မန္တလေးမြို့ လူနေမှုနှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စွန့်ဦးတီထွင် ပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် ၃၄ လမ်းနှင့် ၇၈ လမ်းထောင့်ရှိ MICT Park တတိယထပ်၌ သြဂုတ်လ ၇ ရက်က စတင် ပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲကို မန္တလေးတိုင်း ဒေသကြီး လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း (MRYEA)က ဦးစီး ကျင်းပခြင်း ဖြစ်ကာ Smart City ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မန္တလေးမြို့အား ပိုမိုစည်ပင်သာယာ ဖွံ့ဖြိုးစေရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဟု သိရသည်။
MRYEA မှ ပွဲစီစဉ်သူ ဦးကျော်ညီညီလတ်က “သဘာ၀ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ လူမှု ပတ်ဝန်းကျင် ခေါင်းစဉ်နဲ့ ပြိုင်ပွဲ ပြုလုပ်တာပါ။ ပြိုင်ပွဲလုပ်လို့ ရလာတဲ့ အကျိုးအမြတ်ကို မြို့တော်ဝန် ဆီ အပ်ပြီးတော့ မန္တလေးမြို့အတွက် အသုံး တည့်မယ်ဆိုရင် ဆက်လက် လုပ်ဆောင် စေချင်တာလည်း ပါပါတယ်။ ဝန်ကြီးချုပ်ကို တင်ပြတော့ အရမ်း သဘောကျပြီး အားပေးပါတယ်။ ဒါကြောင့်လည်း ဒီပွဲလေးကို လုပ်ဖြစ်သွားတာပါ” ဟု ပြောသည်။
ယခု ပြိုင်ပွဲတွင် သဘာ၀ ပတ်ဝန်းကျင်ကို အထောက်အကူပြုသည့် ခေါင်းစဉ်များကို ဦးစားပေး ထားပြီး မန္တလေးမြို့ လူနေမှု ဘ၀ တိုးတက်စေရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ကျန်းမာသန်စွမ်းသော မြို့နေလူထုဘ၀ ရရှိရေး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာရေး၊ မြို့နေကလေးသူငယ်များနှင့် လူငယ်များ၏ ပညာရေးကောင်းမွန်စေရေးများ ကို အထောက်အကူ ဖြစ်စေမည့် နည်းပညာ၊ အချက်အလက်များဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရမည်ဟု သိရသည်။
ပြိုင်ပွဲ အမျိုးအစားသည် CSR ပြိုင်ပွဲ ဖြစ်ပြီး ပြိုင်ပွဲကို အဆင့် ၃ ဆင့်နဲ့ ရွေးချယ်သွားမည် ဖြစ်ကာ ပထမဆု ကျပ် ၁၀သိန်း၊ ဒုတိယဆု ကျပ် ၇ သိန်း၊ တတိယဆု ကျပ် ၅ သိန်းနှင့် နှစ်သိမ့်ဆု ၂ ဆု ပေးအပ်သွားမည် ဟု သိရသည်။
အဆိုပါ ပြိုင်ပွဲကို အဖွဲ့ဝင် ၂၂ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအား အဆင့် ၃ ဆင့်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရမည် ဖြစ် ရာ ပထမအဆင့်ကို သြဂုတ်လ ၇ ရက်နေ့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်း၂၂ ဖွဲ့မှ ဆန်ကာတင် ၁၀ ဖွဲ့ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယ အဆင့်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် ပြု လုပ်မည် ဖြစ်ကာ ပထမ အဆင့် ရွေးချယ်ခံရသည့် အဖွဲ့ ၁၀ ဖွဲ့မှ ထပ်မံ၍ ၅ ဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဦးကျော်ညီညီလတ်က “ပြိုင်ပွဲဝင်တွေကလည်း ကိုယ့်မြို့ကိုယ့်ဒေသကို အထောက်အကူပြုချင်တဲ့ ဆန္ဒ ရှိကြတဲ့အတွက် လာရောက် ယှဉ်ပြိုင်ကြ ခြင်းဖြစ်တယ်။ ပြိုင်ပွဲကို အိန္ဒိယဘက်ကအထိ ဝင်ရောက်ဖို့ အတွက် ကမ်းလှမ်းခဲ့တာမျိုး ရှိပြီး ပြိုင်ပွဲဝင်၂၂ ဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အခုပြိုင်ပွဲမှာ PHD ယူထားပြီးတော့ CSR လုပ်ငန်းတွေ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းတွေ ကို လုပ်ကိုင်နေကြသူတွေလည်း ပါလာတာ တွေ့ရပါတယ်” ဟု ပြောသည်။
