နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ္ပလန်(NSCN-K) ၏ ယာယီ ဥက္ကဋ္ဌ ဖြစ်သူ ဦးယုံးအောင်ကို တရားဝင် ဥက္ကဋ္ဌ အဖြစ် NSCN-K က အတည်ပြုခန့်အပ်လိုက်ကြောင်း ခန္တီးဆက်ဆံရေးရုံး တာဝန်ခံ ဦးဂျူလိုင်ထောင်းက ဧရာဝတီသို့ ပြော သည်။
NSCN-K အဖွဲ့ အတွင်းရှိ ခေါင်းဆောင် အနည်းစုသည်၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်က အစည်းအဝေးတရပ် ကျင်းပပြီး ဦးယုံးအောင်ကို ယာယီ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ထားခြင်းမှ တရားဝင် ဥက္ကဋ္ဌ အဖြစ် အတည်ပြု ခန့်အပ်လိုက်ကြောင်း အမျိုးသား ဆိုရှယ်လစ်ကောင်စီ / နာဂ ပြည်သူ့သမ္မတ အစိုးရ (National Socialist Council of Nagaland/ Government of the People’s Republic of Nagalang-NSCN/GPRN) က ထုတ်ပြန်ကြေညာခဲ့သည်။
NSCN/GPRN သည် နာဂ လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် NSCN-K က ဖွဲ့စည်းပေးထားသည့် နာဂ အစိုးရအဖွဲ့တရပ် ဖြစ်သည်။
အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်၌ NSCN/GPRN ၏ Yehzaba ဖွဲ့စည်းပုံ အရနှင့် ပါတီဝင်အားလုံး တညီတညွတ်တည်း သ ဘောတူ ထောက်ခံမှု အရ ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌ အဖြစ် ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်မှ စတင်၍ တရားဝင် ထမ်းဆောင်စေရန် တာဝန်ပေးအပ်သည်ဟု ဆိုထားသည်။
ခန္တီးဆက်ဆံရေးရုံး တာဝန်ခံ ဦးဂျူလိုင်ထောင်းက “ကျနော်တို့ အစည်းအဝေးလုပ်ပြီးမှ တရားဝင် အတည်ပြုလိုက်တာပါ။ သြဂုတ် ၅ ရက်မှာ လုပ်တာ။ ၆ လကို ယာယီအနေနဲ့ တာဝန် ထမ်းဆောင်ရတယ်။ ယာယီထမ်းဆောင်တဲ့ အခါမှာ သူ့ရဲ့ တာဝန်ကျေပွန်မှု ရှိတယ်ဆိုရင် ၆ လပြည့်တာနဲ့ တခါတည်း ဥက္ကဋ္ဌ အဖြစ် အတည်ဖြစ်သွားတာပေါ့” ဟု ပြောသည်။
ဦးယုံးအောင်ကို ဥက္ကဋ္ဌ အဖြစ် အတည်ပြု ခန့်အပ်ခြင်းနှင့် တာဝန်ပေးအပ်နိုင်ရေး အတွက် NSCN-K အဖွဲ့အတွင်း အရေး ပေါ် အစည်းအဝေး တရပ် ကျင်းပကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစည်းအဝေးကို မည်သည့် နေရာဒေသတွင် ကျင်း ပခဲ့ကြသည်နှင့် မည်သည့် ရာထူးတာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ပြီး အတည်ပြု ခန့်အပ်ခဲ့သည် ကိုမူ ၎င်းက ပြောကြား ခြင်း မရှိပေ။
အဆိုပါ အစည်းအဝေး၌ ဦးယုံးအောင်အား ဥက္ကဋ္ဌ အဖြစ် တရားဝင် အတည်ပြုရေး ကိစ္စသာ ဆွေးနွေးခဲ့ပြီး တနိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ထိုးရေး မထိုးရေး ကိစ္စများကို ဆွေးနွေးမှု မပြုလုပ်ခဲ့ကြကြောင်း ဦးဂျူ လိုင်ထောင်းက ဆိုသည်။
သို့သော် ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌ အဖြစ် တရားဝင် အတည်ပြု ခန့်အပ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ခန္တီးအကျဉ်း ထောင်တွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး အရေးယူခံထားရသော NSCN-K ထိပ်သီး ခေါင်းဆောင်များ၏ သဘောထား ပါဝင်မှု မရှိသေးကြောင်း သိရသည်။
