နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ (International Anti-Corruption Academy – IACA) ၏ နိုင်ငံတကာ အဖွဲ့အစည်း ထူထောင်ခြင်း ဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ် ရေးထိုးရန် ပြည်ထောင်စု လွှတ်တော်က သဘောတူလိုက်သည်။
IACA ၏ စာချုပ်၌ လက်မှတ်ရေးထိုး ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတွက် ထိထိ ရောက်ရောက် အကျိုးရှိမည် ဖြစ်၍ လက်မှတ်ရေးထိုးရန် လွှတ်တော် ကိုယ်စားလှယ်များက သြဂုတ်လ ၅ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ထောက်ခံ ဆွေးနွေးကြသည်။
ယင်းစာချုပ်တွင် လက်မှတ်ထိုးကာ အဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်ခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ အသိ ပညာများ တိုးတက်ရရှိစေခြင်း၊ IACA က စီစဉ်သည့် ကာလတိုနှင့် ဘွဲ့လွန်သင်တန်းများ စေလွှတ်နိုင်ခြင်း၊ အဂတိ တိုက်ဖျက်ရေး နှင့် ပတ်သက်ပြီး နိုင်ငံတကာက ကျင့်သုံးသည့် စံချိန်စံညွှွန်းနှင့် အတွေ့ကြုံများ၊ လက်တွေ့ လေ့ကျင့်မှု များ ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လွှတ်တော်သို့ ရှင်းလင်း တင်ပြ ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုများ သိသိသာသာ ကျဆင်းမှု မရှိကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက် ရေး အောင်မြင်ရန် အချိန် များစွာ လိုသေးကြောင်း မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ၏ ပြောကြားချက်များကို သုံးသပ်ပါက အဂတိ တိုက်ဖျက်ရေး ဆောင်ရွက်နေသူများအား စွမ်းရည်ဆိုင်ရာ အကူအညီ ပေးရန် လိုအပ်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ဆွေးနွေးသည်။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းအား စွမ်းရည်မြှင့်တင်ခြင်းဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း ထုထည်ကြီးမားစွာ ရှိနေသည့် အဂတိ လိုက်စား မှုများကို အချိန်နှင့်တပြေးညီ တိုက်ဖျက်နိုင်သည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဒေါ်ခင်နှင်းသစ် က“IACA ကို ဝင်ရောက်ခြင်းဟာ ပြည်သူ့ဆန္ဒနဲ့ အစိုးရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ ရောက် တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဂတိတိုက်ဖျက်ရေးက စတင် ဆောင်ရွက်နေပြီ ဆိုသော်လည်း အရှိန် ရလာဖို့နဲ့ အင်အားရှိဖို့ လိုအပ်သလို ရလဒ်ကောင်းတွေရဖို့ လိုအပ်နေသေးလို့ ဖြစ်ပါတယ်”ဟုလည်း ပြောသည်။
IACA ဆိုင်ရာ သဘောတူစာချုပ်ပါ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ အသိ ပညာပေးခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပို့ချခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာ အကူအ ညီများ ထောက်ပံ့ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ တည်ဆောက်ခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကို ဆန့်ကျင်ရာတွင် နိုင်ငံတကာ ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်မှု မြှင့်တင်ခြင်း စသည်တို့ ပါဝင်သည့်အတွက် မြန်မာ နိုင်ငံ၏ လက်ရှိ လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းက လည်း ပြောဆိုသည်။
“နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နည်းလမ်းတခုဖြစ်တဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ယုံယုံကြည်ကြည်နဲ့ ဝင်ရောက် လာဖို့ အထူး လိုအပ်နေတဲ့ အခြေအနေမှာ ကျမတို့ နိုင်ငံအနေနဲ့ အဂတိလိုက်စားမှုတွေကို အလေးထား တိုက်ဖျက်နေ တယ်ဆိုတဲ့ ကြိုးပမ်းချက်ကို သက်သေပြရာ ရောက်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။
မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း အကျင့်ပျက်ခြစားခြင်းနှင့် လာဘ်ပေးလာဘ်ယူ ကိစ္စများသည် ၁၀ စုနှစ်များစွာ ကြာမြင့် ခဲ့ပြီး အစိုးရယန္တရားအတွင်း ယဉ်ကျေးမှုသဖွယ် ဖြစ်နေကြောင်း၊ အဂတိကြောင့် လာဘ်ရသူ လူတစု ကောင်းစား၍ နိုင်ငံ နှင့် လူထု ဆင်းရဲမွဲတေစေသော အခြေခံအချက်တခု ဖြစ်ကြောင်း၊ အဂတိကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှုကို အဟန့် အတား ဖြစ်စေကြောင်း၊ လက်ရှိတွင် ဆင်ခြင်တုံတရားရှိသူ ပြည်သူတိုင်းကလည်း အဂတိလိုက်စားမှုကို တိုက်ဖျက် လိုကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က စုံစမ်းစစ်ဆေးမှုများကို ပြည်ထောင်စု အဆင့် အပါအဝင် တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့ဝင်များအထိ ပြုလုပ် လာ ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် နိုင်ငံရေး လက်ရှိ ရာထူးဖြစ်သူ အပါအဝင် အဆင့်မြင့် အရာရှိများ၊ အရာထမ်း အမှုထမ်းများ ပြည်သူ့ ဝန်ထမ်းများ စုစုပေါင်း ၄၆ ဦးကို တရားစွဲဆို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဆင့် အထိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အဂတိလိုက်စားကြောင်း လုံလောက်သော အထောက်အထား များ မရှိသည့်အတွက် အရေးယူနိုင်ခြင်း မရှိခဲ့ဟု ကော်မရှင်က ပြောဆိုထားသည်။
လက်ရှိတွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လျှပ်စစ်ဝန်ကြီးနှင့် ဒုဝန်ကြီးတို့၏ ဘဏ်စာရင်းများ ကို တောင်းခံ စစ်ဆေးနေကြောင်းလည်း သိရသည်။
အဂတိ လိုက်စားမှုကို ကာကွယ်သည့် အနေဖြင့် ကော်မရှင်က ဝန်ကြီးဌာန ၁၈ ခု၌လည်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့ (Corruption Prevention Unique – CPU) ၃၂ ဖွဲ့ ဖွဲ့စည်း ပေးထားသည်ဟု ဆိုသည်။
ယင်း CPU များက ဌာနဆိုင်ရာ၌ ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ပြဿနာများအား စိစစ်ဖော်ထုတ်၍ နိုင်ငံ့ ဝန်ထမ်း ဥပဒေနှင့် အရေးယူခြင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူသင့်သည် များအား လည်းကောင်း ကော်မရှင်သို့ လွဲှပြောင်းပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်း သိရ သည်။
IACA ကို နိုင်ငံတကာ အဖွဲ့အစည်း အဖြစ် ထူထောင်ခြင်း ဆိုင်ရာ သဘောတူ စာချုပ်အား ၂၀၁၀ ခုနှစ် စက်တင်ဘာ လ ၂ ရက်တွင် ၂၀၁၀ ပြည့်နှစ်တွင် သြစကြီးယားနိုင်ငံ ဗီယင်နာမြို့တွင် စတင် စာချုပ်ချုပ်ဆို ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အာဆီယံ နှင့် ဒေသတွင်း နိုင်ငံများဖြစ်သော လာအို၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ စသည့် နိုင်ငံများ အပါအဝင် အဖွဲ့ဝင်ပေါင်း ၇၄ နိုင်ငံနှင့် အဖွဲ့အစည်း ၄ ခုတို့ ပါဝင်လာကြောင်းလည်း သိရှိရသည်။
You May Also Like These Stories:
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများ ဘဏ်စာရင်း အဂတိကော်မရှင်ကို ပေးပို့ပြီးဟု ဗဟိုဘဏ်ပြော
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