ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံစော်ဘွား နေထိုင်ခဲ့သော သမိုင်းဝင် ဟော်နန်းမြေနေရာကို ပြန်လည် ရရှိရေးနှင့် ရှေးမူမပျက် ပြန်လည် တည်ဆောက်နိုင်ရေး အတွက် စုပေါင်း ဆန္ဒပြု လက်မှတ်ထိုးကာ နိုင်ငံတော် အစိုးရထံသို့ တင်ပြ တောင်းဆိုသွားမည် ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်က ကျိုင်းတုံမြို့ပေါ်ရှိ ပါလျှဲန်း ဘုန်းတော်ကြီးကျောင်းတွင် နိုင်ငံရေး ပါတီများ၊ ဟော်နန်း မြေ ပြန်လည် ရရှိရေး ကော်မတီများ၊ ရပ်မိရပ်ဖများ စုပေါင်းဆွေးနွေးကာ လူထု ဆန္ဒပြု လက်မှတ် စတင် ကောက်ယူ နေပြီ ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့သည့် ကျိုင်းတုံမြို့ခံ ဦးစိုင်းဆမ်တိပ့်ဆေ က ပြောသည်။
ဟော်နန်း ပြန်လည်ရရှိရေး ကော်မတီတွင် ကျိုင်းတုံစော်ဘွားကြီး၏ မြေး ၃ ဦးလည်း ပါဝင်ခဲ့သလို ယခုဆိုလျှင် ကျိုင်းတုံ ဒေသခံများ အပြင် တခြားသော ရှမ်းလူမျိုးများ၏ ဟော်နန်းမြေ ပြန်ရရေး ဒေသခံ လူထုများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ စုပေါင်း ဆန္ဒပြု လက်မှတ်ထိုးကာ ကောက်ယူသွားမည်ဟု ၎င်းက ဆက်ပြောသည်။
ဦးစိုင်းဆမ်တိပ့်ဆေက“ဒေါ်အောင်ဆန်းစုကြည်တို့ အခု အစိုးရ မဖြစ်ခင်တုန်းက ကျိုင်းတုံကို လာခဲ့တယ်။ အဲဒီ ဟော်နန်း နေရာကိုလည်း ကြည့်တယ်။ ဦးတင်ဦးက မြို့ခံလူထုကို ပြောဖူးတာက သူတို့ ပါတီသာနိုင်မယ် ဆိုရင် ဒီဟော်နန်းကို နဂို ပုံစံအတိုင်း ပြန်ဆောက်ပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲ့ဒါကြောင့် အခု ကျနော်တို့က ဟော်နန်း မြေ ပြန်လည်ရရှိရေးကို စတင်ဆောင်ရွက်နေတာ”ဟု ဆိုသည်။
ကျိုင်းတုံ ဟော်နန်းသည် ရှမ်းလူမျိုးများ၏ အမှတ်သင်္ကေတ တခုထဲတွင် ပါဝင်ခဲ့သော်လည်း ၁၉ဝ၆ ခုနှစ်တွင် တည် ဆောက်ခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပြီးနောက် ရှမ်းစော်ဘွား မိသားစုများ ကို ဖမ်းဆီးခဲ့သည်။
ကျိုင်းတုံစော်ဘွား၏ နောက်ဆုံး မင်းဆက်ဖြစ်သည့် စော်ဘွားကြီး စဝ်စိုင်းလောဝ်သည် အင်းစိန် အကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ်နီးပါး ကျခံခဲ့ရသည်။
ရှမ်းပြည်နယ် ၃၃ မြို့နယ်တွင် ကျိုင်းတုံမြို့သည် အကြီးဆုံး ဖြစ်ပြီး သံလွင်မြစ်တလျှောက် နေရာအများဆုံး ယူထား သော မြို့တခု ဖြစ်ပြီး စစ်အာဏာရှင် လက်ထက် ၁၉၉၁ ခုနှစ်တွင် ကျိုင်းတုံ ဟော်နန်းကို အပြီးတိုင် ဖြိုဖျက်ကာ ဟိုတယ် အဖြစ် တည်ဆောက်ခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါ မြေပေါ်၌ Amazing Kengtong Resort အမည်ဖြင့် ဟိုတယ် ဖွင့်လှစ်ထားသည်။
လူထုရွေးကောက်ပွဲဖြင့် တက်လာသည့် အစိုးရ နောက်ပိုင်း ကိုယ့်လူမျိုး၏ အမှတ်တံဆိပ်၊ ယဉ်ကျေးမှု အမွေအနှစ်ကို တန် ဖိုးထား ထိန်းသိမ်းရန် အတွက် ယခုလို ဟော်နန်းမြေနေရာကို ပြန်လည်ရရှိစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက် ရှိ ကျိုင်းတုံမြို့ပေါ်ရှိ နေအိမ်တချို့တွင် ရှေးယခင် ဟော်နန်း အဆောက်အအုံနှင့် စော်ဘွားကြီးတို့၏ ဓာတ်ပုံများ ကို တလေးတစားဖြင့် ချိတ်ဆွဲထားနေဆဲ ဖြစ်ကြောင်း ကျိုင်းတုံမြို့ရှိ ရိုးရာယဉ်ကျေးမှု အဖွဲ့မှ အဖွဲ့ဝင် စိုင်းလုံလျှန်းက ပြောသည်။
