အစ္စလာမ် ဘာသာအပေါ် ပုတ်ခတ်ဟောပြောသည်ဟုဆိုကာ ဦးလှဆွေ(ဘူးလက်)အား သာသနာ ညိုးနွမ်း စေမှု ပုဒ်မ ၂၉၅(က)ဖြင့် အရေးယူပေးရန် လျှောက်ထား တရားစွဲဆိုမည်ဖြစ်ကြောင်း တရားလို အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ ရှေ့ ပြုလုပ်သည့် တပ်မတော်ထိပ်တန်း အရာရှိများအား အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်း အပေါ် ကန့်ကွက်ပွဲတွင် ဦးလှဆွေ(ဘူးလက်)က ဘာသာကြီးလေးမျိုးမှာ သုံးမျိုးကတော့ သူတို့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်၊ မိုဟာမက်ကို ထိရဲလား၊ တော် တော်သတ္တိရှိ တဲ့ အမေရိကန်ပဲ၊ လုပ်ကြည့်ပါလား လေယာဉ်ပျံနဲ့ ဗုံးခွဲပစ်မယ် မိုဟာမက်က၊ အဲ့ဒါကျ ကြောက်တယ်” ဟုဆို ကာ ပြောခဲ့ခြင်းဖြစ်သည်။
ယင်းကိစ္စအတွက် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သည့် ဦးစန်းအောင်က တရားစွဲဆိုရန် မရမ်းကုန်းမြို့နယ် တရားရုံးသို့ ယနေ့ ဦးတိုက်လျှောက်သော်လည်း ဦးလှဆွေ ဟောပြောသည့် နေရာမှာ ကျောက်တံတားမြို့နယ်တွင် ဖြစ်၍ ယင်းအပိုင် တရားရုံးတွင်သာ ဦးတိုက်လျှောက်ထားရန် တရားရုံးက ဆုံးဖြတ် ခဲ့သည်။
ဦးစန်းအောင်က “တမန်တော် မိုဟာမက်ဟာ အကြမ်းဖက် ဗုံးခွဲမယ်လို့ ပြောလိုက်တာ မွတ်စလင်ယောက် အနေနဲ့ မခံစားနိုင်ဘူး၊ ဒီအတွက် အမှုဖွင့်တာပါ၊ ပုတ်ခတ်ပြီးတော့ ဗုဒ္ဓဘာသာကို ပြောလည်း လက်မခံနိုင်ဘူး၊ အခြား ဘာသာတွေကို ပြောလည်း လက်မခံနိုင်ပါဘူး၊ ဥပဒေစိုးမိုးမှုကို သေချာလုပ်ပေးပါ”ဟု ပြော သည်။
သြဂုတ် ၅ ရက်နေ့က ဦးလှဆွေ၏ ဟောပြောမှု အပေါ် ဦးစန်းအောင်က ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးပမ်းခဲ့သော်လည်း တရားရုံးတွင်သာ ဦးတိုက် လျှောက်ထား တရားစွဲဆိုရန် ညှိနှိုင်းခဲ့၍ ဦးတိုက် လျှောက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် အမှုဖွင့်မှုနှင့် ပတ်သက်ပြီး အမည်မသိသူများကလည်း ၎င်းအား တယ်လီဖုန်းဖြင့်ဆက်ကာ “ဒီအဖွဲ့ နောက်မှာ အင်အားဘယ်လောက်ရှိလဲ မင်းသိလား ”ဟုဆိုကာ ခြိမ်းခြောက် စိန်ခေါ်မှုမျိုး ယနေ့မနက်ပိုင်းက ၃ ကြိမ်ခန့် ပြုလုပ်ခံခဲ့ရကြောင်းလည်း ဦးစန်းအောင်က ဆက်ပြောသည်။
ဦးလှဆွေ(ဘူးလက်)က “အမေရိကန်သံရုံးက ဗုဒ္ဓနဲ့ပတ်သက်တဲ့ ပါဖောမန့်လုပ်တုန်းက တရားစွဲတော့ တရား ရုံးက လက်မခံဘူး၊ အခုမွတ်စလင်တွေက တရားစွဲတာကျတော့ တရားရုံးက လက်ခံတယ်ဆိုရင် ဘာကြောင့် လဲ ဆိုတာ တရားရုံးကို မေးရမှာပါ၊တရားရုံး ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ရမှာပေါ့၊ ကိစ္စတော့မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကိုးကွယ်ရာ ဘာသာတခုခုအပေါ် စော်ကားပြောဆိုမှု ပုဒ်မ ၂၉၅(က)အား ကျူးလွန်ပါက ၂ နှစ်အထိ ထောင် ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည်။