မိုးသည်းထန်ခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း စသည့် ရာသီဥတု ဆိုးဝါးမှုများကြောင့် ပိတ်သိမ်း ထားခဲ့သည့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ မော်တော်နှင့် သင်္ဘောလိုင်းများ အားလုံးကို ရေကြောင်းတာဝန်ရှိသူများက ယမန်နေ့ နေ့လည် ပိုင်းမှ စတင်၍ ပြန်လည် ပြေးဆွဲ ခွင့်ပြုလိုက်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မော်တော်၊ သင်္ဘောလိုင်းများ အားလုံး ပိတ်ထားသည့် အတွက် ကား လမ်းမပေါက် သည့် ကျေးလက်ဒေသမှ ပြည်သူများ သွားလာရေးနှင့် ကုန်စည် ကူးသန်းရောင်း ဝယ် ရေး အခက်တွေ့ကြကြောင်း၊ သိရှိရသည့် ရာသီဥတုအခြေအနေမှာလည်း ဒေသတချို့တွင် ကောင်းမွန် နေသည့်အတွက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြကာ လိုင်းများအားလုံး ပြန်ဖွင့်ပေး ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီထံက သိရသည်။
“ဒီနေ့ ပင်လယ်ပိုင်းကို စုံစမ်းကြည့်တော့ နေပွင့်တာရယ်၊ ရာသီဥတုက မိုးဖွဲဖွဲလောက်ပဲ ရှိတော့ တိုင်းဒေသကြီး အစိုးရထံ တင်ပြပြီးတော့ လိုင်းတွေ ပြန်ဖွင့်ပေးလိုက်တာပါ။ ရာသီဥတု ကောင်းတဲ့ နေရာ က လိုင်းတွေတော့ ထွက်ပေ့ါ။ ရာသီဥတု မကောင်းရင်တော့ လိုင်းတွေကို လုံး၀ ပေးမထွက်ဖို့ အောက်ခြေကို မှာထားပါတယ်။ ပြီးတော့ ရာသီဥတုအခြေအနေကို ကျနော်တို့ အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေပြီး ဆိုးလာတာနဲ့ လိုင်းတွေ ပြန်ပိတ်တာတွေ လုပ်မှာပါ”ဟု တိုင်းဒေသကြီး၊ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတိုင်းအောင်က ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီးရှိ ကျေးလက်ဒေသတွင် နေထိုင်ကြသည့် ဒေသခံအများစုမှာ ခရီးသွားလာ ရေးနှင့် ကုန်စည် ပို့ဆောင်ရေးအတွက် ရေလမ်းခရီးကို အဓိက အားထား အသုံးပြုကြခြင်း ဖြစ်သည်။ ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာ၊ ငပုတောနှင့် ဟိုင်းကြီးကျွန်းမြို့များမှ ပုသိမ်ဆိပ်ကမ်းသို့ ပြေးဆွဲနေသည့် မော်တော်လိုင်းပေါင်း ၁၆ လိုင်းရှိကာ မော်တော်နှင့် ရှပ်ပြေးသင်္ဘော အစင်းရေပေါင်း ၆၀ ခန့်ရှိ ကြောင်း သိရသည်။
“သင်္ဘောလိုင်းတွေ မထွက်လို့ လူတွေ ဒုက္ခရောက်ကြတာတော့ မှန်တယ်။ ဒါပေမယ့် ဒုက္ခရောက် တာက မရှိ ရှိတာ စားနေ လို့ ရသေးတယ်။ ရေလယ်ခေါင် မော်တော်မြုပ်ရင် ဘာမှ မတတ်နိုင်ဘူး။ ဒီရက်ပိုင်း ရာသီဥတုက သိပ်ပြီး ပြောရတာ မဟုတ်ဘူး။ မနက်ပိုင်း ကောင်းနေပေမယ့် ညနေလောက် ဆို ဆိုးလာတာတွေ ဖြစ်နေတယ်။ ဒီနေ့ဆို လပွတ္တာမှာ မိုးတွေ မဲမှောင်နေတာ။ ဖြစ်နိုင်ရင် ဒီရက်ပိုင်း ကို သင်္ဘောလိုင်းတွေ ပိတ်ထားတာတော့ အများပြည်သူ အတွက် ပိုပြီး အန္တရာယ် ကင်းလိမ့်မယ် ထင်မိတယ်”ဟု လပွတ္တာမြို့ခံ ဦးစိုးသီဟက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ သြဂုတ်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက် အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် မှာ အနောက်မြောက်ဘက်သို့ ရွေ့လျား ကာ ပိုမိုအားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင် ကြောင်း၊ မုန်တိုင်း၏ အမြင့်ဆုံး လေတိုက် နှုန်း မှာ တနာရီ ၄၅ မိုင်နှုန်း ရှိနေကြောင်း သတင်းထုတ် ပြန်ထားသည်။
အဆိုပါ အားကောင်းသော မုန်တိုင်းငယ်မှာ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့၏တောင်၊ အနောက်တောင်ဘက် မိုင် ၄၀ ခန့်နှင့် ဘလာဆောမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်နှင့် အနောက် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသည့် အတွက် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် မြေပြင်၊ ရေပြင် လေမှာ ၁ နာရီလျှင် မိုင်၄၀ မှ ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၅ ပေ အထိ ရှိနိုင်သည့်အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြု ကြပါရန် မိုးလေဝသဌာနမှ သတင်းထုတ်ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရာသီဥတုကြောင့် ပုသိမ်ဆိပ်ကမ်းမှ မော်တော်လိုင်းများအားလုံး ပိတ်သိမ်းထား
ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