ဘူးလက် ဦးလှဆွေအား သာသနာညိုးနွမ်းစေမှုဖြင့် ဦးတိုက်လျှောက်ထား တရားစွဲမှုအား လက်ခံ/မခံ သြဂုတ် လ ၂၁ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျောက်တံတာမြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်သည်။
ရန်ကုန်မြို့တော် ခန်းမရှေ့တွင် သြဂုတ် ၃ ရက်နေ့ပြုလုပ်သည့် တပ်မတော်ထိပ်တန်း အရာရှိများအား အမေရိ ကန်နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်းအပေါ် ကန့်ကွက်ပွဲတွင် ဦးလှဆွေ(ဘူးလက်) က “ဘာသာကြီးလေးမျိုးမှာ သုံး မျိုးကတော့ သူတို့စော်ကားချင်တိုင်း စော်ကားလို့ရတယ်၊ မိုဟာမက်ကို ထိရဲလား၊ တော်တော်သတ္တိရှိတဲ့ အမေ ရိကန်ပဲ၊ လုပ်ကြည့်ပါလား လေယာဉ်ပျံနဲ့ ဗုံးခွဲပစ်မယ် မိုဟာမက်က” ဟု ပြောခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ပြောကြားမှုနှင့်ပတ်သက်ပြီး ဘူးလက်ဦးလှဆွေ သာသနာညိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တဦးဖြစ်သူ ဦးစန်းအောင်က ယနေ့ ဦးတိုက်လျှောက်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တရားလို ဦးစန်းအောင်က “တရားဥပဒေစိုးမိုးရေးကို ယုံကြည်လို့ လာခဲ့တာပါ ၊အမှုကို တရားရုံးက အကောင်း ဆုံး၊ အမှန်ကန်ဆုံး၊ အဂတိကင်းစွာ ဆုံးဖြတ်ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
တိုင်းကြားချက်နှင့် ပတ်သက်ပြီး မှန်ကန်မှုရှိမရှိအား ရဲတပ်ဖွဲ့အနေဖြင့် စုံးစမ်းစစ်ဆေးရန်လည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ တရားသူကြီးက ညွန်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားခံရမှုအပေါ် ဘူးလက် ဦးလှဆွေက “အမေရိကန်သံရုံးက ဗုဒ္ဓနဲ့ပတ်သက်တဲ့ ပါဖောမန့်လုပ်တုန်းက တရားစွဲတော့ တရားရုံး က လက်မခံဘူး၊ အခု မွတ်စလင်တွေက တရားစွဲတာကျတော့ တရားရုံးက လက်ခံမယ် ဆိုရင် ဘာကြောင့်လဲဆိုတာ တရားရုံးကိုမေးရမှာပါ၊ တရားရုံး ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ရမှာပေါ့၊ ကိစ္စတော့ မရှိပါဘူး” ဟု ဧရာဝတီသို့ ယမန်နေ့က ပြောထားသည်။
လူတစား ကိုးကွယ်သည့် ဘာသာအပေါ် မသမာသည့်အကြံဖြင့် စော်ကားမှု ပုဒ်မ ၂၉၅ (က) တွင် ပြစ်မှုထင်ရှား ပါက ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားသည်။
You May Also Like This Story:
ဘူးလက် ဦးလှဆွေ အား သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲမည်