သတင်း

ဥပဒေ မပြင်နိုင်သေးသော်လည်း လူ့အခွင့်အရေး ကော်မရှင် သက်တမ်း တိုးသင့်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ပြန်လည် မပြင်ဆင်နိုင်သေးခင် လက်ရှိ သက်တမ်း ကုန်ဆုံး တော့မည့် လူ့အခွင့်အရေး ကော်မရှင်ကို သက်တမ်း တိုးပေးထားသင့်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောဆို သည်။

လက်ရှိ လူ့အခွင့်အရေး ကော်မရှင်၏ သက်တမ်းသည် လာမည့် စက်တင်ဘာလ၂၄ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး ပြန်လည် ပြင်ဆင်မည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထား မှတ်ချက် တောင်းခံနေသည့် အဆင့်တွင်သာ ရှိနေသေးကာ လွှတ်တော်များ၏ ဥပဒေကြမ်း ကော်မတီ လက်ထဲသို့ပင် မရောက်ရှိသေးကြောင်း သိရသည်။

သို့ရာတွင် ဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရန် အချိန်မမီနိုင်ကြောင်း လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများလုပ်ငန်း အဖွဲ့ဝင် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှု ကော်မတီ စည်းရုံးရေး မှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

လူ့အခွင့်အရေး ကော်မရှင်သည် မြန်မာလူထု အတွက် လိုအပ်နေသည့် ကော်မရှင်တရပ်ဖြစ်ပြီး လက်ရှိ ကော်မရှင်၏ လုပ် ဆောင်ချက် တချို့သည် မြန်မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုစားပေးနိုင်သည့် အနေအထားမျိုး ရှိကြောင်း၊ သို့ရာတွင် လက်ရှိ ကော်မရှင် ဥပဒေအရ ကန့်သတ်၊ အားနည်းချက်များ ရှိနေသဖြင့် ဥပဒေကို ပြန်လည် ပြင်ဆင်ပြီးမှသာ ကော်မရှင် အသစ်တခု ဖွဲ့စည်းသင့်သည်ဟု ၎င်းက ဆက်ပြောသည်။

မသဉ္ဇာရွှန်းလဲ့ရည်က“ဥပဒေက နောက်ကျနေမယ့် သဘောမျိုး တွေ့ရတယ်။ အဲဒီတော့ လက်ရှိကော်မရှင် သက်တမ်း ကုန်လို့ အသစ်ဖွဲ့မယ် ဆိုလည်း ဒီဥပဒေအတိုင်း သွားမယ်ဆို ဘာမှမထူးဘူး။ အဲဒါကြောင့် လက်ရှိ ကော်မရှင်မှာ လူ့ အခွင့် အရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်တဲ့ဆီမှာ နစ်နာမှု တချို့၊ အားနည်းချက်တချို့ ရှိနေပေမယ့် ဒီထက်ပိုကောင်းဖို့ ဆိုရင် ဥပဒေ ပြင်ပြီးတော့မှ ကော်မရှင်အသစ် ဖွဲ့စည်းသင့်တယ်”ဟု ဆိုသည်။

အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့မှ စုပေါင်း၍ “လူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက် အဖွဲ့ အစည်းများ လုပ်ငန်းအဖွဲ့” ကို ယခုနှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၅ ရက်မှ ၃ ရက် ကာလအတွင်း ဥပဒေပြု မဏ္ဍိုင် ဖြစ်သည့် လွှတ်တော် ကော်မတီ ၃ ခုနှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ အမျိုးသား လွှတ်တော် နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ကော်မတီ၊ ပြည်သူ့ လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ကော်မတီမှ တာဝန်ရှိသူများနှင့် လူ့ အခွင့်အရေး ဥပဒေပြင်ဆင်ရေးတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ သဘောထားများကို တင်ပြခဲ့သည်ဟု လူ့ အခွင့် အရေး ကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့တွင် ပါဝင်ခဲ့သည့် အသံ အရပ်ဘက် အဖွဲ့အစည်းမှ ကိုဆောင်းခက ပြောသည်။

