မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေလျှံခြင်းကြောင့် ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် တင်းချောင်း ကျေးရွာ အုပ်စု အတွင်းရှိ အိမ်ခြေ ၁၆၀ ကျော် ရေနစ်မြုပ်လျက် ရှိကြောင်း သတင်း ရရှိသည်။
ငပုတောမြို့နယ်ရှိ မြစ်တစ်ရာ မြစ်ရေလျှံတက်သည့် အတွက် တင်းချောင်း ကျေးရွာအုပ်စုရှိ ဝါးကလော၊ ဝက်ကော်၊ သရက်ဆိုင်းရွာ အပါအဝင် ရွာပေါင်း ၆ ရွာမှ အိမ်ထောင်စုပေါင်း ၁၆၅ စုသည် ယမန်နေ့က စတင်၍ ရေဘေးဒုက္ခ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
ငပုတောမြို့နယ် တင်းချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက“မိုးက တအားရွာတော့ တောင်ကျရေ ကလည်း တအားကျတယ်။ မြစ်ရေကလည်း ဒီရေတက်တော့ ရွာတွေထဲကို ရေတွေ ဝင်ကုန်တာ။ နိမ့်တဲ့အိမ်တွေဆို အိမ် ထဲအထိ ရေက၂ ပေလောက် ဝင်တယ်။ အဲဒီတော့ လူတွေက အိမ်တွေမှာ နေလို့မရ၊ အိပ်လို့မရနဲ့ အခက်အခဲ ဖြစ်ကြ တယ်”ဟု ဧရာဝတီကို ပြောသည်။
ရေနစ်မြုပ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ သေဆုံးမှု မရှိသော်လည်း သိုလှောင်ထားသည့် စပါး ၂၁၇ တင်း ရေစို ပျက်စီးခဲ့ပြီး ရေတက်မှုကို စောင့်ကြည့်ရန် အတွက် ရေကင်းများ ချထားကြောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများထံက သိရ သည်။
အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက“ညဘက် ရေတက်လာရင် အဆိပ်ရှိတဲ့သတ္တဝါတွေ ပါလာတတ်တာရယ်၊ ရုတ်တရက် ရေကြီးမှု ပိုဆိုးလာရင် ရှောင်တိမ်းဖို့ မလွယ်ကူတဲ့ အခြေအနေတွေကြောင့် ရေမြုပ်တဲ့အိမ်က မိသားစုတွေရော ကျေးရွာမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာမတွေရော ညဘက်ကို အန္တရာယ်ကင်းကင်းနဲ့ အိပ်နိုင်ဖို့ အတွက် ဘုန်းတော်ကြီးကျောင်း နဲ့ စာသင်ကျောင်းမှာ အိပ်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ပြင်းထန်စွာ စီးဆင်း တိုက်စားသည့် အတွက် ငပုတောမြို့နယ် ပိုးလောင်း ကျေးရွာနှင့် သာယာကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ရွာချင်းဆက် သစ်သားတံတားသည်လည်း ဩဂုတ်လ ၅ ရက် က ကျိုးကျပျက်စီးခဲ့ပြီး တောင်ကျချောင်းရေနှင့် အတူ ရေထဲမျောပါခဲ့ကြောင်း သိရသည်။
ပိုးလောင်းကျေးရွာ ခေတ်သစ်လူမှု ကူညီရေးအသင်း ဦးဆောင်သူ ကိုဝေဖြိုးက“မိုးက တအားရွာပြီး တောင်ကျရေစီးက ပြင်းထန်တော့ တံတားက တောင့်တင်းပေမယ့် ရေတိုးတဲ့ဒဏ် မခံနိုင်တော့ဘဲ အလယ်ကနေ ကျိုးကျပြီး ချောင်းရေနဲ့ မျော ပါသွားတာပါ။ သာယာကုန်းရွာ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒီတံတားကို အဓိကထား ဖြတ်သန်း သွားလာ နေရတာ အခုလို တံတားကျိုးတော့ ကျောင်းသား ကျောင်းသူတွေရော၊ ဒေသခံတွေရော သွားလာရေးနဲ့ စီးပွားရေး၊ ကျန်းမာရေးက အစ အကုန် ဒုက္ခရောက်နေကြတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် သြဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှု ကြောင့် ဓနုဖြူမြို့နယ်မှ နေအိမ် ၁၀ လုံးနှင့် ပန်းတနော်မြို့နယ်မှ နေအိမ် ၂၁ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။