ဘူးလက် ဦးလှဆွေအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ဧရာဝတီသို့ပြောသည်။
ဘူးလက်ဦးလှဆွေအနေဖြင့် နိုင်ငံတော်အကြီးအကဲများအပေါ် ပြစ်တင်ရှုတ်ချပြောဆိုခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုလုပ်ကာ သြဂုတ် ၇ ရက် နေ့က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးမင်းသန့်က “ ဦးလှဆွေ(ဘူးလက်)က သြဂုတ် ၃ ရက်နေ့က မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ ဆောင်ရွက်ချက်များ အပေါ် ရှုတ်ချတဲ့ စကားများနှင့်အတူ နိုင်ငံတော်အကြီးအကဲများအပေါ် သွယ်ဝိုက်ပြစ်တင် ရှုတ်ချပြောဆို ခဲ့သည့်အတွက် အရေးယူပေးဖို့ တိုင်ကြားလာတာပါ” ဟု ပြောသည်။
ဦးတိုက်လျှောက်ထား တိုင်ကြားမှုအပေါ် တရားရုံးက ရာဇဝတ်ကြီးအမှု အမှတ် ၇၆/၂၀၁၉ ဖြင့် အမှုလက်ခံခဲ့ပြီး ဘူးလက်ဦးလှဆွေ နေထိုင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်၊ အမှတ် ၁၀ လိပ်စာဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်သည်။
ဝရမ်းထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး ဘူးလက် ဦးလှဆွေအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းများ စက်ပိတ်ထားသည့်အတွက် ဆက်သွယ်မှု မရပါ။
ဘူးလက် ဦးလှဆွေအနေဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သြဂုတ် ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော် ထိပ်တန်းအရာရှိများ အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုအပေါ် ကန့်ကွက်ပွဲတွင် အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်ပြောဆိုခဲ့သည့်အတွက်လည်း သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က ဖြင့် အရေးယူပေးရန်လည်း ကျောက်တံတားမြို့နယ်တရားရုံးတွင် ယမန်နေ့က ဦးတိုက်လျှောက် တိုင်ကြားခံထားရသည်။
သာသနာညိုးနွမ်းစေမှုဖြင့် တိုင်ကြားတရားစွဲဆိုမှုကို အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးစန်း အောင်က တရားလိုပြုလုပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားစွဲဆိုမှုအား လက်ခံသင့်/မသင့်ကို သြဂုတ် ၂၁ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ဘူးလက် ဦးလှဆွေအား အုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက ထောင် ဒဏ်နှစ် ၂၀ အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တဦးက စွဲဆိုသည့် ပုဒ်မ ၂၉၅-က သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည့်အပြင် ယင်းပုဒ်မ နှစ်ခုလုံးသည် အာ မခံမပေးနိုင်သည့် ပုဒ်မများဖြစ်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဌာန်းထားသည်။
တပ်မတော်အရာရှိ အငြိမ်းစားတဦးဖြစ်သူ ဘူးလက်ဦးလှဆွေသည် ၂၀၁၀ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဝင် အမတ်ဟောင်း တဦးလည်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဘူးလက် ဦးလှဆွေ အား သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲမည်
ဦးအောင်ကို ညစာစားပွဲအစ ပြစ်ဒဏ်ခတ်ခြင်းကဟု ဆို