နေပြည်တော် ဘောဂသီရိ ကားဝင်း၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံဆိပ်ပါသည့် အဖြူရောင် ကား၏ ဆီတိုင်ကီ အတွင်းမှ ကျပ်သိန်း ၉ ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း ပျဉ်းမနား မြို့မ ရဲစခန်း က ပြောသည်။
ပျဉ်းမနား မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးက“ကားက ဆောက်လုပ်ရေးကကား။ အဲဒီကားကို ဆီထည့်တော့ ဆီက အများကြီး မဆံ့ဘူးဖြစ်နေတာ။ နည်းနည်းပဲ ဆံ့လို့ ဝပ်ရှော့ကို လာပြီး ဆီတိုင်ကီကို ဖြုတ်ခိုင်း တာ။ တိုင်ကီကို ဖြုတ်လည်း ဖြုတ်ရော၊ တိုင်ကီက အကန့် ၂ ကန့်ဖြစ်နေတာ။ ဂဟေဆော်ထားတာက တခြမ်း၊ အဲဒီ အထဲမှာ မူးယစ်ဆေးဝါးတွေ ထည့်ထားတာ”ဟု ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ထိုသို့ မူးယစ်ဆေးဝါး ပမာဏ ဖမ်းဆီးရမိခြင်းသည် နေပြည်တော်တွင် ယခုတကြိမ် ပထမဆုံး ဖမ်းဆီးရမိကြောင်း၊ တရားခံ အစစ် မည်သူ ဆိုသည်ကို သိရှိရန်အတွက် စုံစမ်း စစ်ဆေးနေကြောင်း၊ အဆိုပါ ကားကို မောင်းနှင်လာသူမှာ ဝန်ကြီးဌာနမှ အဆင့် ၅ ရှိသူ ယာဉ်မောင်းဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။
သြဂုတ် ၅ ရက် နေ့လယ်ပိုင်းက ပျဉ်းမနား ဘောဂသီရိ ကားကွင်းထဲက ယာဉ်ပြင်ရုံ အလုပ်တန်းရှိ ကားဝပ်ရှော့သို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံဆိပ်ပါ လန်ခရူဇာ (Landcruiser) အဖြူရောင်ကား ဆီတိုင်ကီအား ဆီထည့်ရာတွင် သတ်မှတ် ပမာဏအောက် လျော့နည်းနေသဖြင့် လာရောက်ပြုပြင်စဉ် စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသို့ ကားဝပ်ရှော့ ပိုင်ရှင်က မသင်္ကာဖွယ်ရာ ပစ္စည်းများ တွေ့ရှိသဖြင့် ဖုန်းဆက် အကြောင်းကြားရာ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒုရဲအုပ် သက်နိုင်ဦးက ပြောသည်။
အဆိုပါကားမှ အလေးချိန် ၃၅၀ ဂရမ်ခန့်စီပါ ဘလောက်တုံး ၈၉ တုံး၊ စုစုပေါင်းအလေးချိန် ၃၁.၁၅ ကီလိုဂရမ် ခန့် ကာလ ပေါက်ဈေး ၁ ကီလို သိန်း ၃၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၉၃၄၅ ခန့်အား ဖမ်းဆီရမိခဲ့ကြောင်း ပျဉ်းမနားမြို့မ ရဲစခန်းက ပြောပြသည်။
ထိုကားသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဘဏ္ဍာသိမ်း မော်တော်ယာဉ်ဖြစ်၍ လွန်ခဲ့သော ၅ ရက်ခန့်က ဆောက် လုပ်ရေး ဝန်ကြီးဌာန အတွက် ထုတ်ပေးထားသော ကားဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ ကိုယ်တိုင် မောင်းနှင်လာခြင်း ဖြစ် ကြောင်း၊ သိမ်းဆည်းရမိသော သက်သေခံ မူးယစ် ဆေးဝါးများနှင့်ပတ်သက်၍ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူ နိုင်ရေး အတွက် မူးယစ် တပ်ဖွဲ့စု (၁၀၁) နေပြည်တော် အဖွဲ့က ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ဒုရဲအုပ် သက်နိုင်ဦး က ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူများအား မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိပေ။
သို့သော် ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး အဆင့်ရှိသူ အရာရှိတဦးက ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် ဦးစီးဌာန ၅ ခု ရှိကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း၊ ဝန်ကြီးရုံးမှ ပြောရေးဆိုခွင့် ရှိသူများသာ သိရှိနိုင်မည် ဖြစ်ကြောင်း ရှင်းပြသည်။
ဒုရဲအုပ် သက်နိုင်ဦးက“ဘိန်းဖြူက အမှုန့်ကိုမှ ခဲအောင် ရိုက်ထားတာ။ ပြောရရင် သိပ်သည်းဆ များအောင်လို့ပေါ့။ ဆပ်ပြာဖုံး တခွက်ကို ၁၀ ဂရမ်ပဲ ပါတာ။ ဒီကောင်က တတုံးကို ၃၅ ဂရမ်ပါတယ်။ အဲဒါမျိုး ၈၉ ခဲတွေ့တာ”ဟု ပြောပြ သည်။
၎င်းက ဆက်လက်၍“အရင်တုန်းက ကားတွေ Without (လိူင်စင်မဲ့) သိမ်းထားတာ။ ရှမ်းပြည်နယ်ဘက်က Without ကားတွေ သိမ်းပြီးတော့မှ ဝန်ကြီးဌာနတွေကို ပြန်ထုတ်ပေးထားတာ”ဟု ပြောသည်။
လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်က အဆိုပါကားသည် ကွတ်ခိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းက သိမ်းဆည်းထားသည့် ကားဖြစ်ပြီး ကားပိုင်ရှင်အား မူးယစ်ဆေးဝါး အမှုနှင့် ကွတ်ခိုင် မြို့မ ရဲစခန်း၌ (ပ) ၄၀/၂၀၁၈ မူ/စိတ် ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့် ထားကြောင်းလည်း ပျဉ်းမနား မြို့မ ရဲစခန်းက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲအုပ် အေးမင်းသန့်က တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပျဉ်းမနားမြို့မ ရဲစခန်းက မယ(ပ) ၈/၂၀၁၉ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၉ (က) ဖြင့် အမှု ဖွင့်ထားကြောင်း ပျဉ်းမနားမြို့မှ ရဲစခန်းက ပြောသည်။
နိုင်ငံတော် သမ္မတရုံးက ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှစ၍ မူးယစ်မှုမျယဒ တိုင်ကြားရန် ဖွင့်လှစ်ထားပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၃ ရက်နေ့အထိ တိုင်ကြားလာသည့် အမှုပေါင်း ၇၁၂ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံ ၁၁၁၅ ဦး ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဘိန်းဖြူ ၆၅၂၂.၇၇၈၄ ဂရမ်၊ ICE ၁၃၁၈.၇၂ဂရမ်၊ ဘိန်း ၃၉၇၇၆.၉၅ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၂၉. ၆ ဂရမ်၊ ဘိန်းစာမှုန့် ၁၉၆၀၉.၂၇ ဂရမ် စသည်များ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။
You may also like these stories:
မူးယစ်ဆေး ဝင်ဖမ်းရာမှ ရဲတပ်ဖွဲ့ဝင် ပစ်သည့် ကျည်ဆံ ဒုရဲအုပ် မှန်
ကျပ် ၁၆ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးနှင့် ပစ္စည်းများ တပ်မတော် ဖမ်းမိ
မူးယစ်ဆေး ပစ်ဖမ်းခံရသည့် ကျန်းမာရေးဆရာမ အမှု တရားသေလွှတ်