သံလျင်မြို့နယ် အနောက်မြို့ဟောင်း ရပ်ကွက် အတွင်းရှိ မြဝတီ သီလရှင် စာသင်တိုက်ဝန်းပိုင်မြေကို ပုဂ္ဂိုလ်တဦး ပိုင် ဆိုင်သည့် မြေဟုဆိုကာ ဖယ်ရှားခိုင်းနေ၍ သီလရှင်များမှာ နေစရာ အခက်အခဲ တွေ့ကြုံနေရကြောင်း သိရသည်။
သီလရှင်ဆရာလေး ၅၇ ပါး သီတင်းသုံးနေသည့် မြဝတီစာသင်တိုက်နှင့် အနီးရှိ ဘုန်းတော်ကြီးကျောင်း တကျောင်း ပါဝင် သည့် ၂ဧကခန့် ကျယ်ဝန်းသည့် မြေကို ယခုအခါ သံလျင်မြို့နယ်နေ ဒေါ်သန်းသန်းမြင့်တို့ ပိုင်ဆိုင်သည့် မြေဖြစ်သဖြင့် ဖယ်ရှားပေးရန် တောင်းဆိုလာရာ လာမည့် သြဂုတ်လ ၉ ရက်တွင် ရန်ကုန်တိုင်း သံဃနာယကရုံးသို့ ဓမ္မစက်ဖြင့် တွေ့ဆုံ ဆွေးနွေးရန် ဆင့်ခေါ်ခြင်း ခံထားရကြောင်း သီလရှင်စာသင်တိုက်၏ တိုက်အုပ် ဒေါ်ဧသိင်္ဂီက ပြောသည်။
လွန်ခဲ့သော ၁ဝနှစ်ကျော် ကတည်းက မြဝတီ စာသင်တိုက် ဆရာတော် ဦးသာသနမှ ထိုမြေသည် အစိုးရမြေဖြစ်ကြောင်း၊ အစိုးရ စီမံကိန်း အကောင်အထည် မဖော်မချင်း နေထိုင်ရန် နေရာပေးရာမှ တဖြည်းဖြည်း တပါးကျောင်း၊ နှစ်ပါးကျောင်း စသဖြင့် သီလရှင်ကျောင်းဆောင်ပေါင်း ၄၉ လုံး အထိ ရှိလာကြောင်း၊ စတင် ဆောက်လုပ်စဉ်က မည်သူတဦး တယောက် မှ လာရောက် မတားမြစ်ခဲ့ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်ဧသိင်္ဂီက “၂၀၁၈ ခုနှစ်မှ သူတို့က ဆရာလေးတို့ စာသင်တိုက်ဝန်းကို ခြံလာခတ်တယ်။ အဲ့ဒီတော့မှ သူတို့ပိုင်တဲ့မြေ ဆိုတာကို သိရတယ်။ တကယ် ပိုင်ဆိုင်မှုရှိတယ် ဆိုရင် သံလျင်မြို့နယ်ထဲ နေနေတာပဲ။ သူတို့ ဆရာလေးတို့ ကျောင်း ဆောက်ကတည်းက လာတားပါလား။ သူတို့ပိုင်တဲ့မြေဆိုရင် ဆရာလေးတို့ကို ကျောင်းလှူတဲ့ ဒကာတွေကလည်း အခုလို တိုက်ဆောင်လေးတွေ ဘယ်လို ဆောက်လုပ် လှူဒါန်းပါ့မလဲ။ အခုမှ သူတို့ပိုင်တဲ့မြေဆိုပြီး အမှန်တကယ် ပိုင်ဆိုင်တာကို လည်း သေသေချာချာ မပြဘဲနဲ့ လုပ်နေတာ” ဟု ဆိုသည်။
အဆိုပါ နေရာသို့ စတင်နေထိုင်စဉ်က မိမိတို့ ပိုင်ဆိုင်သည့် မြေနေရာ မဟုတ်သည်ကို သိရှိသော်လည်း ယခုလို အတင်း ရွှေ့ပြောင်းခိုင်းသည့် အခါ မည်ကဲ့သို့ နေထိုင်ရမည်ကို အဆင်သင့် မရှိသေးကြောင်းနှင့် အမှန်တကယ် ပိုင်ဆိုင်ခဲ့သည် ဆိုလျှင်လည်း ပြောင်းရွှေ့စရိတ်လောက် ပေးသည်နှင့် မရဘဲ သင့်လျော်သည့် အဆောက်အအုံများ၊ မြေများအထိ တိတိ ကျကျ ဖန်တီးပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
သံလျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူး ဦးအောင်ကိုထွန်းကမူ အဆိုပါမြေသည် ဒေါ်သန်းသန်းမြင့်တို့၏ ဘိုးဘွား ပိုင်မြေ နေရာဖြစ်ပြီး ၎င်းတို့ လက်တွင် ယခင်ကတည်းက ၎င်းတို့ ဘိုးဘွားနာမည်များဖြင့် မြေခွန်ဆောင်ထားသည် ပြေစာများ လက်ဝယ်ရှိကြောင်း အတည်ပြုပြောသည်။
ယင်းနေရာရှိ သီလရှင်ဆရာလေးများကို နေရာရွှေ့ထားရေးနှင့် ပတ်သက်ပြီး မြို့နယ်သံဃနာယက အဖွဲ့၊ မြို့နယ် သီလ ရှင်ဆရာလေးများ အဖွဲ့တို့နှင့် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ထိုမြေသည် ဒေါ်သန်းသန်းမြင့်တို့၏ အဖိုးဖြစ်သူ ဦးဝမ်ပို၊ အဖွား ဒေါ်လှ တို့၏ အမည်ပေါက်မြေဖြစ်သည်မှာ မှန်ကန်နေ သည်ကို မြေယာပြဿနာ ဖြေရှင်းရာတွင် ပါဝင်ခဲ့သည့် သံလျင်မြို့နယ် မြို့ဟောင်း အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇင်မောင်ကြီးကလည်း ပြောသည်။
ဦးဇင်မောင်ကြီးက “ဖြစ်တာက သံလျင်တံတား စီမံကိန်းလုပ်ချိန်မှာ ဒီမြေကို တံတားစီမံကိန်း အတွက် လိုအပ်တဲ့ ဂိုထောင် တွေ ဆောက်ဖို့ သိမ်းယူခဲ့တဲ့ မြေနေရာ ဖြစ်ပါတယ်။ နိုင်ငံတော်က သိမ်းဆည်းခံမြေတွေကို နစ်နာခဲ့တဲ့ လျော်ကြေး မပေး ထားဘူး ဆိုရင် မူလပိုင်ရှင်ကို ပြန်ပေးဖို့ ညွှန်ကြားချက်ရှိတယ်။ အဲ့ဒီအတွက် ဒေါ်သန်းသန်းမြင့်တို့ကလည်း မြေကို ပြန် လျှောက်တာ။ အဲဒီမှာ သူတို့ ၂ ဖက်က အငြင်းပွားမှုတွေ ဖြစ်လာတာ” ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ သံလျင်မြို့မဈေးတွင် ရွှေဆိုင်ဖွင့်ထားသော ဒေါ်သန်းသန်းမြင့်ကို သွားရောက် တွေ့ဆုံရာတွင် ယင်း မြေသည် ဘိုးဘွားပိုင်မြေဖြစ်သလို နိုင်ငံတော်မှ သိမ်းယူထားပြီး အသုံးမပြုတော့သည့် မြေဖြစ်သည့်အတွက် ၂၀၁၅ ခုနှစ် ကတည်းက မိမိတို့မြေကို ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
သီလရှင်စာသင်တိုက် အနီးရှိ မြဝတီ ဘုန်းကြီးကျောင်းမှ ယခင် ကျောင်းထိုင်ဆရာတော် ဖြစ်သူက သီလရှင် ဆရာလေး များကို မြေရောင်းစားပြီး နေထိုင်စေခဲ့ကြောင်း ဒေါ်သန်းသန်းမြင့်က ပြောဆိုသည်။
ဒေါ်သန်းသန်းမြင့်က “လာမယ့် ၉ ရက်မှာ တိုင်းသံဃနာယက ရုံးမှာ တွေ့မယ့်ပွဲက ဘယ်သူပိုင်တယ် ဆိုတာ အဖြေပဲ။ ကျမတို့က အထောက်အထား ခိုင်မာတဲ့အတွက် သက်ဆိုင်ရာကလည်း ကျမတို့ ပိုင်တာပေါ်နေတာပဲ။ သူတို့ (သီလရှင် ဆရာ လေးများ)က အမှန်တကယ် ဖြေရှင်းရမှာ ကျမတို့နဲ့ မဟုတ်ဘူး။ သူတို့ကို မြေရောင်းစားထားတဲ့ ဆရာတော်နဲ့ ရှင်း ရမှာ” ဟု ဆိုသည်။
