သေဆုံးခဲ့သည့် အိမ်အကူမကရင်မနှင့် အတူနေထိုင်ခြင်း မရှိသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင်ဖြစ်သူ သံသယ တရားခံ ဒေါ်သိင်္ဂီစုက ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးတွင် ယနေ့ ထုချေသည်။
သံသယတရားခံ ဒေါ်သိင်္ဂီစုက သူ့အနေဖြင့် မကရင်မရှိသည့် မိခင်နေအိမ်တွင် အမြဲနေထိုင်ခြင်း မရှိကြောင်းနှင့် ကိုယ်ထိ လက်ရောက် ရန်ဖြစ်ခြင်း၊ စကားများခြင်းများ၊ ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပျဉ်နှင့် ထုခြင်းများ မရှိ ကြောင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က“ဒီနေ့ထွက်ဆိုချက်တွေက ပထမတုန်းက တရားလိုပြသက်သေတွေကို သူ့ရဲ့ ရှေ့နေ က ပြန်လည်မေးမြန်းထားခြင်း မရှိတဲ့အနေအထားတွေကို သူကပိုမိုပြီးတော့ ထွက်ဆိုနေတာဖြစ်တဲ့အတွက် နောက်မှ အကြံရပြီး ထွက်ဆိုနေတယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါကြောင့်ထွက်ဆိုချက်တွေက ယုတ္တိမတန်တဲ့ ထွက်ဆိုချက် တချို့ ပါလာတာဖြစ်တယ်”ဟု ပြောသည်။
သံသယတရားခံ ဒေါ်သိင်္ဂီစုကို စစ်ဆေးမှုသည် ယနေ့ရုံးချိန်းအပါအဝင် လေးကြိမ်ရှိပြီ ဖြစ်ကြောင်း တောင်ပိုင်းခရိုင် တရားရုံးမှ သိရသည်။
ပြီးခဲ့သည့် ရုံးချိန်းတွင်လည်း သေဆုံးသူ အိမ်အကူ မကရင်မသည် လေအေးပေးစက် ပုံးကို မခဲ့ရာမှ လှေကားပေါ်က ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာ ဒဏ် ချက်များ ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် နာတာရှည်ရောဂါများ ရှိကြောင်း ထွက်ဆိုခဲ့ဖူးသည်။
အိမ်အကူ မကရင်မသည် ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် သက်သေ ထွက်ဆိုထားသည်။
မကရင်မ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ်ပြင်ပတွင်လည်း တုံး သော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမည်းစွဲ ဒဏ်ရာများ၊ စုတ်ပြဲ ဒဏ်ရာများ တွေ့ရှိရကြောင်း တွံတေးမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင်က မကရင်မ သေဆုံးခဲ့ပြီးနောက် မေလအတွင်းက ဧရာဝတီသို့ အတည်ပြု ပြောကြား ထားသည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် တပ်မတော်အရာရှိ ဇနီး အိမ်ရှင် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ် မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ယခုနှစ် ဇန်နဝါရီလ၂၃ ရက်တွင် စွဲချက်တင်ထားခြင်း ဖြစ်သည်။
ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ် အထိ အလုပ်ကြမ်း နှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှုတွင် တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက်သေ ၉ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် တရားခံပြ သက်သေ အဖြစ် ၁၈ ဦး တင်သွင်းထားကြောင်း သိရ သည်။
You May Also Like These Stories:
မကရင်မ လှေကားပေါ်က ပြုတ်ကျ ဒဏ်ရာရခြင်း ဖြစ်ကြောင်း သံသယ တရားခံ ထွက်ဆို
အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ
အိမ်အကူ မကရင်မ သေဆုံးမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို စတင် စစ်ဆေး