မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန် မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုး သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူများကို သြဂုတ် ၅ ရက်နေ့က မြင်းခြံခရိုင်တရားရုံးတွင် ၈ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ရာ တရားလိုပြသက်သေ ၁ ဦးကို စစ်ဆေးခဲ့သည်။
“ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုပြ သက်သေ ၁ ဦးဖြစ်တဲ့ ဦးအောင်ဝင်းခိုင်က အလုပ်ကိစ္စနဲ့ ခရီးလွန် နေတဲ့အတွက် သမ္မာန်စာ အတည် မဖြစ်ဘူးလို့ ပြန်သွင်းလာတာကြောင့် ဦးမျိုးမင်းဦး တယောက်ထဲ ကိုပဲ စစ်ဆေးခဲ့တာပါ၊ လိုပြသက်သေ ဦးမျိုးမင်းဦးကို ဂျွန်နဲ့ပတ်သက်ပြီး ပစ္စည်း အပို့အယူ ကိစ္စရပ် တွေကို စစ်ဆေးခဲ့တာပါ”ဟု မြင်းခြံခရိုင် တရားရုံး သတင်း ပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။
အဆိုပါအမှုတွင် တရားလိုပြသက်သေ ၂၉ ဦး တင်သွင်းထားပြီး ယနေ့ရုံးချိန်းတွင် ၈ ဦးမြောက် သက်သေဖြစ်သည့် DHL နိုင်ငံတကာ ကုန်ပစ္စည်း ပို့ဆောင်ရေးဌာနမှ Service Center မန်နေဂျာ ဦးမျိုးမင်းဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ လာမည့် ရုံးချိန်းကို သြဂုတ် ၁၉ ရက်နေ့သို့ ချိန်းဆိုထား ကြောင်း သိရသည်။
“လာမယ့်ရုံးချိန်းမှာ ဦးအောင်ဝင်းခိုင်နဲ့ ဆရာဝန်ကို စစ်ဆေးဖို့ ချိန်းဆို ထားပါတယ်၊ လာမယ့်ရုံးချိန်း ဦးအောင်ဝင်း ခိုင်ကို စစ်ဆေးတဲ့ အခါ စာရွက်စာတမ်း ၉ မျိုး နဲ့အတူ လာရောက် သက်သေခံဖို့ တရားခံရှေ့နေကနေ လျှောက်ထားတာ ဖြစ်တဲ့အတွက် ဦးအောင်ဝင်းခိုင်ကို လာမယ့်ရုံးချိန်းမှာ သက်သေထွက်ဆိုဖို့အတွက် တရားရုံးကနေ ဆင့်စာထုတ် ပေးသွား မှာပါ”ဟု ဒေါ်တင်သန်းက ဆက်လက်ပြောသည်။
တရားခံများ ဘက်မှ အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က လည်း “ဒီနေ့ DHL အမြန်ချောပို့က ဦးမျိုးမင်းဦး လာပြီး သက်သေထွက်သွားတယ်၊ ဂျွန် ကနေပြီး တော့ အမေရိကန်ကနေ သစ်စေ့တွေ တရား ဝင် သွင်းသွားတဲ့အကြောင်းနဲ့ စာပေးစာယူလုပ်တဲ့ အကြောင်းတွေကို ထွက်ဆိုပေးသွားပါတယ်”ဟု ပြောသည်။
အဆိုပါစိုက်ခင်းနှင့်ပတ်သက်၍ စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား အသက် ၆၃ နှစ်ရှိ မစ္စတာ ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ၊ စိုက်ခင်း တာဝန်ခံ ဖြစ်သူ အသက် ၃၇ နှစ်ရှိ ရှိန်းလတ်နှင့် အသက် ၂၃ နှစ်ရှိ မရွှန်းလဲ့မြတ်နိုး တို့ကို ဧပြီ ၂၃ ရက် နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့ ၃ ဦးကို မူးယစ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) စသည့် ပုဒ်များဖြင့် တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် အမေရိကန် အခြေစိုက် III M ကုမ္ပဏီ တာဝန်ရှိသူဖြစ်သည့် အခြား အမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း တရားခံပြေး ကြေညာကာ အမှု ဖွင့်ထားသည်။
မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်း ဆေးခြောက်စိုက်ပျိုးသည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေး ကောင်းမွန်ခြင်းမရှိမှုကြောင့် ဟုဆိုကာ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၂(၁) ခြွင်းချက်အရ ကျပ်သိန်း ၃၀၀၀ တန် အာမခံပေးခဲ့သည်။
အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ က ကျန်းမာရေးအာမခံပေးရန် လျှောက်ထား သဖြင့် ရရှိခဲ့ပြီး ဖြစ်သော်လည်း မရွှန်းလဲ့မြတ်နိုးနှင့် ကိုရှိန်းလတ်တို့အတွက် ယခုရုံးချိန်းအထိ အာမခံ လျှောက်ထားမှုမရှိသေးကြောင်း သိရသည်။
“ကိုရှိန်းလတ်နဲ့မရွှန်းလဲ့မြတ်နိုးကတော့ ဒီနေ့ရုံးချိန်းအထိ အမှုတွဲမှတ်တမ်းတွေအရ အာမခံနဲ့ ပတ်သက်လို့ လျှောက်ထား လာတာမျိုး မရှိသေးပါဘူး၊ တကယ်လို့ လျှောက်ထားခဲ့မယ် ဆိုရင်လည်း အမှုစစ် တရားသူကြီးက ဥပဒေနဲ့ အညီ အမိန့် တရပ် ချမှတ်သွားမှာပါ”ဟု မြင်းခြံခရိုင် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒေါ်တင်သန်းက ပြောသည်။
အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဖရက်ဒရစ် တိုဒိုရိုကီ အပါအဝင် ကိုရှိန်းလတ်၊ မရွှန်းလဲ့မြတ်နိုးတို့ အား စွဲဆိုထားသော ပုဒ်မများသည် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချနိုင်သည့် ပုဒ်မများ၊ သေဒဏ် ကျခံရမည့် ပုဒ်မများ ဖြစ်သောကြောင့် အာမခံရရှိရန် မလွယ်ကူကြောင်း သိရသည်။
“ဒီအမှုကို စွဲထားတဲ့ ပုဒ်မတွေက အကြီးကြီးတွေ ဖြစ်နေတယ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ သေဒဏ်ကျနိုင်တဲ့ ပုဒ်မတွေဆိုတော့ ဥပဒေအရ အာမခံပေးလို့မရဘူး၊ ဒါပေမယ့် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၉၇-၁ ခြွင်းချက်မှာ သေဒဏ်၊ ကျွန်းဒဏ်ထိုက်သင့်တဲ့ အမှုမှာပင်လျှင် ကျန်းမာရေးမကောင်း တဲ့သူ၊ အသက် ၁၆ နှစ် အောက် ကလေးသူငယ်၊ အမျိုးသမီးကို တရားရုံးက သူ့ဆင်ခြင်တုံတရားနဲ့ အာမခံ ပေးနိုင်တယ်လို့ ပြဌာန်း ထားတော့ မရွှန်းလဲ့မြတ်နိုးအတွက် အဲဒီဆင်ခြင်တုံတရားကို မျှော်လင့်တယ်။ဒီအမှုက အခြားအမှုတွေလို မူးယစ်ဆေးဝါး ဆိုတာကြီးတွေကို တန်နဲ့ချီ မိတဲ့ ကိစ္စ လည်း မဟုတ်ဘူး၊ ထူးခြားတဲ့အမှုတခု ဖြစ်တဲ့အတွက် မျှော်လင့်လို့ ရတာတွေ အများကြီး ရှိပါ တယ်”ဟု တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ဆေးခြောက် စိုက်ခင်းဟု နာမည်ကြီးခဲ့သည့် မြို့သာ စက်မှုဇုန် အတွင်း စိုက်ပျိုးထားသည့် စိုက်ခင်း ဧက ၃၀ ကျော်သည် ၁ နှစ်နီးပါး ရှိပြီး ကင်ဆာ ရောဂါ ပျောက်ဆေး ထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဧပြီ ၂၂ ရက်က မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ FDA၊ မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး နှင့် ဓာတုဗေဒ စစ်ဆေးရေး ဌာနခွဲ (မန္တလေး) တို့က သွားရောက် စစ်ဆေးခဲ့သည်။