စိုင်းလုံလျှန်းက“အခုခေတ်မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို မြေကြီးထဲမှာ ပျောက်နေတာကိုတောင် ပြန်ရှာနေသေး တာ။ ဒီကိစ္စက လုပ်သင့်တာပေါ့။ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းသင့်တယ်။ အနည်းဆုံး ခရီးသွား ဧည့်သည် တွေ ကို ပြသလို့ ရတာပေါ့။ အခုချိန်က ပြောရေးဆိုခွင့် ရှိလာချိန် ဖြစ်တဲ့အတွက် ကျနော်တို့ ရှမ်းလူမျိုးတွေရဲ့ အမွေ အနှစ် ကို ပြောခွင့်ရှိရမယ်။ ကျနော်တို့ ကျိုင်းတုံမြို့ခံ တခုလုံးကလည်း ဒီကိစ္စအပေါ်မှာ ရာနှုန်းပြည့် လုပ်ချင်နေကြ တယ်”ဟု ဆိုသည်။
သို့ရာတွင် ကျိုင်းတုံမြို့သည် သမိုင်းအစဉ်အလာ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့် “ဝ” လူမျိုးများ၏ ဘိုးဘေးများ စတင် တည်ထောင်ခဲ့သည့် နေရာဖြစ်သည့် အတွက်ဟုဆိုကာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် “ဝ” အထူး ဒေသသို့ နယ်မြေပေးရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။
ရှမ်းစော်ဘွားများက နယ်မြေချဲ့ထွင် စစ်ပွဲဆင်နွှဲချိန်တွင် “ဝ” လူမျိုးများ ရှုံးနိမ့်ခဲ့သည့် အတွက် ထိုဒေသသည် ရှမ်း လူမျိုး များ၏ နယ်မြေထဲ ပါသွားခြင်း ဖြစ်ကြောင်း “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ၏ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးဆမ်ဆောင် ကားက ပြောသည်။
လက်ရှိအချိန်တွင် “ဝ” လူမျိုးများ၏ သမိုင်းကို ပြုစုနေဆဲ ဖြစ်သဖြင့် ထိုဒေသကို “ဝ” လူမျိုး၏ နယ်မြေအဖြစ် ပေးသင့်၊ မပေးသင့်ကို ပြောရန် စောနေသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဦးဆမ်ဆောင်ကားက“ဒီဒေသကို ဝ နယ်အဖြစ် မဟုတ်ဘူး ဆိုတာတော့ ပစ်ပယ်လို့ မရဘူး။ ကျနော်တို့ ဘိုးဘေး တွေ ရဲ့ အရိုးအိုးတွေ၊ အုတ်ဂူတွေ အခုချိန်အထိ ရှိနေသေးတယ်။ ကျနော်တို့ “ဝ” တွေရေးတဲ့ သမိုင်းက တခု၊ ရှမ်းတွေ ရေးတဲ့ သမိုင်းက တခုဖြစ်နေတယ်”ဟု ဆိုသည်။
ထိုကဲ့သို့ ကျိုင်းတုံမြို့ကို “ဝ” လူမျိုးများ၏ နယ်မြေထဲသို့ ထည့်သွင်းမည့်ကိစ္စသည် သမိုင်းပညာရှင်များ အဖြေရှာသင့် သည့် ကိစ္စဖြစ်သည့် အပြင် ရှမ်းလူမျိုးများ၏ သမိုင်းတွင် ခရစ်သက္ကရာဇ် ၁၂၄၃ ခုနှစ် အစောပိုင်း ကာလများသည် ရှမ်း လူမျိုးများတွင်ပင် ထင်ရှားသည့် သမိုင်းမှတ်တမ်းများ မရှိခဲ့ကြောင်း ကျိုင်းတုံမြို့ပေါ်ရှိ အမည်မဖော်လိုသော အရပ်ဘက် အဖွဲ့အစည်းမှ ဦးဆောင်သူ တဦးက မှတ်ချက်ပြုသည်။
“ဝ” လူမျိုးများနှင့် ကျိုင်းတုံမြို့ပေါ်ရှိ လွယ်၊ ခမု၊ ခလ၊ ပလန် စသည့် လူမျိုးစုများသည် အနွယ်တူနေသည့် အနေ အထား များ ရှိနေကြောင်း၊ “ဝ” လူမျိုးများတွင်လည်း တိကျသည့် အထောက်အထား သမိုင်းမှတ်တမ်းများ မရှိနေသေး သည့် အတွက် သမိုင်းပညာရှင်များ အနေဖြင့် တိကျသည့် အဖြေကို လေ့လာ ရှာဖွေသင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
You may also like these stories:
မိုးမိတ်မြို့မှ နှစ်သက်တမ်း ၁၃၀ ကျော်ရှိ တရားစီရင်ရေး ဟော် ထိန်းသိမ်းရန်လို
င်္ဂလိပ် ဂျက်ယူနီယံအလံကို ပထမဆုံးလွှင့်ခွင့်ရခဲ့တဲ့ ရှမ်းပြည်နယ်က စော်ဘွားမြို့