ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ကြေညာစာတမ်းပါ ဆုံးဖြတ်ချက် ၃ ခု အနက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်သည့် အမျိုးသား အင်အားစု အားလုံး ပါဝင်သော ညီလာခံတရပ် ကျင်းပနိုင်ရေးဆိုသည့် အချက်အား အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဧရာဝတီသို့ ပြောသည်။
ဦးကိုကိုကြီးက”တမျိုးသားလုံး ပါဝင်တဲ့ ညီလာခံ ဆိုတာကတော့ ကျနော်တို့ အကောင်အထည် မဖော်နိုင် သေးဘူး။ သို့သော် လည်း လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များနဲ့ စုဝေးနေတဲ့ နိုင်ငံရေးအခြေအနေ ပြီးတော့ ပင်လုံ ညီလာခံမှာ အားလုံး စုဝေးနေတဲ့ အခြေအနေက အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံ သဘောမျိုး ဆောင်တဲ့ ကြိုးပမ်းမှုတွေ ရှိနေတယ် လို့ ကျနော်တို့ အနေနဲ့ သုံးသပ်ပါတယ်”ဟုလည်း ပြောဆိုသည်။
ယနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံတွင် ကျင်းပသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပါဝင်ကြသူများနှင့် ပြည်သူများ တက်ရာက်ခဲ့ကြသည်။
၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ကြေညာစာတမ်းတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ပြောင်းလဲရေး (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံဥပဒေအား အသစ်ပြန်လည် ရေးဆွဲရေးနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ် ရေးကို ဦးတည်သော အမျိုးသားအင်အားစု အားလုံးပါဝင်သည့် ညီလာခံတရပ် ကျင်းပနိုင်ရေး ဟူသည့် ဆုံးဖြတ်ချက် ၃ ခု ချမှတ်နိုင်ခဲ့သည်။
ယင်းအချက်များထဲမှ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လွှတ်တော်အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး လမ်းကြောင်း နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) မှ ဖြစ်လာသည့် ပြည်ထောင်စု သဘောတူညီချက်များက တဆင့် ကြိုးပမ်းနေသည်ဟု သိရသည်။
ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ဦးကိုကိုကြီးက”ပြီးခဲ့တဲ့ အစိုးရလက်ထက်၊ လွှတ်တော်လက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ ပြည်ထောင်စု ဥပဒေ အမှတ် ၄၅ နဲ့ အခန်း ၂ နဲ့ ၅ အပါ ပြဌာန်းချက် အားလုံး ၅၄ ချက်ကို ကျနော်တို့ ပြင်ဆင်ဖြည့်စွက် ပြဌာန်းခဲ့တာ ရှိပါတယ်။ ဒါတွေ အားလုံးက ငွေရတု အခမ်းအနား ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ နားလည်ပါတယ်”ဟု ပြောပြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး ကလည်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ မပြီးမြောက် သေးသော ရည်မှန်းချက်များအား အကောင်အထည် ဖော်နိုင်ရေး အတွက် လက်ရှိအစိုးရ အပါအဝင် ရှစ်လေးလုံး မျိုးဆက် များ၊ နိုင်ငံရေးမျိုးဆက် အသီးသီးနှင့် တိုင်းရင်းသား အင်အားစုများ၊ အရပ်ဘက် လူမူအဖွဲ့အစည်းများ အားလုံးက မဟာမိတ် မူဝါဒဖြင့် ဟန်ချက်ညီညီ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည်ဟု ပြောဆိုသည်။
ယနေ့ ကျင်းပသည့် ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားတွင်လည်း ရှစ်လေးလုံး ပွဲကျင်းပရေး ကော်မတီက သဘောထားကြေညာချက် ၁ စောင် ထုတ်ပြန်သည်။
ထိုကြေညာချက်တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ ရည်မှန်းချက် အနှစ်သာရ ဖြစ်သော ဒီမိုကရေစီစနစ် ရှင်သန်ရေးနှင့် မျက်မှောက်ကာလ၏ နိုင်ငံရေး လိုအပ်ချက်ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်နေမှုအား အကြွင်းမဲ့ ဖယ်ရှားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ရှိစေရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်ရေး၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားနိုင်ရေး တို့ကို လက်ရှိ အစိုးရ အနေ ဖြင့် တိုင်းရင်းသားများ၊ ပြည်သူများနှင့်အတူ ဦးဆောင်ဖြေရှင်းရန် လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။
ဆက်စပ်ဖတ်ရှုရန်
အတွင်းဝန်ရုံးတွင် ၈၈၈၈ ပြတိုက်အတွက် နေရာမရှိဟု ဆို