တနှစ်ကျော်ကြာ ရုံးတင် စစ်ဆေးပြီးနောက် မြန်မာတိုင်းမ် သတင်းစာ ပူးတွဲတည်ထောင်သူ သြစတြေးလျ နိုင်ငံသား ရော့စ်ဒန်ကလေနှင့် IFC နှင့် ကမ္ဘာ့ဘဏ် အကြံပေးဟောင်း ဗြိတိန်နိုင်ငံသား ဂျွန်မက်ကန်ဇိုင်းတို့ကို ရန်ကုန်မြို့ရှိ တရားရုံးတရုံးက မြန်ာမာနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေချိုးဖောက်မှုဖြင့် ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့က ထောင်ဒဏ် ၁၃ နှစ်စီ စီရင်ချက် ချလိုက်သည်။
အဆိုပါနိုင်ငံခြားသား နှစ်ဦးကို မက်သာဖက်တမင်း (သို့မဟုတ်) ICE ၊ ဆေးခြောက်နှင့် ဘိန်းဖြူပမာဏ အများအပြားဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လက ဗဟန်းမြို့နယ်ရှိ ဒန်ကလေ၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။ မြန်မာအမျိုးသမီးငယ် ၅ ဦးနှင့် ဒန်ကလေ၏ အိမ်အကူ၊ ခြံစောင့်တို့ကိုလည်း ဖမ်းဆီးခဲ့ပြီး ရန်ကုန်ရဲက အနောက်ပိုင်းခရိုင် တရားရုံးတွင် စွဲချက်တင်ခဲ့သည်။
နိုင်ငံခြားသားနှစ်ဦးကို ထောင်ဒဏ် ၁၃ နှစ်စီ ချမှတ်ပြီး အမျိုးသမီးငယ် ၅ ဦးကို ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံး သတင်းပြန်ကြားရေး အရာရှိက အတည်ပြုပြောကြားသည်။
ဒန်ကလေ၏ အိမ်အကူနှင့်ခြံစောင့်တို့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် တရားရုံးက ပြန်လွှတ်ပေးခဲ့သည်။ (စွဲချက် တင်ခံရသည့်) အမျိုးသမီး ၅ ဦးတို့မှာ အသက် ၁၉ နှစ်မှ ၂၉ နှစ်အတွင်းရှိ မဟန်နီစိုး၊ မဝင်းဝင်း၊ မဟေမာလွင်၊ မသူဇာနှင့် မနှင်းအိခိုင်တို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ မူးယစ်ဆေးဝါးမှုဖြင့် သံသယရှိသူ အားလုံးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ပုဒ်မ ၂၀ (က)/၂၁ တို့အရ တရားစွဲ တင်ပို့ခဲ့သည်။
၎င်းတို့ ဖမ်းဆီးခံရစဉ်က မဟန်နီစိုးသည် ဒန်ကလေ၏ Girlfriend ဖြစ်ကြောင်း ၎င်းတို့၏ Facebook account များတွင် တင်ထားသည့် ပို့စ်များကို အခြေခံ၍ ဧရာဝတီက သိရှိရသည်။
ဒန်ကလေသည် မြန်မာတိုင်းမ်ဂျာနယ်ကို ၂၀၀၀ ပြည့်နှစ်က စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ခွင့်ပြုချက်ဖြင့် ယခင် စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးချုပ်သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေနှင့် ပူးပေါင်း တည်ထောင်ခဲ့သည်။ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ခဲယဉ်းလှပြီး ကြိုးနီစနစ် ချည်နှောင်ခြင်း ခံခဲ့ရသည်။
စစ်ထောက်လှမ်းရေး ခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ဖမ်းဆီး ထိန်းသိမ်းခံရသူများ အပေါ် ဖိနှိပ် ရက်စက်ခဲ့သဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများအကြားတွင် နာနာဘာ၀ မင်းသားကြီးဟူ၍ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ စစ်ထောက်လှမ်းရေး ခေါင်းဆောင်ကို အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၀၄ ခုနှစ်တွင် ဖယ်ရှားခဲ့ချိန်ဝယ် မြန်မာတိုင်းမ်သည်လည်း မျက်နှာသာပေးခံရမှု ဆုံးရှုံး သွားခဲ့သည်။
နောက်တနှစ်အကြာတွင် ဦးဆန်နီဆွေ (ယခု Frontier Myanmar မဂ္ဂဇင်းပိုင်ရှင်) ကို မြန်မာနိုင်ငံ၏ ဆင်ဆာ တည်းဖြတ်သည့် ဥပဒေချိုးဖောက်မှုဖြင့် ဆယ်စုနှစ်တခုကျော် ပြစ်ဒဏ်ကျခံစေခဲ့သည်။ ယင်းဥပဒေကို ၂၀၁၂ ခုနှစ်က တရားဝင် ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။
နောက်ထပ်ပိုင်ရှင်တဦးက လွှဲပြောင်းယူလိုက်ပြီးနောက် ဒန်ကလေသည် မြန်မာတိုင်းမ်မှ ထွက်ခွာခဲ့ရသည်။ ယခု မြန်မာတိုင်းမ်ကို ပက်စီ ဦးသိန်းထွန်းက ဆက်လက် ထုတ်ဝေလျက်ရှိသည်။ အဆိုပါသတင်းစာသည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစလုံးဖြင့် လက်ရှိ ထုတ်ဝေနေခြင်း ဖြစ်သည်။
ပြည်တွင်း မီဒီယာလုပ်ငန်းတွင် အသစ်တဖန် လုပ်ကိုင်ရန်အတွက် ဒန်ကလေသည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်တွင် Beyond the Box Communications အမည်ရှိ စီမံချက်တရပ်နှင့်အတူ ပြန်လာခဲ့သည်။ Mediaweek ဆောင်းပါး တပုဒ်တွင် ဒန်ကလေက “အဆိုပါအေဂျင်စီတွင် မိမိစုစည်းခဲ့သောအဖွဲ့၌ မိမိ၏ပဉ္စလက် မြန်မာ ပိုင်ရှင်၊ ယခင် ကမ္ဘောဒီယားမှ CTN လုပ်ကိုင်ခဲ့ပြီး Frontier တည်ထောင်သူ Glen Felgate ၏ဇနီး၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးဟောင်း ဦးတင့်ဆွေ၊ မက်ကန်ဇိုင်းတို့ ပါဝင်ကြောင်း” ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်က ဒန်ကလေသည် မြန်မာအမျိုးသမီးတဦးကို ၎င်း၏ အင်းလျားလမ်း နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ထောင်ဒဏ် တလခန့် ချမှတ်ခဲ့ရသည်။ ယင်း ပြစ်ဒဏ်ကျခံပြီးနောက် မကြာမီ ပြန်လွတ်လာခဲ့သည်။
(Moe Myint ၏ Myanmar Times Co-Founder Ross Dunkley Jailed for 13 Years in Drugs Case ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
ရော့စ် ဒန်ကလေပါ ၇ ဦးကို မူးယစ်ပုဒ်မ နှစ်ခုဖြင့် အမှုစွဲတင်
ဩစတြေးလျသား ရော့စ်ဒန်ကလေ မူးယစ်ဆေးဖြင့် အဖမ်းခံရ