ထို့သို့ စစ်ဆေးပြီးနောက် ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် စက်မှုဇုန်၌ ချဉ်ပေါင်လျှော် နွယ်ဝင် ဆေးခြောက် အာနိသင် ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ဧက ၆၀ ခန့်၊ အလျား ပေ ၁၂၀၊ အနံ ပေ ၂၀ ရှိ အခန်း ၃ ခန်းပါ ဂိုထောင် ၁ လုံး၊ အဆိုပါ ဂိုထောင် အတွင်းမှ အရွက်မှုန့် အိတ် ၅၅ အိတ် ခန့်နှင့် အစေး ကုန်ချော ၁ ကီလိုခန့်အား စစ်ဆေး တွေ့ရှိခဲ့ ကြောင်း ပါရှိသည်။
ထို့အပြင် ချဉ်ပေါင်လျှော် နွယ်ဝင် ဆေးခြောက် အာနိသင် ပါရှိသည်ဟု ယူဆရသော အရွက်ခြောက်မှုန့် ၅ ကီလိုခန့် နှင့် အရက် (ဘီအီး) ၅ ဂါလန်တို့ ရောစပ်၍ အဝတ်လျှော်စက်ထဲ ထည့်မွှေပြီး ပေါင်းခံပါက တဆေး ပုံသဏ္ဌာန် အစေး ၂၅၀ ဂရမ်ခန့် ရရှိကြောင်း၊ အစေ့အား ကြိတ်၍ ရရှိသော အဆီကို ပေါင်းခံ၍လည်း ထုတ်လုပ်နိုင်ကြောင်း၊ ကင်ဆာ ပျောက်ဆေး ထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ စိုက်ခင်းပြုလုပ်ရန်အတွက် ၂၀၁၈ ခုနှစ် မေလခန့် က စိုက်ခင်း ဧက ၆၀ ခန့်အား အမေရိကန် နိုင်ငံသား John Fredric ၊ Thomas နှင့် Alexandra Skemp တို့ ၃ ဦးက သဘာဝ ဆေးဘက်ဝင် လျှော်ပင် စိုက်ပျိုးရန် အတွက် တိုင်းအစိုးရ အဖွဲ့၏ တရားဝင် ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်းဟု ဖြေရှင်းထား သည်။
Myanmar Hemp Association အဖွဲ့ကလည်း Hemp နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမား ကော်မတီအဖွဲ့ဝင်များနှင့် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ဆုံကာ စက်မှု လျှော်ပင်၏ အသုံးဝင်ပုံ၊ ဈေးကွက်အခြေအနေများအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုအမှုပါ သဘာဝ ဆေးဘက်ဝင် လျှော်ပင်နှင့် မည်သို့ ကွာခြားသည်ဟု မီဒီယာများ၏ မေးမြန်းချက်ကို မြင်းခြံခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဒေါ်တင်သန်းက “ဒီအမှုက စစ်ဆေးဆဲဖြစ်တဲ့အတွက် နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်ဆိုတာ ကို ကျမအနေနဲ့ ဝေဖန်ထောက်ပြတာတို့၊ ထင်မြင်ချက်ပေးတာတို့ လုပ်လို့မရပါဘူး”ဟု ဖြေကြားခဲ့ သည်။
ယနေ့ရုံးချိန်းတွင် ဒေသခံ စိုက်ခင်း အလုပ်သမား ၇၀ ကျော် လာရောက်ဝန်းရံခဲ့ကြသလို ကျန်းမာရေး အာမခံဖြင့် လွတ်မြောက်လာသည့် အမေရိကန်နိုင်ငံသား ဂျွန်ဖဒရစ် တိုဒိုရိုကီသည် ယနေ့ နေ့လည် ပိုင်းအချိန်က ၎င်း၏ ဝန်ထမ်းများ နေထိုင်ရာ စိုက်ခင်းအနီးရှိ နဝရတ်ကျေးရွာသို့ သွားရောက်ကာ အမှုရင်ဆိုင်နေစဉ်အတွင်းတွင် တရားရုံးများ သို့ လာရောက် အားပေးခဲ့ကြသဖြင့် အထူးကျေးဇူး တင် ကြောင်း၊ ကိုရှိန်းလတ်နှင့် မရွှန်းလဲမြတ်နိုး တို့အား အမြန်ဆုံး လွတ်မြောက်ရန် ကြိုးပမ်း ပေး သွား မည် ဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် ဒီနိုင်ငံ၏ မည်သည့် ဥပဒေမှ ကျူးလွန်ထားခြင်း မရှိ သည့် အတွက် အမှုကို အမြန်ဆုံးပြီးပြတ်သွားရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ဆေးခြောက်လျှော် စိုက်ခင်းအမှုမှ အမေရိကန်နိုင်ငံသား အာမခံရ
ဆေးခြောက်စိုက်ခင်းအမှု အမေရိကန် ၄ ဦးကို ရဲက ထပ်မံ အလိုရှိ
ငါန်းဇွန် ဆေးခြောက် စိုက်ခင်း တာဝန်ရှိသူများကို ဆက်လက် ချုပ်ထား