သံလျင်မြို့နယ်၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနတွင် ၁၉၇၆ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် လက်ထောက် ဦးစီးမှူး(ငြိမ်း) ဖြစ်သူ ဦးအုန်းမြင့်ကမူ အဆိုပါ မြေနေရာနှင့် ပတ်သက်ပြီး ၁၉၉၇ ခုနှစ်ဝန်းကျင်ခန့်က ဘုန်းကြီးကျောင်း ပိုင်ဆိုင်မှုအား မြေယာစိစစ်ခဲ့ရာတွင် တိကျသည့် ပိုင်ရှင်အမည်ကို မတွေ့ရှိခဲ့ရကြောင်း ပြောသည်။
မြေယာစိစစ်စဉ်က မြေပိုင်ရှင်မှာ E Solomon & Son ဆိုသည့် နိုင်ငံခြားသား အမည်ပေါက်ဖြင့်သာ တွေ့ရကြောင်း၊ ဒေါ်သန်းသန်းမြင့်တို့၏ ဘိုးဘွားပိုင်မြေ အဖြစ် အမည်ပေါက်ဖြစ်စေရန် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို အတိအကျ သိရှိရန်မှာ အဓိကအချက် ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
ဦးအုန်းမြင့်က “ကျနော်တို့ ကွင်းဆင်းစစ်တုန်းက အဲ့ဒီနေရာက ဥယျာဉ်ခြံမြေ အဖြစ်ပဲ ရှိသေးတယ်။ အမည်ပေါက်ကလည်း နိုင်ငံခြားသား အမည်ပေါက်ပဲ။ သူတို့အဖိုး၊ အဖွားနာမည် ဘယ်လိုရထားလဲ ဆိုတာ ကျနော် တာဝန်ထမ်းဆောင်စဉ်တုန်း က မသိဘူးဗျ။ မြေယာပေါ်မှာ ကျူးကျော်နေထိုင်သူကို ဖယ်ရှားရေး ဥပဒေမှာကိုက ၁၂ နှစ်အထက် နေထိုင်ခဲ့သူတွေဆို ပိုင်ရှင်ကိုယ်တိုင် တရားစွဲလို့တော့ မရတော့ဘူး” ဟု ဆိုသည်။
ယခု ပြဿနာသည် မြို့နယ်၏ ပုံရိပ်၊ သိက္ခာနှင့်တကွ ဗုဒ္ဓဘာသာဝင်များ၏ သာသနာရေးနှင့် သက်ဆိုင်နေသဖြင့် ထိုကိစ္စ ကို ဝါထွက်(သီတင်းကျွတ်)ပြီးမှ ဆောင်ရွက်သင့်ကြောင်း သံလျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း က သုံးသပ်ပြောဆိုသည်။
“ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်အရတော့ ဒီဟာကို ဝါထွက်ပြီး သီးသန့် ပြင်ဆင်နိုင်တဲ့ အခြေအနေ တခု ရောက်မှပဲ ဆောင် ရွက်သင့်တယ်။ ကျနော်က အုပ်ချုပ်ရေးနယ်ပယ်က လူဖြစ်နေတော့ ကျနော်တို့ အစိုးရအဖွဲ့က သီးသန့် ညွှန်ကြားချက် ရှိရင် ဥပဒေနဲ့ အညီ ဘယ်လို အငြင်သာဆုံး ဆောင်ရွက်ရမလဲဆိုတာ လုပ်ရမှာ။ လက်ရှိတော့ ကျနော်တို့ဘက် က ဘာမှ ဆက်လုပ်ဖို့တော့ မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
အဆိုပါ မြေနေရာ စတင် အငြင်းပွားသည့် ၂၀၁၈ ခုနှစ်တွင် သီလရှင်ဆရာလေးများမှလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများ အထိ အဆင့်ဆင့်တင်ပြကာ သာသနာ့နယ်မြေ အဖြစ် လျှောက်ထားခဲ့သည့် စာများကို တွေ့ရသည်။