တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာလ နောက်ဆုံးထား၍ လက်မှတ်ထိုးရန် အစိုးရက အဆိုပြုထားသော်လည်း နိုင်ငံရေး အာမခံချက် မရှိသေးသည့်အတွက် လက်မှတ် ထိုးရန် အဆင်သင့်မဖြစ်သေးဘူးဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်နှင့် KNPP ဒုဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ NCA ထိုးနိုင်ရေး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် တွေ့ဆုံဆွေးနွေးခဲ့ကြသလို ဇူလိုင်လ ၁၈ ရက်တွင်လည်း တပ်မတော်နှင့်လည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဘက်က စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ NCA ထိုးရန် KNPP ကို အဆိုပြုခဲ့သည်။
KNPP မှ အတွင်းရေးမှူး (၁) ခူပလူးရယ်က “ ကျနော်တို့ NCA ကို ထိုးဖို့ ကြည့်တော့ နည်းနည်း စောနေသေး တယ်၊ တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်လုပ်ရမယ့် အခြေအနေ သဘောမျိုးတော့ ရှိနေသေးတယ်လို့ ကျနော် တို့ အဲလိုမျိုးသုံးသပ်တယ်။ ကျနော်တို့ နိုင်ငံရေး အာမခံချက်တွေ မရှိဘူးဆိုတော့ အစိုးရကမ်းလှမ်းတဲ့ ကာလမှာ ထိုးဖို့ မဖြစ်နိုင်တဲ့ သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကမ်းလှမ်းမှုနှင့် ပတ်သက်ပြီး KNPP ဘက်က အစိုးရနှင့် တပ်မတော်အနေဖြင့် ဤကမ်းလှမ်းမှုနှင့် အတူ တဘက်တွင် လက်မှတ်ရေးထိုးနိုင်သည့် နိုင်ငံရေး အခြေအနေ အခင်းအကျင်းများကို ချမှတ်ဆောင်ရွက်ပေး သင့်ကြောင်းနှင့် ကရင်နီပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် ပြဿနာများကို ပြေလည်အောင် ဖြေရှင်း ပေးရန် လိုအပ်ကြောင်း သြဂုတ်လ ၉ ရက်တွင် ကျရောက်မည့် (၇၁)နှစ်ပြည့် ကရင်နီအမျိုးသား ခုခံ တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာထဲတွင် သဘောထား ဖော်ပြထားသည်။
ထိုသဝဏ်လွှာကို KNPP က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၇ ရက်က ကြိုတင် ထုတ်ပြန်ခဲ့သည်။
KNPP အနေဖြင့် NCA ထိုးနိုင်ရေး အခက်အခဲ ဖြစ်ပွားနေသော အချက်များမှာ ကယားပြည်နယ်အစိုးရနှင့် ကယားလူထုကြား ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး သဘောထား ကွဲလွဲမှု ဖြေရှင်း မရသေးခြင်း အပါအဝင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တဦး တပ်မတော်နှင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားသောကိစ္စ ဖြေရှင်း မရသေးခြင်းနှင့် NCA ထိုးထားသော အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ မပြေလည် ဖြစ်နေခြင်း များကြောင့်ဟု သိရသည်။
ခူပလူးရယ် က “ကျနော်တို့ တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့တွေ ပြန်ပြောပြတာတော့ တနိုင်ငံလုံးကိစ္စက NCA ထိုးပြီးမှသာ ဆွေးနွေး ရမယ့် သဘောလို့ အစိုးရဘက်က ပြောတယ်ဆိုပြီး ပြန်ပြောတယ်၊ ဒါပေမယ့် အခုက NCA ထိုးတဲ့ အဖွဲ့တွေ တောင်မှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မလာဘူး၊ အခု လုံခြုံရေး ကိစ္စ ပိတ်ဆို့နေတယ်၊ ဒါကို ရှေ့မတိုးနိုင်ပဲ ကျနော်တို့ ထိုးမယ်ဆိုရင် ဘယ်လို ဖြစ်မလဲပေါ့” ဟု ပြောသည်။
သို့သော်လည်း NCA ထိုးရေး မထိုးရေး အခြေအနေကို တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးသွားရန်လည်း စီစဉ်ထားကြောင်း၊ အောက်တိုဘာလထဲမှာ အစိုးရနှင့် KNPP ပြန်လည် ဆွေးနွေးရန်လည်း စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
KNPP မှ အတွင်းရေးမှူး (၁) က အားလုံး ပါဝင် လက်မှတ်ထိုးလာစေလိုကြောင်းနှင့် NCA ထိုးနိုင် ရေး ကိစ္စကို ဖိအားပေးသည့် အခြေအနေမျိုးမဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးမှုကနေ ကြိုးပမ်းသင့်ကြောင်းဆို သည်။
အစိုးရနှင့်နီးစပ်သူတဦးက “ သူက အမြဲတမ်း အဲလိုပြောနေတာပဲ၊ KNPP က တဖွဲ့တည်း မထိုးချင်တဲ့ သဘောဖြစ်မယ်၊ သူ တခြား တဖွဲ့လောက်ကို စောင့်နေတာလည်း ဖြစ်နိုင်ပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးရန် ညှိနှိုင်းနေသော လက်နက်ကိုင်အဖွဲ့များအနက် KNPP သည် လက်မှတ်ထိုးလာနိုင် သည့် အနီးစပ်ဆုံး အဖွဲ့ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ဇူလိုင်လ ၉ ရက်က သတင်းမီဒီယာများကို ဖြေထားသည်။
အလားတူ NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များကလည်း KNPP အနေဖြင့် ယခုနှစ်အတွင်း NCA လက်မှတ်ထိုးလာနိုင်သည့် အခြေအနေရှိကြောင်းနှင့် ကျင်းပနိုင်ရေး ကြိုးပမ်းနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးသို့ ပါဝင်လာနိုင်သည်ဟု မျှော်လင့်ထားကြကြောင်း ဆိုကြသည်။
KNPP သည် ၁၉၉၅ ခုနှစ် မတ်လက တပ်မတော် အစိုးရဖြင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း ၃ လ အကြာမှာ ပြန်လည်၍ ပျက်ပြားသွားခဲ့ကြသည်။ ထို့နောက် ၂၀၁၂ ခုနှစ်မှာ တဖန် ပြန်လည် ဆွေးနွေးခဲ့ကြပြီး ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြကာ ယခု တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးနိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။
You may also like these stories:
KNPP အနေဖြင့် လာမည့် ၃လအတွင်း NCA ထိုးဖို့ အစိုးရ အဆိုပြု
UNFC တိုင်းရင်းသား တပ်ပေါင်းစု ရပ်ပြီ
၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို KNU မပါလျှင်ပင် ကျင်းပသွားဖွယ်ရှိ
ငြိမ်းချမ်းရေး၌ အများကြားကောင်းအောင် သဘောတူသည့် အဆင့်ထက် ကျော်လွန်ဖို့ KNPP ပြော