ ရဲလင်းနိုင်က ဧရာဝတီသို့ ပြောသည်။
ဆက်လက်ပြီး ဒေါက်တာ ရဲလင်းနိုင်က“Case တွေလျော့နည်းလာတာက ဒီရောဂါအတွက် ကိုယ်ခံအားစနစ်တွေ ရလာတာ ရယ်၊ ရလတာတယ် ဆိုတာ ကာကွယ်ဆေး ထိုးမှရယ် မဟုတ်ဘူးပေါ့။ ပင်ကိုသဘာဝစနစ် ကိုယ်ခံအားတွေ ရတာလည်း ဖြစ်နိုင်တယ်။ လူတွေမှာ အသိပညာတွေ ရလာတာလည်း ဖြစ်နိုင်တယ်”ဟု ပြောဆိုသည်။
သြဂုတ်လ ၅ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီးတွင် ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 09 သံသယ လူနာ ၅၂၄ ဦးအနက် ပိုးတွေ့ရှိသူ ၂၁၃ ဦးတွေ့ရှိကာ သေဆုံးသူ ၆၅ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဆိုသည်။
သေဆုံးသူများ၏ ၈၀ ရာခိုင်နှုန်းကျော်တွင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ မွေးရာပါ ရောဂါလက္ခဏာစု၊ ကင်ဆာရောဂါနှင့် အခြားကိုယ်ခံအား ကျဆင်းသည့် ရောဂါများ အစရှိသည့် နာတာရှည် ရောဂါ အခံရှိသူများ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ သြဂုတ်လ ၃ ရက်အထိ ရာသီတုပ်ကွေး သံသယလူနာ ၁၀၉၉ ဦးကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာတွင် ရာသီတုပ်ကွေး ဖြစ်ပွား အတည်ပြုသူ ၄၅၇ ဦး ရှိခဲ့ပြီး သေဆုံးသူ ၈၇ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၃၆၇ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့ကာ သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။
တနိုင်ငံလုံး အတိုင်းအတာအနေနှင့်၂၀၁၇ ခုနှစ်တွင် ရာသီတုပ်ကွေး စစ်ဆေးသူ ၁၁၆၅ ဦး ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦး၊ သေဆုံးလူနာ ၃၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ရာသီတုတ်ကွေးကြောင့် သေဆုံးသူ ရန်ကုန်တိုင်းတွင် ၁၀ ဦးရှိ
H1N1 ကြောင့် ၃၈ ရက် အတွင်း သေဆုံးသူ ၃၅ ဦး ရှိ