ထို့ပြင် တိုင်းရင်းသား ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တချို့နှင့်လည်း သီးခြားတွေ့ဆုံကာ ထိုကော်မရှင်ဥပဒေ ပြင်ဆင် ရေးနှင့် ပတ်သက်ပြီး မိမိတို့ အရပ်ဘက်အဖွဲ့အစည်းများ၏သဘောထားများကို ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တွေ့ဆုံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ် အများစုသည် လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြန်လည် ပြင်ဆင်ရန် ဆန္ဒရှိသည့် သဘောမျိုး တွေ့ရှိရပြီး ဥပဒေပြု မဏ္ဍိုင်မှ ဖြစ်နေသည့် အတွက် မိမိတို့တင်ပြခဲ့သည့် အချက်တချို့ကို တခြားသော တည်ဆဲဥပဒေများနှင့် ချိန်ထိုး သုံးသပ်မှုများ တွေ့ရှိခဲ့ရသည်ဟု ကိုဆောင်းခက ဆိုသည်။

ကိုဆောင်းခက“ဒီကော်မရှင် ဥပဒေက ဥပဒေကြမ်း ကော်မတီထဲတောင် မရောက်သေးချိန် ဖြစ်သလို ဥပဒေကြမ်း ကော်မတီဆီ ရောက်ပြီးပေမယ့် အခုချိန်ထိ မလုပ်နိုင်သေးတဲ့ ပြင်ဆင်မယ့် ဥပဒေကြမ်းတွေကလည်း အများကြီး ရှိသေး တယ်။ ဒီကြားထဲ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဘာတို့က ကြားဖြတ် ရောက်လာတာ ရှိသေးတယ်။ သူတို့ ကျန်ရှိတဲ့ လွှတ်တော် သက်တမ်းအတွင်း ဒီကော်မရှင် ဥပဒေကို ပြင်ဆင်ဖို့ ခရီးရောက်ပါ့မလားတောင် စိုးရိမ်နေကြသေးတယ်”ဟု ပြောသည်။

အဓိက လိုအပ်သည်မှာ အစိုးရ၏ လူ့အခွင့်အရေး ကော်မရှင် ဥပဒေနှင့် ကော်မရှင် အဖွဲ့ဝင်များကို ပြုပြင်ပြောင်းလဲလို သည့် စိတ်ဆန္ဒသာ ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် အရေး တကြီး ပြုပြင်ပြောင်းလဲလိုလျှင် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အရေးမကြီးဟု ယူဆထားပါက ဥပဒေပြင်ဆင်ရေးအပိုင်း နှောင့်နှေးကြန့်ကြာနေဦးမည် ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

လက်ရှိ ဥပဒေနှင့် ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များသည် ပြည်သူအများ လေးစား အားကိုးသည့် အဖွဲ့၊ နိုင်ငံတကာမှ အသိအမှတ်ပြုသည့် အဆင့်ထိ မရောက်သေးခြင်းက ဥပဒေ အားနည်းချက်ကလည်း များစွာ သက်ဆိုင် နေသည်ဟု ၎င်းက ဆိုသည်။

ဦးဘိုကြည်က“တကယ်ပြုပြင် ပြောင်းလဲချင်တဲ့ ဆန္ဒရှိမယ် ဆိုရင် အစိုးရ၊ လွှတ်တော်နဲ့ ကျနော်တို့ အရပ်ဘက်အဖွဲ့ အစည်းတွေ ပေါင်းပြီး အမြန်ဆုံး လုပ်လို့ ရပါတယ်။ နောက်ပြီး အလုံးစုံ မဟုတ်တာတောင်မှ အနည်းဆုံး ကော်မရှင် အဖွဲ့ ဝင်တွေကို စိစစ်ရွေးချယ်တဲ့ အဖွဲ့ကို အရင်ပြင်တာမျိုး၊ ကော်မရှင် အဖွဲ့ဝင်တွေရဲ့လုပ်ပိုင်ခွင့်တွေကို အရင်ပြင်တာ မျိုး လုပ်လို့ ရပါတယ်။ လုပ်ချင် မလုပ်ချင်ကတော့ အစိုးရရဲ့ စိတ်ဆန္ဒအပေါ် မူတည်ပါတယ်”ဟုလည်း ပြောဆိုသည်။

ဆက်စပ် ဖတ်ရှုရန်

UN အချက်အလက် ရှာဖွေရေး မစ်ရှင် အစီအရင်ခံစာ နိုင်ငံ့အကျိုးစီးပွား ပျက်ပြားရန် ရည်ရွယ်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading