ကုလသမဂ္ဂ (UN) လူ့အခွင့်အရေး ကောင်စီ အချက်အလက် ရှာဖွေရေး မစ်ရှင် အစီရင်ခံစာ၏ သုံးသပ်ချက်များသည် မြန်မာ နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း မြန်မာအစိုးရက တုံ့ပြန် လိုက်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားသော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင် (Fact Finding Mission-FFM)၏ ဆောင်ရွက်ချက်သည် လုပ်ပိုင်ခွင့်ကို ကျော်လွန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများကိုလည်း ချိုးဖောက်နေခြင်း ဖြစ်သဖြင့် အစိုးရအနေဖြင့် ယင်းမစ်ရှင်၏ နောက်ဆုံး ထုတ် အစီအရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း သြဂုတ် ၆ ရက်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန်၍ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
FFM ၏ သြဂုတ် ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် တပ်မတော် ထိပ်သီးခေါင်း ဆောင်များ ပိုင်ဆိုင် ထိန်းချုပ်ထားသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (MEHL) နှင့် မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့၏ လုပ်ငန်းများကိုလည်း အသေးစိတ် အချက်အလက်များ ဖော်ပြထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းသော ဥပဒေ ကျွမ်းကျင်သူ ၃ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ စာမျက်နှာ ၁၁၁ မျက်နှာ ပါရှိသော အစီရင်ခံစာတွင် တပ်မတော်နှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများအား ဒဏ် ခတ် ပိတ်ဆို့ခြင်း၊ လက်နက် မရောင်းချခြင်းနှင့် သုံးစွဲသူ သပိတ်မှောက်ခြင်းများဖြင့် အဆက်အသွယ် ဖြတ်ရန်လည်း တိုက်တွန်း ထားသည်။
ထို့ပြင် MEHL နှင့် MEC တို့က ဆောက်လုပ်ရေးနှင့် ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှ အစ ထုတ်ကုန်လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ ခရီးသွား လုပ်ငန်းနှင့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍမျိုးစုံတို့မှ အနည်းဆုံး အနေနှင့် စီးပွားရေး လုပ်ငန်းပေါင်း ၁၂၀ ကို ပိုင်ဆိုင်ထားကြောင်း၊ ၎င်းတို့၏ လက်ခွဲလုပ်ငန်းပေါင်း အနည်းဆုံး ၂၆ ခုနှင့် အတူ ထို ကုမ္ပဏီ၂ ခု စလုံးက ကချင် နှင့် ရှမ်းပြည်နယ်တို့တွင် ကျောက်စိမ်းနှင့် ပတ္တမြားတူးဖော် ထုတ်ယူရေး လိုင်စင်များ ရယူထားသည် ဆိုသည့် အချက်များလည်း ယင်း အစီအရင်ခံစာတွင် ပါရှိသည်။
ယင်း မစ်ရှင်၏ အစီအရင်ခံစာနှင့် ပတ်သက်ပြီး သုံးသပ်ချက် တချို့သည် ရောထွေးနေသည်ဟု ထင်မြင်ကြောင်း၊ တပ်မတော်၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့ခြင်းထက် ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ၏ လုပ်ငန်းများကိုပါ ထိခိုက်နေသည် ကို တွေ့ရကြောင်း ရခိုင်အရေး စောင့်ကြည့်သူ သုတေသီ ဦးမောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။
ထို့ပြင်နယ်စပ်ခြံစည်းရိုး ခတ်သည့် ကိစ္စကို ကန့်ကွက်ခြင်းသည်လည်း တိမ်းရှောင်သွားသည့် ဒုက္ခသည်များကို ပြန်လက် မခံဘူးဆိုသည့် မူဝါဒမျိုး မဟုတ်ဘဲ၊ နယ်စပ်တွင် သွားလာနေခြင်းကို တားဆီး ပိတ်ပင်ခြင်းသာ ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
မစ်ရှင်၏ အစီရင်ခံစာ၌ စီးပွားရေး ကုမ္ပဏီ ၄၅ ခုက တပ်မတော်ကို ဒေါ်လာ ၁၀ သန်း တန် အလှူငွေများ ပေးအပ်ကြောင်း၊ ပြည်တွင်း ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းစုကြီး၂ ခု ဖြစ်သော ကမ္ဘောဇ နှင့် မက်စ်မြန်မာ တို့ကိုလည်း တပ်မတော်ကို အားပေး ကူညီသူများ အဖြစ် စွပ်စွဲဖော်ပြထားပြီး ရာဇဝတ်ကြောင်းအရ စုံးစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်၊ လိုအပ်ပါက တရား စွဲဆိုရန် အကြံပြုချက်များလည်း ပါဝင်သည်။
အဆိုပါကုမ္ပဏီ ၂ ခုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရန် ငွေကြေး ထောက်ပံ့ ကူညီခဲ့သည်ဟုလည်း ဖော်ပြ ထားသည်။
ထို နယ်စပ် ခြံစည်းရိုး ကာရံခြင်းဖြင့် အိုးအိမ်မဲ့ ရိုဟင်ဂျာ ပြည်သူလူထု (သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်သူများ) အား ၎င်းတို့၏ နေအိမ်နှင့် ဇာတိမြေသို့ ပြန်မလာနိုင်ရန် တားဆီးခြင်းမှ တဆင့် ပူပန်သောက စိတ်ဆင်းရဲမှုများ ခံစားရရန် ပံ့ပိုး ရာ ရောက်သည်ဟုလည်း မစ်ရှင်၏ အစီရင်ခံစာတွင် ပါရှိသည်။
ဦးမောင်မောင်စိုးက“အချက်အလက် ရှာဖွေရေး ကော်မရှင်ရဲ့ သုံးသပ်ချက် အချို့ဟာ ရောထွေးနေတယ်။ သူ့ရဲ့ တိုက်ခိုက် ချက် အချို့ဟာ စစ်တပ်ရဲ့ စီးပွားတင် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးပါ ထိခိုက်နိုင်လောက်အောင် ထိုးနှက် တိုက်ခိုက် တာမျိုး ဖြစ်နေလို့ အချက်အလက် ရှာဖွေရေး အစီအရင်ခံစာဟာ ပြည့်စုံလုံလောက်မှု မရှိဘူး။ ကျနော်တို့ရဲ့ အခြေအနေနဲ့ ကိုက်ညီမှု မရှိဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။
ယင်း အစီအရင်ခံစာသည် ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး (ICC) ရောက်ရေး တွန်းပို့ချင်သည့် သဘောရှိသော်လည်း တပ်မတော်၏ စီးပွားရေး လုပ်ငန်းများအား ပိတ်ဆို့မှုများ ပါဝင်နေခြင်း သည် လမ်းကြောင်းလွဲနေသည်ဟု ထင်မြင်ကြောင်း၊ တပ်မတော်ကို အထီးကျန်ရန် ပြုလုပ်နေသည့် သဘော သက်ရောက် နေ သည်ဟု ထင်မြင်ကြောင်း ရခိုင် အမျိုးသား ပါတီမှ ဦးဖေသန်းကလည်း ပြောဆိုသည်။
ဦးဖေသန်းက“တပ်မတော်ရဲ့ စစ်ရေး အထောက်အကူနဲ့ စီးပွားရေးကို ဖြတ်တောက်တဲ့ သဘော။ တပ်မတော်ကို ထိခိုက် စေချင်တဲ့ သဘောပေါ့။ တပ်မတော်ကို တကမ္ဘာလုံးက ဝိုင်းကျဉ်လာအောင် နိုင်ငံရေး အရ ဖိအားပေးတယ်လို့ မြင်တယ်။ မူလ ရည်ရွယ်ချက်က နည်းနည်း လမ်းကြောင်း ပြောင်းသွားတယ်လို့ မြင်ပါတယ်”ဟုလည်း ပြောသည်။
မြန်မာအစိုးရ၏ ထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေ စိုးမိုးမှုမြှင့်တင်ရေးနှင့် ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည် ထားကြောင်း၊ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများ အတွင်း သဟဇာတ ဖြစ်ရေးကို တည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာဝပြောသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့ကသာ လတ်တလော ဦးစားပေး ရည်မှန်းချက် ဖြစ်ကြောင်း ဖော်ပြသည်။
ထို့ပြင် မြန်မာ့ တပ်မတော်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးနေပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း FFM အစီအရင်ခံစာကို အစိုးရက ပြန်လည်တုံ့ပြန်၍ ထုတ်ပြန်ထားသည်။
You may also like these stories:
ရခိုင် ပြဿနာကြောင့် နယ်မြေဆုံးရှုံးမည့် အရေး စိုးရိမ်နေရဟု ကြံ့ခိုင်ရေး ပြော
၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁
ရခိုင် ဒေသတချို့ ဘင်္ဂလားဒေ့ရှ် လွှဲပေးရေး အမေရိကန် ပြောဆိုမှု ကန့်ကွက်ရန် စဉ်းစားနေဟု ဆို