ထိုင်းထီ ဘတ် ၁၂ သန်း ပေါက်ပြီး အပေါင်းအသင်း မိတ်ဆွေများအား မက်သာဖက်တမင်း ဆေးပြားများ အခမဲ့သုံးစွဲရန် ဖိတ်ခေါ်ခဲ့သည့် အသက် ၃၈ နှစ်ရှိ ယွဒ် ဝေါင်သနွမ် ဆိုသူ အမျိုးသား တဦးကို ရဲက ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းကဆိုသည်
ယွဒ် ဝေါင်သနွမ်သည် ယမန်နှစ် ဇူလိုင်လ ၁၆ ရက်က ထိုင်းထီ ပထမဆု ဘတ်ငွေ ၁၂ သန်းရရှိခဲ့ပြီး၊ သူသည် လာရောက် လည်ပတ်သူများကို မက်သာဖက်တမင်း ဆေးပြားများ ပုံမှန်ဝေငှနေကြောင်း သတင်းရသဖြင့် ၎င်းနေထိုင်ရာ ဆမွတ်ဆခွန်ပြည်နယ် ဘန်ပေါင်မြို့နယ်ရှိ နေအိမ်တွင် ရဲက ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။
နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းဝရမ်းဖြင့် ၎င်းနေအိမ်အတွင်း ရှာဖွေစစ်ဆေးခဲ့ရာ အိမ်အနောက်ရှိ သရက်ပင်အနီး မြှုပ်နှံထား သော ဆေးပြား ၃၁ ပြားပါ ပလတ်စတစ်အိတ်တလုံးကို တွေ့ရှိခဲ့သည်။
သူသည် ယခင်က ဟင်းသီးဟင်းရွက်များ ရောင်းချ၍ အသက်မွေးခဲ့ကြောင်း ယွဒ် ဝေါင်သနွမ် က ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ သည်။ ထိုင်းထီ ပထမဆု ဘတ်ငွေ ၁၂ သန်းရရှိခဲ့ပြီးနောက် သူ၏ ဘဝသည် ရုတ်တရက် တိုးတက်ပြောင်းလဲသွားခဲ့သည်။
ဘတ် ၇ သန်းဖြင့် ၄ ရိုင်ရှိသည့် မြေကွက်ဝယ်ယူခဲ့ပြီး အိမ်သစ်ကို ဘတ်ငွေ ၃ဒသမ၅ သန်းဖြင့် ဆောက်ပြီးနောက် ၎င်းထံ နေ့စဉ်ပုံမှန် လာရောက်လည်ပတ်ရန် မိတ်ဆွေအပေါင်းအသင်းများကို ကမ်းလှမ်းဖိတ်ခေါ်ခဲ့ကြောင်း ထိုင်းမီဒီယာက ရေးသားသည်။
သူသည် မက်သာဖက်တမင်း ဆေးစွဲနေသဖြင့် မိတ်ဆွေများကိုလည်း လုံလုံလောက်လောက် အခမဲ့ဝေငှရန် ဝယ်ယူစေခိုင်း ခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရုတ် ရပ်ဝန်းတခု လမ်းတခုနှင့် မြန်မာ့ မက်သာဖက်တမင်း
ဘတ်ငွေ သန်း ၁၇၀ ဖိုးရှိ မက်သာဖက်တမင်းများကို ထိုင်းရဲက ဖမ်းဆီးရမိ
မက်သာဖက်တမင်းဆေးပြား ၆ သန်းကျော် သယ်လာသူကို ထိုင်းရဲ အသေပစ်ခတ်ဖမ်းဆီး