ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၂ ရွာ၌ ဇူလိုင်နောက်ဆုံးအပတ်မှ သြဂုတ်လ ပထမအပတ်အတွင်း အိမ်မွေးဝက်ကောင်ရေ ၂ ထောင်ခန့် ဖျားနာသေဆုံးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က “ကျနော်တို့ အဲဒီနေ့က သွားခဲ့တာ ရွာပေါင်း ၁၂ရွာသွားတာ။ အဲဒီမှာ ဝက်သေနှုန်းက ရွာသူရွာသားတွေ ပြော စကားက ၄ ထောင်ရှိတာပေါ့။ ကျနော်တို့က ပြန်ပြီး ပျှမ်းမျှပြန်တွက်တော့ ၂ ထောင်လောက်သေတာဗျ။ တာချီ လိတ်ခရိုင်အတွင်းမှာဖြစ်တာ မိုင်းဟဲနဲ့မိုင်းဖြတ်ဒေသတွေမှာ အများဆုံး ဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောကြားသည်။
ဝက်များ အစုလိုက်အပြုံလိုက်သေဆုံးသည့် သတင်းကြောင့် ဦးခင်မောင်တင့် အပါအဝင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လ ၅ ရက်နေ့ကလည်း ဝမ်လုံးကျေးရွာအုပ်စုနှင့် မိုင်းဟဲကျေးရွာ အုပ်စုကြားရှိ လွယ်ဆုံချောင်းတွင် သေဆုံးနေသည့် ဝက် ၁၀ ကောင်ကျော် မျောလာသဖြင့် ကျေးရွာလူကြီးများ အပါအဝင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့က ဆယ်ယူပြီး ပိုးသတ်ဆေးဖျန်း မြေမြုပ်လိုက်သည်ဟု သိရသည်။
မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်စိုးက “အရင်ကတော့ ဝက်တွေသေတာဖြစ်ဖူးပါတယ်။ ဒီလောက်တော့ မများဘူး။ ကျနော် တို့က ဘယ်လိုပဲ ဖြစ်နေနေ အနံအသက် အရ ရောဂါမဟုတ်ရင်တောင် ချောင်းထဲမှာ မမျောသင့်တဲ့ ကိစ္စဖြစ်တယ်။ အကယ်၍သာ ရောဂါဖြစ်နိုင်တဲ့ ကိစ္စဆိုရင် ရောဂါပိုးအလွယ်တကူ ပျံနှံ့နိုင်တယ်” ဟု ပြောသည်။
အဆိုပါကျေးရွာများရှိ ရွာသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကြသည့် ကျေးရွာများဖြစ် သော်လည်း ဝက်ခြံများဖြင့် စနစ်တကျမွေးမြူခြင်းမရှိဘဲ လွှတ်ထားသဖြင့် ဝက်များက အနာရောဂါများ ဖြစ်ကာ သေဆုံးရခြင်းဖြစ်သည်ဟု ဝမ်လုံးကျေးရွာတွင် နေထိုင်သည့် ဦးစိုင်းခမ်းက ဆိုသည်။
မြို့ခံ တချို့ကလည်း တိတ်တဆိတ်မွေးထားသည့် မွေးမြူရေးခြံမှ ဝက်များဖြစ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများဘက်မှ တရားဝင် ထုတ်ပြန်အသိပေးမှု ကိုလည်း စောင့်ဆိုင်းနေကြသည်။
ထိုဝက်သေများသည် အစုလိုက် အပုံလိုက် သေဆုံးခြင်းမဟုတ်ဘဲ ချောင်းနံဘေးရှိ ကျေးရွာများမှ မွေးမြူထား သည့် ဝက်များ သေဆုံးသည့်အခါ မြေမြုပ် စွန့်ပစ်ခြင်း မပြုဘဲ လွယ်လင့်တကူ ချောင်းအတွင်းသို့ စည်းကမ်းမဲ့ စွန့်ပစ်ကြခြင်းကြောင့် ဖြစ်ရသည်ဟု သိရသည်။
ထိုကြောင့် ဝက်များသေဆုံးမှုဖြစ်ပေါ်ပါက မည်သည့်အတွက် သေဆုံးခြင်းဖြစ်သည်ကို သိရှိနိုင်ရန် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ပြီး သေဆုံးသည့် ဝက်များအား ပိုးသတ်ဆေးများဖြန်း၍ မြေမြုပ်ကြရန်အတွက်လည်း တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။
တာချီလိတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ထိုကဲ့သို့ ဝက်များသေဆုံးမှုနှင့်ပတ်သက်ပြီး ပြည်သူများ အန္တရာယ်မရှိစေရန် အများပြည်သူစားသည့် အသားများ စစ်ဆေးမှုပြုလုပ်ပေးခြင်းနှင့် သားသတ်ရုံ များကိုလည်း လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေါက်တာ ကျော်ကျော်စိုးက ဆိုသည်။
ဦးစိုင်းခမ်းကလည်း “အသိပညာလုပ်ပေးပေမယ့် တချို့လူတွေက သိရက်နဲ့ပစ်နေတာတွေရှိတယ်။ ကျနော်တို့ အနေနဲ့က သားသတ်လိုင်စင်ရထားသူတွေကိုလည်း သေချာစီစစ်ပေးစေချင်တယ်။အခုဆိုရင် ဒီလိုမျောလာတာ အကောင် ၂၀ လောက်ရှိပြီ” ဟု ပြောသည်။
ဝက်သေဆုံးမှုသတင်းများ ထွက်ပေါ်လာပြီးနောက် တာချီလိတ်မြို့ပေါ်ရှိ ဈေးအတွင်းက ဝက်သားဆိုင်များ တွင်လည်း ရောင်းအား ထိုးကျသွားကြောင်း Tachileik News Agency အယ်ဒီတာ ကိုဇောင်း က ဧရာဝတီသို့ ပြောသည်။
ကိုဇောင်း က “အခုဖြစ်နေတာက ရွာတွေမှာဖြစ်တာ၊ အဲ့ဒီတော့ မြို့မှာနေသူတွေကလည်း စိုးရိမ်ပြီး ဝက်သား မစားရဲကြတော့ ရောင်းတဲ့သူတွေလည်း ရောင်းမကောင်းတာ ၃-၄ ရက်ရှိပြီပြောတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “တာချီလိတ်က ဝက်သားတွေကို ကြောက်ပြီးတချို့က မယ်ဆိုင် (ထိုင်းနိုင်ငံ) က သွားဝယ်လာတာလည်းရှိတယ် တကယ်တော့ ထိုင်းဘက်မှာလည်း ဝက်တွေဖျားနာသေတယ်ဆိုတာကို မသိကြဘူး” ဟု ဆိုသည်။
စားသုံးသူများမှာ ဝက်များ မည်သည့် ရောဂါကြောင့် သေဆုံးပြီး မည်သို့ ကူးစက်တတ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြသေးသော်လည်း အစုလိုက်အပြုံလိုက်သေဆုံးသော သတင်းကြားသိရပြီးနောက် ဝက်သားမစားရဲတော့သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု တာချီလိတ် ဒေသခံ ကိုထွန်း က ပြောသည်။
ကိုထွန်းက “မစားရဲဘူးဗျ။ စားရမှာလည်း စိတ်မလုံဘူး။ သက်ဆိုင်ရာကလည်း အခုအချိန်အထိ ရှင်းရှင်း လင်းလင်း ထုတ်ပြန်ကြေညာပေးတာ မတွေ့ရသေးဘူး။ ဆိုတော့ လူတွေက ကြောက်ကြတာပေါ့ဗျာ။ ကျနော်တို့လည်း ကြောက်တော့ မစားရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကလည်း ဝက်များသေဆုံးမှုနှင့် ပတ်သက်ပြီး မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ် ဆေးများ ထောက်ပံ့ပေးခြင်း၊ ဖျားနာနေသော ဝက်များ၏သွေးကို ဖောက်ယူစစ်ဆေးခြင်း၊ ကာကွယ်ဆေးများ ထိုးပေးခြင်း၊ သေဆုံးဝက်များ၏ အသားများကို ရောင်းချခြင်း၊ စားသုံးခြင်းမပြုကြရန် အသိပညာပေး ဟောပြောမှုများကို ကွင်းဆင်းဆောင်ရွက်နေလျှက်ရှိသည်ဟု သိရသည်။