ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
“မုန်တိုင်းကတော့ မဝင်ဘူး။ ဒါပေမယ့် နေရာအနှံ့ မိုးကြီးနိုင်တယ်။ လောလောဆယ်တော့ ကရင်နဲ့ ပဲခူးက တော်တော် ဆိုးတယ်။ အဆိုးဆုံး ဖြစ်နေတယ်။ မြစ်ကြီးနားတို့၊ စစ်ကိုင်းတို့၊ ရခိုင်နဲ့မွန်တို့မှာတော့ ရေပြန်ကျ ပေမယ့် သူတို့လည်း ထပ်လာဦးမှာပဲ။ နောက်ပိုင်းမှာတော့ ပဲခူးနဲ့ ကရင်က ပိုဆိုးလာနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် မုတ်သုံလေ အားကောင်းနေသဖြင့် လာမည့် စက်တင်ဘာလကုန်အထိ ဆက်လက် မိုးကြီးနိုင်ကြောင်း လည်း ဒေါက်တာ ထွန်းလွင်က ပြောကြားထားသည်။
ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဇွန်လကုန်မှစပြီး မိုးရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ အတွင်းသို့ မျောပါ သေဆုံးရသူ စုစုပေါင်း ၃ ဦး ရှိကြောင်း၊ လက်ရှိတွင် ကရင်နှင့်မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးရှိ မြို့နယ် ၉ မြို့နယ် တွင် အိမ်ထောင်စုပေါင်း ၂၄၀၀၊ လူဦးရေ ၁၁၀၇၇ ရေဘေးရှောင် စခန်းများတွင် ခိုလှုံနေရပြီး နိုင်ငံတဝန်း လူဦးရေ ၃၀၀၀၀ နီးပါး ရေဘေးသင့်နေကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
အဆိုပါ ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲထွန်း ကလည်း”ဝန်ကြီးဌာနအနေနဲ့ လက်ရှိ ရေဘေး ဒဏ်ခံနေရသူများ အတွက် လူတဦးလျှင် ငွေ ၂၁၀၀ ကျပ် ထောက်ပံ့ ပေးထားတယ်။ ဘေးအန္တရာယ်ကြောင့် သေဆုံးတဲ့သူတွေ အတွက် လည်း ထောက်ပံ့ကြေး ပေးတယ်။ နောက်ပြီး အိမ်တွေ ပျက်စီး သွားရင်လည်း အိမ်ဆောက်ပစ္စည်း ပေးတာတွေလည်း ပေးတယ်။ ဇူလိုင်ကနေ အခု သြဂုတ်လအထိ ဘေးအန္တရာယ် ဖြစ်ခဲ့တဲ့သူတွေ အတွက် ကျမတို့ဌာနကနေ ထောက်ပံ့နေ တာ ကျပ်သိန်း ၂၂၃၇ ရှိတယ်”ဟု ရှင်းပြသည်။
ရေကြီးရေလျှံမှုများအနက် စိုးရိမ်ရေမှတ်ထက် ၅ ပေခွဲ ကျော်လွန်နေသည့် စစ်တောင်းမြစ်၊ မဒေါက်တွင် အများဆုံးဖြစ်ပြီး ဒုတိယက ဘီးလင်းမြစ်ဖြစ်သည်။ လက်ရှိ ဘီးလင်းမြို့တွင် အခြေခံပညာကျောင်း ၁၅ ကျောင်း ယာယီ ပိတ်ထားရပြီး ရေဘေး ရှောင်စခန်း ၂၈ ခု ဖွင့်လှစ်ထားရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး၏ အဆိုအရ လက်ရှိတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ ဖြစ်သည့် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်နှင့် ဘီလင်းမြစ်များက စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ရေကြီးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံထဲသို့ ဝင်ရောက်မည့် မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မုတ်သုံမိုးအား ကောင်းလျက် ရှိသည်။ မုတ်သုံမိုးကြောင့် ကမ်းရိုးတန်း ဒေသများဖြစ်သည့် ရခိုင်၊ မွန်၊ ကရင်၊ တနသာၤရီနှင့် ချင်းပြည်နယ် များတွင် ရေကြီးမှုများ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းရိုးတန်းဒေသများနှင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် သတိပြု နေထိုင်ကြရန် မိုးဇလက သတိပေးထားသည်။
ဆက်စပ် ဖတ်ရှုရန်
မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၌ ၂ ရက် အတွင်း မြစ်ရေ စိုးရိမ်ရေမှတ် အထိ တက်နိုင်
ရခိုင်မြောက်ပိုင်း ရေကြီးမှု ဒေသခံ ၉ ထောင် ကျော် ရေဘေးသင့်နေ
မြစ်ရေ မြင့်တက်၍ ငပုတော၌ အိမ်ခြေ ၁၆၀ ကျော် နစ်မြုပ်