အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်း အခြေစိုက် Flydubai လေကြောင်းလုပ်ငန်းက အရှေ့တောင်အာရှသို့ ၎င်း၏ ကွန်ရက်ချဲ့ထွင်သည့် အနေဖြင့် ထိုင်းနိုင်ငံ ကရာဘီမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့သို့ လေကြောင်းလိုင်းများ ပြေးဆွဲသွားရန် စီစဉ်နေကြောင်း ပြီးခဲ့သည့် ကြာသပတေး နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
နေ့စဉ်ပြေးဆွဲမည့် လေကြောင်းလိုင်းသစ်များကို Emirates လေကြောင်းလိုင်းနှင့် ညှိနှိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာ ၁၀ရက်တွင် ဒူဘိုင်းနိုင်ငံတကာ လေဆိပ် ဂိတ်အမှတ် ၃မှနေ၍ စတင်ပြေးဆွဲမည်ဟု Flydubai လေကြောင်း လုပ်ငန်းက ဆိုသည်။
တိုးချဲ့ပြေးဆွဲမည့် ထိုင်းနိုင်ငံ ကရာဘီနိုင်ငံတကာ လေဆိပ်သည် တောင်ပိုင်းတွင် တည်ရှိပြီး စင်ကာပူ၊ မလေးရှားတို့နှင့် ဒေသချင်းနီးကပ်ကာ ကရာဘီပြည်နယ်၏ ဝင်ပေါက် ထွက်ပေါက်ဖြစ်သည်။
ကရာဘီနိုင်ငံတကာလေဆိပ်သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် တည်ရှိပြီး ကရာဘီပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်ကာ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့် ဒေသချင်း နီးစပ်သည်။
နေ့စဉ်ဝန်ဆောင်မှု စတင်ခြင်းနှင့်အတူ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ခရီးတထောက်နား ဆင်းသက် မည်ဖြစ်ကြောင်း၊ ယင်းသို့ ပျံသန်းပြေးဆွဲမှုသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ မှ ကရာဘီမြို့သို့ ပထမဆုံးဝန်ဆောင်မှုဖြစ်ကြောင်း Flybubai က ပြောသည်။
“ကရာဘီနဲ့ရန်ကုန်ကို လေကြောင်းစတင်ပြေးဆွဲပြီး Flydubai ရဲ့ကွန်ရက်ကို စတင်ချဲ့ထွင်တာကို တွေ့ရတော့မှာ ဖြစ်တဲ့ အတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်။ အရင် ၁၀ နှစ်ကျော်က မလုံလောက်တဲ့ ဈေးကွက်အနေအထားမှာ ချဲ့ထွင် ပြေးဆွဲဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားခဲ့ပါတယ်” ဟု Flydubai၏ အမှုဆောင်အရာရှိချုပ် Ghaith Al Ghaith ကပြောသည်။
Flydubai သည် Emirates နှင့် မိတ်ဖက်အဖြစ် လုပ်ကိုင်လျက် ၂၀၁၇ ခုနှစ်မှစ၍ Codeshare စနစ်ဖြင့် အချိန်ဇယား ညှိနှိုင်း၍ လေကြောင်းကွန်ရက် ပူးပေါင်းပြေးဆွဲခဲ့သည်။
ယခုနှစ်အစောပိုင်းက Flydubai သည် အီတလီနိုင်ငံတွင် ရှိနှင့်ပြီးဖြစ်သော Emirates လေကြောင်း ကွန်ရက်အတွင်းသို့ ဝင်ရောက်၍ နေပယ်ခရီးစဉ် စတင်ပျံသန်းခဲ့သည်။
ထိုင်းနိုင်ငံ၊ ကရာဘီမြို့သည် ကမ်းခြေတွင် အပန်းဖြေလိုသူများနှင့် စွန့်စားသွားလာရခြင်း နှစ်သက်သူ များ အတွက် အားလပ်ရက်ခရီးသွားဦးတည်ရာအဖြစ် လူကြိုက်များသည်။ အလားတူ မြန်မာနိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်သည် ကိုလိုနီခေတ်ဗိသုကာလက်ရာများ၊ စေတီပုထိုး ကိုးကွယ် တည်ထားမှုဓလေ့ထုံးစံများဖြင့် ကျော်ကြားသည်။