ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း မူလတန်းပြ ကျောင်းဆရာ ၁ ဦးမှာ သြဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ခန့်က ကျောင်းသို့ လာစဉ် တပ်မတော်သားများထံ ဖမ်းဆီးခံလိုက်ရကြောင်း သတင်း ရရှိသည်။
အဆိုပါ မူလတန်း ကျောင်းဆရာမှာ အသက် ၂၇ နှစ်အရွယ် ကိုနေဇော်လင်း ဖြစ်ပြီး သရက်ပြင် ကျေးရွာမှ ကျောင်းသို့ စာသင်ကြားရန် အတွက် စာသင်ကျောင်းရှိရာ ကြာညိုပြင် ကျေးရွာသို့ လာရောက်စဉ် စိုင်းဒင် ချောင်းတံတား အရောက် တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဝင်းက အတည်ပြု ပြောသည်။
လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဝင်းက “ ဖြစ်စဉ်က မနေ့က မနက်ပိုင်း ၉ နာရီ အချိန်လောက်မှာ သရက်ပြင်ရွာကနေ ကြာညိုပြင်ရွာကို ကျောင်းစာပြဖို့ လာတဲ့အခါ စိုင်းဒင် ချောင်းတံတားပေါ်မှာ အဖမ်းခံရတာ။ မနေ့က ကျနော်တို့က အဲဒီ တံတားမှာ တာဝန်ကျနေတဲ့ တပ်က လူတွေနဲ့ သွားတွေ့တော့ ဒုတပ်ရင်းမှူးနဲ့တွေ့တယ်။ သူဟာ ကျနော်တို့ ဌာနက ဝန်ထမ်းတယောက် ဖြစ်တယ်ဆိုတာ ပြောပြတယ်။ တပ်ကပြောတာကတော့ သူလာတဲ့ အချိန် ဖုန်းနဲ့ မသင်္ကာဖွယ်ရာ တခု လုပ်တာတွေ့လို့ စစ်ဆေးနေတယ်လို့ ပြောတယ်။ အခု အချိန်ထိတော့ ပြန်မလွတ်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံထားရသည့် မူလတန်းပြ ကျောင်းဆရာ ကိုနေဇော်လင်းသည် ရသေ့တောင်မြို့နယ် မူညှင်း တောင် ကျေးရွာ ဇာတိဖြစ်ပြီး ပညာရေးဌာနတွင် မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင် နေသည်မှာ လုပ်သက် ၃ နှစ်ကျော် ရှိပြီ ဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ချောင်းကျေးရွာတွင် တာဝန်ကျနေရာ ထိုကျေးရွာသားများမှာ စစ်ရှောင်အဖြစ် ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ ဝင်ရောက် ခိုလှုံ နေရသည့်အတွက် ၎င်းနေရာရှိ စစ်ရှောင်ကလေးများအား လာရောက် စာသင် ကြားပေးနေခြင်းဖြစ်ကြောင်း လက်ထောက် မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကြာညိုပြင် ကျောင်းထိုင်ဆရာတော်က “စိုင်းဒင်ချောင်းတံတားရဲ့ ဟိုဘက်ကမ်းက သရက်ပြင်ရွာ၊ ဒီဘက်ကမ်းဆို ကြာညိုပြင် ရှိတယ်။ သူက ကျောင်းစာပြဖို့ စိုင်းဒင်တံတားကနေ လာတဲ့အခါ ဖမ်းသွားတာ။ အခု အခြေအနေက လူလည်း ကြောက်ရ၊ ဘုန်းကြီးတွေလည်း ကြောက်နေရတဲ့ အဲဒီလို အနေအထားဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ပြောသည်။
ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ ကျနော်တို့ ကြားတာကတော့ သူက တံတားကို ဖြတ်လာတဲ့ အခါ ဖုန်းလာလို့ ဖုန်းပြောတယ်လို့ ပြောတယ်။ အဲဒီမှာ မသင်္ကာလို့ ဖမ်းဆီး စစ်နေတယ်လို့ သိရတယ်။ လူတယောက်ကို ဒီလို မသင်္ကာလို့ ဆိုတိုင်း ဖမ်းချင်တိုင်း ဖမ်းလို့ရလား။ ၂၄ နာရီကျော်လွန်ပြီး ချုပ်ချင်တိုင်း ချုပ်လို့ ရသလား။ ပြီးရင် သူက ဝန်ထမ်းတယောက်လည်း ဖြစ်တယ်။ အခုက ဥပဒေက မရှိတော့ဘူး။ လုပ်ချင်တိုင်း လုပ်လို့ ရနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ဖမ်းဆီးခံထားရသည့် ကိုနေဇော်လင်းကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူးက ခရိုင်ပညာရေးမှူးနှင့် ပြည်နယ် ပညာရေးမှူး တို့ထံ တင်ပြထားကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
စစ်တွေ အမြင့်ကျွန်းရွာသား ၂ ဦး ပစ်ခတ်ခံရ၍ ၁ ဦးသေဆုံး
AA ဝါဒဖြန့်မှု နားမယောင်ဘဲ တပ်ထဲရှိ ရခိုင်များ သစ္စာရှိဆဲဟု ဆို