အဆိုပါ ရွေးချယ်ခဲ့သည့် ၅ ဖွဲ့အား သြဂုတ်လ ၂၄ ရက်၌ မန္တလေးမြို့တော်ခန်းမ ၁ တွင် အများပြည်သူရှေ့၌ ယှဉ်ပြိုင်ကာ ဆုရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာာသာရေးများ ငြိစွန်းခြင်း မရှိစေရန်သာ ကန့်သတ်ထားပြီး အသက်၊ ပညာ အရည် အချင်း ကန့်သတ်ချက်များ မပါရှိဘဲ ၅ ယောက်ထိ ပါဝင်သော အဖွဲ့များဖြင့် လွတ်လပ်စွာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။
စိုက်ပျိုးရေး၊ ဇီဝသက်ရှိ နည်းပညာ၊ အင်ဂျင်နီယာနှင့် လူမှုဖွံ့ဖြိုးရေး နယ်ပယ် ၄ ခုမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် Enzymes & Solution အဖွဲ့မှ ဒေါက်တာ စိုးထွန်းကြည်က “ကျနော်တို့က ဝါသနာရှင်များ အဖွဲ့ပါ။ မန္တလေးသူ၊ မန္တလေး သား တယောက်အနေနဲ့ ကျနော်တို့ရဲ့ပါဝင်ခွင့်လေးကို လမ်းဖွင့်ပေးတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ကျနော်တို့ တတ် ကျွမ်းထားတဲ့ အရာလေးတွေနဲ့ လူမှုရေးပဲ ဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်ပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ အတွေးအခေါ်တွေကို တင်ပြချင်တဲ့ စိတ်နဲ့ ဝင်ပြိုင်တာပါ။ ဝင်ပြိုင်ဖို့ အတွက်လည်း အခွင့်အလမ်း ရှိတာကြောင့်လည်း ပါပါတယ်” ဟု ပြော သည်။
မန္တလေးတိုင်း ဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း အနေဖြင့် ယခင်က စီးပွားရေး အိုင်ဒီယာပြိုင်ပွဲများ ပြုလုပ်ခဲ့ပြီး ယခုအခါ အများနှင့် သက်ဆိုင်သည့် ပြိုင်ပွဲ အဖြစ် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဟု သိရသည်။
Enzymes & Solution အဖွဲ့မှ ဒေါက်တာ စိုးထွန်းကြည်က “ကျနော်တို့ အဖွဲ့ရဲ့ခေါင်းစဉ်ကတော့ Let the Colors Live ပါ၊ အဓိကကတော့ ဆိုးဆေးတွေဟာ ရေထဲကို စွန့်ထုတ်လိုက်တဲ့အခါမှာ ဆိုးဆေး အရောင်ကို ချေဖျက်မယ့် နည်းပညာ တခု ကို ဝင်ပြိုင်တာပါ။ ဆိုးဆေးကို ရေထဲကို မစွန့်ပစ်ခင် အရောင်ချွတ်လိုက်ခြင်းအားဖြင့် ရေနေ သတ္တဝါလေးတွေကို ကာ ကွယ်ပေးနိုင်မယ့် ပညာရပ်ပါ” ဟု ပြောသည်။
အဆိုပါ ပြိုင်ပွဲတွင် ရေဆိုးမြောင်း ပြုလုပ်ခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ကမ်းပိန်း၊ ပလပ်စတစ် ကမ်ပိန်း၊ အမှိုက်ကောက် ခြင်းနှင့် သစ်ပင်စိုက်ခြင်းက အစ သဘာ၀ ပတ်ဝန်းကျင် အတွက် အကျိုးရှိစေမည့် နည်းပညာ၊ အချက်အလက်များကို လည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုထားကြောင်း သိရသည်။
You may also like these stories:
လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ လက်စွဲစာအုပ် ထုတ်ဝေမည်