ထို့ကြောင့် ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌ အဖြစ် အတည်ပြု ခန့်အပ်ခြင်းသည် အဖွဲ့အစည်း အတွင်း အငြင်းပွားစရာ ဖြစ်လာနိုင်ကြောင်း NSCN-K နှင့် နီးစပ်သူ တဦးက ဆိုသည်။
“သူတို့ အတည်ပြုလိုက်တာ ဒီမှာ အဖမ်းခံထားရတဲ့ လူတွေ သဘောထား မပါသေးဘူး။ ဒီဘက်ကို ဘာမှလည်း မမေးဘူး။ ဦးယုံးအောင်ကို ယာယီ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်လိုက်တာက ခန္တီးအကျဉ်းထောင်မှာ အဖမ်းခံထားရတဲ့ ထိပ်သီးခေါင်း ဆောင်တွေက တင်မြှောက်ထားတာ။ သူတို့ မပါဘဲ အခု တရားဝင် ဥက္ကဋ္ဌ အဖြစ် အတည်ပြု ခန့်အပ်တယ်ဆိုတာ မဟုတ် သေးဘူး။ တခုခုမှားနေတယ်” ဟု ၎င်းက ပြောသည်။
ယခင်က NSCN-K ဥက္ကဋ္ဌ အဖြစ် ဦးခမ်းငေါ်က တာဝန်ယူထားရာ လုပ်ငန်း တာဝန် မကျေပွန်ခြင်း အပါအဝင် ဒုဥက္ကဋ္ဌ ခန့် အပ်မှုမရှိခြင်းနှင့် အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်များကို ဥက္ကဋ္ဌကသာ တဦးတည်း အတည်ပြု ဆုံးဖြတ်နေမှုများကြောင့် ဦးကျော်ဝမ်းစိန် ဦးဆောင်သော ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရေး ကော်မတီက ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်၌ ဖြုတ်ချခဲ့ သည်။
ထို့နောက် ဦးယုံးအောင်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်က NSCN-K ၏ ယာယီ ဥက္ကဋ္ဌ အဖြစ် ၆ လ တာဝန်ထမ်း ဆောင်ရန် သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန်က ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဦးဆောင် ကျင်းပ၍ တင်မြှောက်ခဲ့သည်။
ထို့ကြောင့်၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်တွင် ဦးယုံးအောင်ကို NSCN-K ၏ တရားဝင် ဥက္ကဋ္ဌ အဖြစ် အတည်ပြု ခန့်အပ် လိုက်ခြင်းသည် ဖမ်းဆီးခံထားရသော ဦးကျော်ဝမ်းစိန် အပါအဝင် ဝန်ကြီးတချို့သဘောထား မည်သို့ရှိကြောင်း မသိရ သေးပေ။
သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာ ဝန်ကြီး ဦးအန်ကန့်၊ ပြည်ထဲရေးဝန်ကြီး ဦးအောင်မိုင်း၊ ဒုဗိုလ်မှူး ကြီး အောင်စိုင်း၊ ဦးစောထိန်တို့သည် ယခုနှစ် မတ်လက မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်း ဆီး အရေးယူခံခဲ့ရပြီး လက်ရှိ ခန္တီးအကျဉ်းထောင်တွင် ရှိနေသည်။
ထို့နောက် ပညာရေးဝန်ကြီး၊ တရားရေးရာဝန်ကြီးနှင့် တခြားသော ဝန်ကြီးဌာနများမှ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင် ကြသည့် ဦးငိုင့်တွမ်း၊ ဦးမန်လွှမ်း၊ ဦးလောင်စ၊ ဦးထွမ့်၊ ဦးတွန်ထောင်း တို့ကို ပုဒ်မ ၁၇(၁)ဖြင့် အမှု ဖွင့်ထားသော်လည်း တပ်မတော်က အမှုပြန်လည် ရုပ်သိမ်း၍ ပြီးခဲ့သည့် ဧပြီလ ၅ ရက်က ပြန်လွှတ်ပေးခဲ့သည်။
အထက်ပါ ပုဂ္ဂိုလ်များ ဖမ်းဆီးခံခဲ့ရခြင်းကလည်း NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းမှာ အိန္ဒိယကို ဆန့်ကျင်နေသော ကသည်းနှင့် အာသံသူပုန်များကို ခိုအောင်းခွင့်ပေးခြင်းနှင့် စစ်သင်တန်းများပေးအပ်ခြင်း တု့ိ ကြောင့် ပုဒ်မ ၁၇(၁)ဖြင့် ဖမ်း ဆီးခံခဲ့ကြရခြင်း ဖြစ်သည်။
လက်ရှိ NSCN-K ၏ ဗဟိုဌာနချုပ် တကားစခန်းကိုလည်း အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူ ဟာမှူး ဦးဆောင် စစ်ကြောင်းက ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်ကနေ ယနေ့အချိန်ထိ ထိန်းချုပ်ကာ တပ်စွဲထား လိုက် သည်။
အထက်ပါ ခေါင်းဆောင် ၁၀ ဦးအနက် လက်ရှိ ဖမ်းဆီးခံထားရသော ၅ ဦးတွင် ဦးအန်ကန့်သည် NSCN-K ၏ ငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဦးကျော်ဝမ်းစိန်မှာ ဒုအဖွ့ဲ ခေါင်းဆောင်ဖြစ်ကာ၊ ကျန် ၃ ယောက်မှာ အဖွဲ့ဝင် များ ဖြစ်ကြသည်။
အလားတူ ဦးကျော်ဝမ်းစိန်သည် NSCN-K အတွင်း ဥက္ကဋ္ဌ တင်မြှောက်ခြင်းနှင့် ရွေးချယ်ရေး ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ရယူထားသည့် အတွက် သြဂုတ်လ ၅ ရက်က ဦးယုံးအောင်ကို တရားဝင် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်သော အခြေ အနေမှာ အငြင်းပွားစရာ ဖြစ်လာနိုင်ကြောင်း NSCN-K နှင့် နီးစပ်သူတဦးက ဆိုသည်။
NSCN-K ၏ ခန္တီးဆက်ဆံရေးရုံး တာဝန်ခံ ဦးဂျူလိုင်ထောင်းက “ကျနော်တို့မှာ ကျန်တဲ့ ကတ်ဘိနက် အဖွဲ့တွေ ရှိတာကို အဲဒီကျန်တဲ့ ကတ်ဘိနက်အဖွဲ့တွေ အားလုံး ကျနော်တို့ စုစည်းပြီးမှ လုပ်လိုက်တာပေါ့။ ဝန်ကြီးတွေကတော့ ပြောမယ်ဆို ရင်တော့ ကျနော်တို့ အဖွဲ့ထဲမှာ အခု ဖမ်းဆီးခံထားရတဲ့ လူတွေကလွဲလို့ ကျန်တဲ့ ဝန်ကြီး တွေ အားလုံး တက်ရောက်မှု တော့ ရှိပါတယ်။ ကျနော်တို့ အဓိကတော့ ပါတီပိုင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အဓိကထားပြီး ပြုလုပ်ခဲ့တာ ဖြစ်တာ ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ဦးယုံးအောင် အပါအဝင် စစ်ဦးစီးချုပ်၊ ဒု စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး အပါအဝင် NSCN-K ၏ ပါတီ ခေါင်းဆောင်တချို့သည် ယခင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ် တကား ကျေးရွာရှိ NSCN-K ၏ ဗဟိုဌာနချုပ် ထိန်းချုပ်ခံထားရခြင်းကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်မျဉ်း တလျှောက် ရွှေ့ပြောင်း သွားလာ လှုပ်ရှားနေကြလျက် ရှိနေသည်။
ထို့နောက် တပ်မတော်နှင့် အိန္ဒိယ တပ်မတော်တို့ ပူးပေါင်း၍ စစ်ဆင်ရေးများ လုပ်နေခြင်းကြောင့်လည်း NSCN-K ခေါင်း ဆောင်များနှင့် တပ်ဖွဲ့ဝင်များ ထိတွေ့မှု မဖြစ်ပေါ်ရေး အတွက် တိမ်းရှောင်နေကြရကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
NSCN-K နာဂ အဖွဲ့ ဘယ်လမ်း ရွေးမလဲ
အိန္ဒိယ-မြန်မာ နယ်ခြားမျဉ်းပေါ်က နိုင်ငံရေးကျားကွက်များ